ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ
နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီ များသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကို တွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့ လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအ မှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော် ဘုရား သိမ်းပိုက်အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက် များကို ပြောကြား ခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံး အရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက် ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။
၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင် စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အား မကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်း ဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသား များ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။
“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်း လင်း ဖြေကြား ခဲ့သည်။
ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့ လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန် လည် ဖြေကြား ခဲ့သည်။ အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင် အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြ ပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျ လူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။ မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံး အနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။
ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကား လုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။
ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်း ကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။
“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွား တယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီး အကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရ တာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင် ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။
ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။