/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 16, 2013

.

ပြည်ပမှ ဂျီဟတ်နှိုးဆော်ခြင်းကို ပြည်တွင်းအရပ်ဘက် အဖွဲ့ ၅၀ ခန့် ကန့်ကွက်ကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ နှင့်စပ်လျဉ်း၍ ဘာသာပေါင်းစုံ လူငယ်များ နှင့် မြန်မာ့အရေး ဆောင်ရွက်နေသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၅၀နီးပါးက ကန့်ကွက်ကြောင်းနှင့် ပြည်ပဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် နှိုးဆော်ခြင်း ကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို မေလ ၁၄ရက်နေ့က ထုတ်ပြန်ကြေညာသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏အထွတ်အမြတ် ဖြစ်သည့် နိုင်ငံတော် အလံကို မည်သည့် အကြောင်းဖြင့် ဖြစ်စေ နှိမ့်ချစော်ကားသော မည်သည့်အပြုအမူ မဆို လုံးဝဆန့်ကျင် ရှုတ်ချကြောင်း အစ္စလာမ် ကုရ်အာန်ကျမ်းလာ ဂျီဟတ်အမည်ကို အလွဲသုံးစားပြုကာ ပြည်ပမှ အကြမ်းဖက်မှုများ လုပ်ဆောင်ရန် နှိုးဆော်ခြင်းကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် လူငယ်များ အပါအဝင် ဘာသာ ပေါင်းစုံ လူငယ်များအနေနှင့် လုံးဝ(လုံးဝ) လက်မခံကြောင်း ပါရှိသည်။

ယင်းအပြင် ဗုဒ္ဓ၏အဆုံးအမကို ဆန့်ကျင်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်ရန် နှိုးဆော်ခြင်းနှင့် ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံ အတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် မှုများ ပိုမိုဆိုးရွားစေရန် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်သူ များနှင့် အဆိုပါ ပုဂ္ဂိုလ်များ၏ လှုံ့ဆော်သော လှုပ်ရှားမှု မှန်သမျှ ကို လုံးဝဆန့်ကျင် ရှုတ်ချကြောင်း အပါအဝင် အချက်ခုနစ်ချက်ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း များသည် မည်သည့် အကြမ်းဖက်မှုကိုမဆို အကြမ်းဖက် ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူ များကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ အား လေးနက်စွာ တောင်းဆို ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အရပ်ဘက် အဖွဲ့အစည်း ၄၈ ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ သံရုံးများ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ရုံးနှင့် မီဒီယာများကို ပေးပို့ထားကြောင်း ၄င်းတို့ထံမှ သိရသည်။

Credit : http://www.yeyintnge.com/2013/05/blog-post_6556.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။