ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀) နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည်
အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်ဘက်မိုင်(၁၂၀)ခန့်နှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ် တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၃၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့်
မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှ ကမ်းခြေကို ယနေ့မွန်းလွဲပိုင်းတွင် ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာအနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီ လျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့်မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ
မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ
ခန့် မြင့်တက်နိုင်ပါသည်။
ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများ ကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။
မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင် သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြို တင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။