ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နေပြည်တော်ခရီးကို အမြန်ကားစီးပြီးသွားခဲ့ရတာက ဆီးဂိမ်း အကြို
ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ဖြစ်ပါတယ် ခင်ဗျ။
စိတ်ကူးထဲမှာတော့ နှစ် ၄၀ ကျော် မှ ကံကြမ္မာမျက်နှာသာပေးပြီး ကျင်းပမယ့် ဆီးဂိမ်းအတွက်
အကြိုပြိုင်ပွဲမှာ ဘာတွေ ထူးထူးခြားခြားတွေ့ရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေသည့် ထင်သာ
ထင် မ၀င်ဘူး ကျောင်းအစ်မရေ့ ဆိုသလို စိတ်ညစ်ညူးစရာ အလွဲတွေနဲ့ချည်း တွေ့ခဲ့ရတာကို
ပြန်ရေးပြပါရစေ။
ပထမအလွဲကတော့ အစီအစဉ် ကြေညာသူတွေနဲ့ အခမ်းအနားကျင်းပရေး တာဝန်ရှိသူတွေ အချိတ်အဆက်မမိတဲ့ ပြဿနာပါ။ နိုင်ငံတော်အကြီးအကဲ ရောက်ရှိပြီး ၁၀ မိနစ် လောက်ကြာ
တော့ အစီအစဉ်ကြေညာသူက နိုင်ငံတော် အကြီးအကဲရောက်ရှိလာရင် အားလုံး မတ်တတ်ထကြ
ပါတဲ့။
အဲဒီလိုလည်း ကြေညာပြီးရော စည်တော်ကြီးက တီးခတ်ပါလေရော။ ရောက်လို့ နေရာမှာ ထိုင်နေ
ပြီဖြစ်တဲ့ နိုင်ငံတော် ဒုတိယသမ္မတမှာ အပြင်ပြန်ထွက်ပြီး ပြန်ဝင်ရမလိုလိုတွေ ဖြစ်ကုန်ပါတယ်။
ထားပါတော့၊ နောက်ဆုံးမတော့ နိုင်ငံတော်အကြီးအကဲကလည်း သူ့နေရာမှာ မတ်တတ်ရပ်ပြ၊ အားလုံးကလည်း မတ်တတ်ရပ်ပြနဲ့ ပြီးသွားပါတယ်။
အကယ်၍သာ နိုင်ငံတော် ဒုတိယသမ္မတက မတ်တတ်ရပ်မပြခဲ့ရင် စည်တော်ကြီးကတော့ မနား တမ်း တီးနေမယ့်သဘောပါခင်ဗျ။
ဒုတိယကြေညာတာကတော့ အခမ်းအနားအစီအစဉ်ပါပဲ။ အစီအစဉ်က ၁၉ ခုတောင် ရှိပါတယ်။ အချိန်အားဖြင့် ၂ နာရီ ၄၄ မိနစ်ပါ။
ဒါပေသည့်ပေါ့ ခင်ဗျာ၊ တကယ်တမ်းကျင်းပလိုက်တာ လေးနာရီကျော် ကြာသွားပါတယ်။ ရှေ့ အစီအစဉ်တွေကတော့ ထုံးစံအတိုင်း အခမ်းအနားဖွင့်လှစ်တာ ကြေညာတာတို့၊ မိန့်ခွန်းခြွေတာတို့ ဘာညာသာရကာ တွေပါ။
အဲဒါတွေလည်းပြီးရော ပင်မ မီးရှူးတိုင်ကို မြားပစ်မီးထွန်းတဲ့ အစီအစဉ် စပါတယ်။ အိုလံပစ်အလံနဲ့ မြားကို သယ်လာတဲ့ ဘိုးတော်ကြီးက အသက်လည်း ရနေပြီဆိုတော့ သူ့မှာအလံရော မြားရော မနိုင်မနင်း သယ်လာ ရတယ်။
ပြီးတော့ မြားကို အသင့်စောင့်နေတဲ့ လက်ရွေးစင် မြားပစ်မယ်လေး လက်ထဲထည့်၊ ကလေးမ က မြားကို လွယ်ပြီး ပစ်ဖို့ ဘာလုပ်တယ်ထင်လဲ။ လှေကားကြီးနဲ့ စင်ပေါ်ကို တက်ရသဗျ။
ဟိုတယ်တွေမှာ မော်ဒယ်လေးတွေတောင် lift နဲ့ တက်တာတွေ မြင်ဖူးနေတဲ့ မာဂျေ့အ တွက် တော့ အော် နိုင်ငံတကာကိုပြမယ့်ပွဲက ဒီလို လှေကားနဲ့တက်ပါသလားဆိုပြီး အံ့ဩမိပါတယ်။
အဲဒါတွေပြီးတော့ ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်အစီအစဉ်တဲ့။ ဘာတွေများ မြင်ရမလဲတွေးပြီး ကြည့် လိုက်တော့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က အရှေ့ ဥရောပ အားကစားပွဲတွေမှာ ခေတ်စားခဲ့တဲ့ mass sport လို့ခေါ်တဲ့ လူ ၁၀၀ ကျော် ကွင်းထဲဝင်လာပြီး အင်ဒီးယန်း ကလပ်လို့ခေါ်တဲ့ သစ်သား လက်ကိုင်ကို ဘယ်မြှောက် ညာမြှောက်လုပ်တဲ့ အကွက်ကြီး။ ဥရောပမှာ ကွန်မြူနစ်တွေ တန်ခိုး ထွားချိန်က ပြသခဲ့တဲ့ အကွက်မျိုးပေါ့။
လူတွေအများကြီး ကွင်းထဲဝင်၊ မျက်နှာ သေကြီးတွေနဲ့ တီးလုံးအတိုင်း ကိုယ်လက်လှုပ်ရှားတာ လေ။ အရှေ့ဂျာမနီက ပြကွက်တွေပေါ့ဗျာ။ ခေတ်ပြောင်းသွားပြီဆိုတာ မသိတာလား၊ ကျင်းပရေး ကော်မတီမှာ ၀န်ကြီး တွေပဲ ထည့်ထားလို့ သူတို့ခေတ်က သူတို့ မြင်ဖူးတာကိုပဲ ပြတာလားတော့ မသိ ပေဘူး။
မြေးတွေလုပ်ရမယ့်အလုပ်ကို အဘိုးတွေဝင်လုပ်နေတော့ သူတို့ ခေါင်းထဲစွဲနေတဲ့အမြင်ပဲ ထွက်လာ မှာလေ။ ခေတ်ကြီးက အားကစားရယ်၊ အနုပညာရယ်၊ အင်တာတိန်းမန့်လို့ခေါ် တဲ့ ဖျော်ဖြေရေး ရယ် ရောစပ်ပြီး လုပ်နေကြတာကို မသိတာထင်တယ်။
ကြည့်ရင်း ကြည့်ရင်းနဲ့ အစီအစဉ်တွေက အိုင်ထွန်း နေတယ်။ ထိုင်ရတာလည်း တင်ပါးတွေနာလာ တယ်။ ခဏနေတော့ အဆိုတော် တွေရဲ့ ဖျော်ဖြေခန်း ရောက်လာပါလေ ရော။ နိုင်ငံတော်အဆင့် အခမ်းအနားမှာ ဂျင်းဘောင်းဘီတိုကို ပိတ်စပတ်၊ ပေါင်တစ်ခြမ်းဖော်ပြီးထွက်လာတဲ့ အဆိုတော်က ရှိသေးတယ်။
အမေရိကန် အော်စကာ အကယ်ဒမီ ပေးပွဲမှာတောင် သရုပ်ဆောင်တွေ လုံလုံ ခြုံခြုံဝတ်စားဖို့ ကြိုတင် သတိပေးချက်ထုတ်တာကို သွားသတိရသေးတယ်။
အခု ဒီမှာတော့ အဆိုတော်တွေကို ဘယ်လိုဝတ် ဘယ်လိုစားဆိုပြီး တာဝန်ရှိ သူတွေက မပြောရဲ ကြဘူးထင်တယ်။ ခေတ်ကိုက အားလုံးကိုကြောက်နေရတဲ့ ခေတ်လေ။ တော်ကြာ စိတ်ကောက်ပြီး လာမဆိုဘူးဆိုရင် ပြဿနာက ရှိတာကိုးဗျ။
ခြုံပြီးပြောရရင် ဆီးဂိမ်းဖွင့်ပွဲဆိုတာက တစ်ကမ္ဘာလုံးက မြန်မာဆိုတာ ဘာလဲဆိုတာ နိုင်ငံတကာ က စောင့်ကြည့်မယ့် ပွဲပါ။ သိတဲ့အတိုင်း ဒီအချိန်မှာ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြ တာ။
အဲဒီပွဲမှာ ခုနလို မကိုးမကားတွေသာ ပြလိုက်လို့ကတော့ အလကားနိုင်ငံပါကွာ ဖြစ်သွားမယ်။ ဆီးဂိမ်း အတွက် နိုင်ငံတော်ကလည်း ငွေအလုံအလောက်လျာထားပြီးသား။ ဒီငွေတွေကို အကျိုးရှိရှိ အသုံးချစေ ချင်တယ်။
ဆီးဂိမ်းဖွင့်ပွဲမှာ ဘာတွေပြမှာလဲ၊ မြန်မာနိုင်ငံရဲ့ Land Mark ခေါ်တဲ့နေရာတွေကို ပြချင်တာလား၊ တိုင်းပြည်သွားနေတဲ့လမ်းကြောင်း ကိုပြချင်တာလား၊ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ ညီညွတ်တာကို ပြချင်တာလား၊ အေးချမ်းသာယာနေတာကို ပြချင်တာလား၊ တိုင်းပြည်တိုးတက် တာကို ပြချင်တာ လား စသဖြင့် ကိုယ်ပေးချင်တဲ့ မက် ဆေ့ခ်ျကို နိုင်ငံတကာကို ပြရမှာလေ။
တစ်ခါလာလည်း ဓားတွေ၊ လှံတွေ ကိုင်ကိုင်ပြီးပြနေလို့လည်း မဖြစ်သေးဘူး။ အခုတော့ ကြီးကျယ် သလားမေးရင် ကြီးကျယ်ပါတယ်၊ မခမ်းနားဘူးလားမေးရင် ခမ်းနားပါတယ်၊ ခေတ်မီမီနဲ့ ကိုယ်ပေး ချင်တဲ့မက်ဆေ့ခ်ျ ပေးနိုင်သလားမေးရင် တော့ ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။
ဘာနဲ့တူနေသလဲဆိုတော့ တောသူဌေး တစ်ယောက်က ဘုန်းကြီးပျံပွဲမှာ သူ့ ပိုက်ဆံနဲ့ အရပ်ဇာတ် ငှားကသလို ဖြစ်နေတယ်။
သူ ကြည့်ချင်တာ၊ သူသိတာတွေပဲ ကခိုင်းနေတော့ ပရိသတ်က စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေရ သလိုပါပဲ။ ကွင်းထဲကိုထည့်ထားတဲ့ ပွဲကြည့်ပရိသတ်ကလည်း ကွန်မြူနစ်နိုင်ငံတွေကလို တူညီ ၀တ်စုံတွေနဲ့ လိမ္မော် တစ်ကန့်၊ အဖြူတစ်ကန့်၊ အပြာတစ်ကန့်၊ အနီတစ်ကန့်၊ အစိမ်းတစ်ကန့်၊ အ၀ါ တစ်ကန့်၊ ထိုင်ခိုင်းထားတာတွေကလည်းသွားနေတဲ့ ခေတ်စနစ်နဲ့ မကိုက်ညီသလိုပဲ။
ဖျော်ဖြေရေးအစီအစဉ်တွေကလည်း ထပ်နေတယ်။ ခဏနေရင် ဒီဆင်၊ ဒီတိုးနယား၊ ဒီလူတွေပဲ ပြန်ပြန်ထွက်လာတယ်။ အစားအသောက်လိုပေါ့ မ၀ တ၀ကျွေးရင် အရသာရှိတယ်၊ စားစမ်းကွာ ဆိုပြီး ပုံပေးထားရင် ဘာအရသာမှ မရှိတော့သလိုပေါ့။
အစီအစဉ်တွေက တိုတိုတုတ်တုတ်နဲ့ ခေတ်မီမီအရသာရှိဖို့ လိုတယ်။ ကြည့်လိုက်ရတဲ့သူတွေ ရင်ထဲ မှာ တသသနဲ့ အော် မြန်မာဆိုတာ ဒါပါလားဆိုပြီး ရင်ထဲစွဲသွားဖို့လိုတယ်။
နေပြည်တော်မှာ ပွဲငတ်နေတဲ့အစိုးရ ၀န်ထမ်းတွေကို ကွင်းထဲထည့်၊ အခမဲ့ ပွဲကြည့်ခိုင်းလို့ ထွက် လာတဲ့လက်ခုပ်သံကို အဟုတ်မှတ်နေရင်ဖြင့် ငါးပါးမှောက်ပါလိမ့်မယ်။
အော် စကားမစပ်ဗျာ၊ ကြေညာသွားတာတစ်ခု နားထောင်လိုက်ရတယ်။ ပြကွက်တစ်ခုမှာ စည်တို အလုံး ၈၀ တီးပြပြီး တကယ့်ဆီးဂိမ်းကျရင် အသံပိုကျယ်အောင် စည်တိုအလုံး ၄၀၀ တီးမယ်တဲ့။
မလုပ်ကြပါနဲ့ဗျာ။ ဒီအလုံး ၈၀ နဲ့တင် ရင်ဘတ်မှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရပါပြီ။ ၄၀၀ သာတီး ရင် ချက်ချင်း နှလုံး သွေးရပ်သွားမှာစိုးလို့ပါ။ အဲဒီစည်တို ဆိုတာကလည်း မြန်မာ့ရိုးရာဂီတမှာ တကယ်ရောရှိရဲ့လား၊ အခုမြင်ရတာက ကိုရီးယားဒရမ်လိုမျိုးတွေကို ခေါက်နေတာ မြင်ခဲ့ရလို့ပါ။
အဲဒီတော့ ခေတ်မီအောင်၊ လူမျိုး ပေါင်းစုံရင်ထဲ စွဲနေအောင် ပြနိုင်ဖို့ဆိုရင် တကယ် တတ်ကျွမ်းတဲ့ နိုင်ငံတကာက Event Management အဖွဲ့မျိုးငှားဖို့ လိုတယ်။ အဲဒီအဖွဲ့ကို ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ၊ ကိုယ်ပြချင်တဲ့ Theme အနှစ် သာရဘာလဲ ပြောပြ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့် အနုပညာ နဲ့ ပေါင်းစပ်ပြခိုင်းမှသာ ငွေကုန်ခံရကျိုး နပ်မယ်ထင်တာပဲ။
တကယ့်ဆီးဂိမ်းကျရင်တော့ တရုတ်ပညာရှင်တွေက ကူမယ်ပြောတယ်။ အဲဒီ ကျရင်လည်း တရုတ် တီးလုံးနဲ့ တရုတ် ကကွက်တွေနဲ့ မြန်မာ့ယဉ်ကျေးမှု ပျောက်ပြီး ကမ္ဘာမှာ မြန်မာဆိုတာ တရုတ်နိုင်ငံ တစ်ခု ပါပဲ ဖြစ်မသွားဖို့ကလည်း အရေးကြီးသေးတယ်ဗျ။
ပြည်ထောင်စုဖလားဖွင့်ပွဲမှာ ဂုဏ်ယူစရာတစ်ကွက်ပဲ တွေ့တယ်။ အဲဒီ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း ကြီးကို မြန်မာအင်ဂျင်နီယာတွေကပဲ တည်ဆောက်ခဲ့တဲ့ အချက်ပါ။
ပြောချင်တာတွေလည်းများသွားပြီ။ အခုလောက်ဆိုရင် ဒီမာဂျေဆိုတဲ့ကောင် ကို ဘယ်သူက လက်ဆော့ပြီး ဖိတ်တာလဲဆိုတဲ့ ပြဿနာလည်း တက်နေလောက်ပြီ။
အရာရာကို အဆိုးမြင်နေတာ မဟုတ်ရပါဘူးဗျာ။ ကိုယ့်ဘ၀မှာ ပထမဆုံး ကိုယ့်မြေပေါ်မှာ မြင် ရ တွေ့ရမယ့် ဆီးဂိမ်းအတွက် ကောင်းစေချင်လွန်းလို့ပါ။ ဂုဏ်ယူချင် လွန်းလို့ပါ။
အခုတော့ မလိုအပ်ဘဲ မီးရှူးမီးပန်း တွေ အကြိမ်ကြိမ်ဖောက်ပြ၊ အလွန်ပျင်းရိစရာ ပြကွက်တွေ ထပ် တလဲလဲပြနေတာကလွဲရင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် မရှိဘဲ တောဘုန်းကြီးပျံမှာ တော သူဌေးစီစဉ်တဲ့ အရပ်ဇာတ် အဆင့်ပဲ ရှိနေလို့ အားမလိုအားမရဖြစ်ပြီး ရေးလိုက်ရတာပါ။
လွန်တာများရှိခဲ့ရင်တော့ ၀န္တာမိပါ။
Credit : Here

သွားကြည့်တုန်းကတော့ကြည့်ပြီးမှဆားပေါ့သလေး
ReplyDeleteခါးသလေးလျှောက်ပြောတတ်တဲ့မောင်မင်း လူကလေးကို
အဆက်မပြတ် ပီကေဝါးနေစေ အမိန့် တော်