/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 8, 2013

.

ဒီမိုကရေစီရှိ “ပြည်သူလူထု” (“The People” in a Democracy)

ဒီမိုကရေစီအယူအဆအရ ပြည်သူလူထုက အုပ်စိုးမှု ပြုသည် (rule by the people)ဟု ဆိုကြရာ ၌ ပြည်သူလူထု(the People) ဆိုသည်မှာ မည်သူနည်းဟု မေးစရာ ရှိလာပါသည်။ ဒီမိုကရေစီစနစ်သည် သတ်မှတ်ထားသည့် နယ်နမိတ်တစ်ခုအတွင်း တစ်ဦးတစ်ယောက်ချင်းဖြင့် ပေါင်းစုထားသည့် လူအစု အဝေးက (a group of individuals in a defined territory) အစိုးရကို ဖွဲ့စည်း တည်ထောင်ခြင်း ဖြစ်သည်။ သို့သော် မည်သို့သော တစ်ဦးတစ်ယောက်ချင်း သောသူများ (individuals) ကိုဆိုလိုပါသနည်း။ ယင်းမှာ အလွန်အရေးကြီးသည့် မေးခွန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် “ပြည်သူလူထု” ဆိုသည့် စကားရပ် ကို ဖွင့်ဆိုရှင်းလင်းမှု မပြုနိုင်သေးသရွေ့ တရားနည်းလမ်းကျသည့် ဒီမိုကရေစီ (legitimate democracy) ကို ဖော်ဆောင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“ပြည်သူလူထု” ဆိုသည်မှာ တစ်စုတစ်ဝေးတည်း ( a single whole) အဖြစ်ဖြင့် ပေါင်းစည်းရန် လက်ခံထားကြသည့် တစ်ဦးတစ်ယောက် ချင်းလူသားများနှင့် လူအုပ်စုများပင်ဖြစ်သည်။ ၄င်းတို့သည် ၄င်းတို့ကိုယ်တိုင် အတူတကွ ဖန်တီး၍ ကိုင်စွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ် လာသည့် နိုင်ငံတော်၌ အတူနေထိုင်ရန်ရည်ရွယ်ထား သူများ ဖြစ်ကြ သည့်အတွက် “နိုင်ငံရေးအရ စုစည်းထားသည့် လူထု” (politically united people) သို့မဟုတ် “နိုင်ငံရေး သဘောဆောင်သော လူထု” (political people) ပင်ဖြစ်သည်။ ဤတွင် ဖိနှိပ်ချုပ်ခြယ်သော နိုင်ငံတော်တစ်ခု မဟုတ်ဘဲ တရားနည်းလမ်း ကျသည့် နိုင်ငံတော်တစ်ခု ပေါ်ပေါက်လာဖို့ရန်မှာ (to be legitimate and not an agent of oppression) ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်၏ အောက်တွင် နေထိုင်ကြသူတို့၏ လွတ်လပ်သော အများညီဆန္ဒ သဘောထား (free consent) မှာ အလွန်အရေးကြီးသည်ကို နားလည်ထားရန်လိုပါသည်။ တစ်ဦးတစ်ယောက်ချင်း လူသားများနှင့် လူအုပ်စုများ (individuals and groups) သည် တစ်ခုသော ပထ၀ီဒေသ၌ အတူတကွ နေထိုင်ကြရုံသက်သက်ဖြင့် “နိုင်ငံရေးသဘောဆောင်သော လူထု” (political people) ဖြစ်မလာပေ။ “နိုင်ငံရေးသဘော ဆောင်သော လူထု” ဖြစ်လာရန်မှာ ၄င်းတို့အနေဖြင့် တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံ တည်ထောင်ရန်အတွက် သာတူညီမျှမှု အခြေခံအားဖြင့် အပြန်အလှန်သဘောတူညီမှုထားရှိနိုင်ရန် (mutually consent) လိုအပ်ပေသည်။

ထိုသို့ “နိုင်ငံရေး သဘောဆောင်သော လူထု” (political people) အဖြစ် ပေါင်းစည်းကြနိုင်ရန်မှာ တစ်ခုသော နယ်ပယ်ဒေသအတွင်းနေထိုင်ကြသူတို့သည် အများဆိုင်ဘ၀ (common life) တစ်ခု ဖော်ဆောင်ရာ၌ လိုအပ်သည့် “အပြန်အလှန် လက်ခံ သဘောထားကြီးမှု” (mutual toleration)ကို အတူတကွ ကိုင်စွဲထားနိုင်ရန်လည်း လိုအပ်ပါသည်။

“တရားနည်းလမ်းကျသောဒီမိုကရေစီ” (democratic legitimacy) ကို ရရှိရန်အတွက် လူနည်းစုများသည် လူအများစုနှင့် အတူ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ပါမည်ဟု လွတ်လပ်စွာ သတောတူညီ နိုင်ရန် (freely consent) လိုပါမည်။ အကယ်၍ လူအများစု မှ ပုဂ္ဂိုလ်များသည် လူအနည်းစုများ၏ ဆန္ဒမပါဘဲ အတင်းသွတ်သွင်း၍ (forcible inclusion) အများဆန္ဒဟူသည့် အခြေခံမူ (the principle of majority rule) ကို အကြောင်းပြကာ နိုင်ငံတော်တစ်ခု တည်ထောင်မှုပြုခြင်းသည် တရားနည်းလမ်းကျမှု မရှိပေ (not legitimate)။

တစ်ဦးတစ်ယောက်ချင်းလူသားများနှင့် အုပ်စုများအားလုံးအနေဖြင့် တစ်ခုတည်းသော နိုင်ငံတော်၌ ပါဝင်ကြမည်ဟု လက်ခံသဘောတူပြီးမှသာလျှင် တရားနည်းလမ်းတကျ အုပ်ချုပ်နိုင်မည်ဖြစ်ပြီး၊ တစ်သီးပုဂ္ဂလလူသားတို့၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းသွားနိုင်မည်ဖြစ် သည်။ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် တည်ထောင်ရန် သဘောတူကြသည့် “ပြည်သူလူထု” ဆိုသည်မှာ လူမျိုးစုအရ၊ ကိုးကွယ်မှု ဘာသာအရ၊ အမျိုးသားရေး သို့မဟုတ် လူမျိုးရေး သမိုင်းနောက်ခံအရ ကွဲပြားခြားနားမှုများ ရှိကောင်းရှိနိုင်ပါသည်။ဘုံ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု (a common constitution) ၏ အောက်တွင် လူမျိုးနှစ်မျိုး သို့မဟုတ် ထိုထက်ပိုသည့် လူမျိုးများမှ ပြည်သူများအနေဖြင့် တစ်ခုသော ဒီမိုကရေစီနိုင်ငံ တည်ထောင်သည်လည်းဖြစ်နိုင်ပါသည်။ ဤတွင် ထိုပြည်သူများသည် နိုင်ငံရေးအရ တစ်ခုတည်းသော သဘောဆောင်သည့် ပြည်သူများ(political people) ဖြစ်သွား သည့်တိုင် တိုင်းရင်းသား လူမျိုးစုများ အဖြစ်ဖြင့် ၄င်းတို့၏ ကိုယ်ပိုင်အမှတ်သရုပ်များ (identities) ကိုမူ ဆက်လက် ထိန်းသိမ်း နိုင်ခွင့်ရှိရမည်ဖြစ်သည်။ ၄င်းတို့သည် ၄င်းတို့၏ လူမျိုးစုဆိုင်ရာ ကိုယ်ပိုင် အမှတ်သရုပ်များကို သီးခြားထိန်းသိမ်းရင်း တစ်ဖက်တွင်လည်း “ဘုံ ပြည်သူ့စရိုက်လက္ခဏာ” (common civic identity)ကို လက်ခံကြရမည်ဖြစ်သည်။

ထို့ကြောင့် အများနှင့်အတူ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်ရာတွင် တိုင်းရင်းသားလူမျိုးစုတိုသည် ၄င်းတို့၏ လူမျိုးစု ကိုယ်ပိုင် လက္ခဏာရပ်များကိုပင် ၄င်းတို့၏ ပြည်သူ့ဘ၀အဖြစ် ဆက်လက်ထိန်းသိမ်း သွားပြီး တစ်ချိန်တည်းတွင် “နိုင်ငံရေးသဘော ဆောင်သော ပြည်သူလူထုကြီး” (political People) ၏ အဖွဲ့ဝင်များအနေဖြင့် ဘုံပြည်သူ့ စရိုက်လက္ခဏာ (common civic identity) ကိုလည်း လက်ခံ ကျင့်သုံးသွားမည်ဖြစ်သည်။ ဥပမာပြရလျှင် ကိုယ်ပိုင်သီးခြား အမှတ်လက္ခဏာများရှိကြသည့် စကော့ တလန်၊ ဝေလ နှင့် အင်္ဂလန် ရှိ ပြည်သူများသည် နိုင်ငံရေး သဘောအရ ဗြိတိသျှပြည်သူလူထုကြီး၏ အစိတ်အပိုင်းများအဖြစ် တည်ရှိနေကြသည် ပုံစံဖြစ်သည်။ သို့သော်လည်း ဥပမာများစွာ၌ တွေ့ရတတ် သည်မှာ ဌာနေတိုင်းရင်းသားများ၊ အချို့သော လူနည်းစု အုပ်စုများ သည် ၄င်းတို့ အနေဖြင့် တကယ်တမ်းနှစ်ခြိုက်မှု မရှိပါဘဲနှင့် ပို၍ ကြီးမားသည့် နိုင်ငံရေး အသိုက်အ၀န်း (larger political community) အတွင်း ပါဝင်ပတ်နေကြရသည် ကိုပင်ဖြစ်သည်။

အခြားသော နိုင်ငံရေး အသိုက်အ၀န်းများနည်းတူပင် ဒီမိုကရေစီတွင်လည်း သူပြဿနာများနှင့်သူ ရှိပါသည်။ ယင်းပြဿနာများစွာအနက် အထက်တွင်တင်ပြခဲ့သည့် လူနည်းစု များအရေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်ကိစ္စမှာ ဒီမိုကရေစီတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်ခဲဆုံး အကြပ်အတည်းပင် ဖြစ်ပါလိမ့်မည်။အမှန်အားဖြင့် ယနေ့ခေတ်သစ်လူ့အဖွဲ့အစည်းမှာ လူမှုရေး ပြိုကွဲမှု (social fragmentation) ၏ ဒဏ်ကို ခံစားနေရသည်ပင်ဖြစ်သည်။ တိုင်းရင်းသားလူနည်းစုများ နှင့် ဘာသာရေးအုပ်စုများမှာ လူအများစု၏ ဖိနှိပ်မှုကို ခံရသောကြောင့်လည်းကောင်း၊ ၄င်းတို့ လက်တွေ့ ရင်ဆိုင်နေရသည့် လူ့အဖွဲ့အစည်း၌ ၄င်းတို့နှင့် ဘုံတူညီမှုများကို ရှာဖွေမတွေ့ရသလောက် သာဖြစ်ခြင်းကြောင့် လည်းကောင်း နိုင်ငံရေးဘ၀အတွင်း၌ လူနည်းစုအဖြစ်ဖြင့် ပါဝင်ပတ်သက်ရန် ဆန္ဒကင်းမဲ့လာကြသည်ကိုတွေ့ရသည်။ ဤသို့ နိုင်ငံရေးသဘောဆောင်သော ပြည်သူလူထုဘ၀ ပြိုကွဲ လာခြင်း(the fragmentation of the political people) ဖြစ်သည့် လူနည်းစုများ၏ ယုံကြည်မှုကင်းမဲ့လာခြင်း၊ ကြီးမားသည့် လူ့အဖွဲ့စည်းထံမှ တဖြေးဖြေး ကင်းကွာလာခြင်း (alienation) တို့မှာ ကြီးမားလှသည့် အရေးကိစ္စတစ်ခုဖြစ်လာပါသည်။

ဤသို့သော အခြေအနေများ၏ ရလဒ်အဖြစ် မြင်သာထင်ရှားသည့် လူမှုရေးပြဿနာ များနှင့် တကွ နိုင်ငံရေးအစွန်းရောက်ဝါဒ၊ လူများစု သဘောမတွေ့သည့် အုပ်စုများကို ဘေးဖယ်ထုတ်ခြင်း၊ လူနည်းစုများ ချွတ်ခြုံကျလာခြင်း၊ ၄င်းနှင့်အတူ တပါတည်းပေါ်ပေါက်လာသည့် ရာဇ၀တ်မှုများ၊ အလွဲ သုံးစားပြုမှုများ၊ အကြမ်းဖက်မှုများ ခေါင်းထောင်ပေါ်ပေါက် လာနိုင်စရာရှိပါသည်။

Ref : Elements of Democracy by Richard Nuccio

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။