/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာ တည်းခိုနိုင်ရေး စီစဉ်ထားရာ Media,Observer များနှင့် လိုက်ပါအားပေးမည့်သူများ အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက် ရယူရန်လို



(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်ရန် စီစဉ်ထားရှိရာ Media Observer များနှင့် လိုက်ပါအားပေးမည့်သူများ အနေဖြင့် နိုင်ငံအလိုက် အိုလံပစ် ကော်မတီ၏ ခွင့်ပြုချက် ရယူရန် လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရ သည်။


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာ ရောက်မည့် Media Observer များနှင့် လိုက်ပါအားပေးမည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းများ အဆင်ပြေ လွယ်ကူစေရန်အတွက် ဧည့်သည်အမျိုးအစားလိုက်၊ အားကစားပြိုင်ပွဲ ကျင်းပမည့် မြို့အလိုက်၊ နေရာအလိုက် လျာထားသည့် ဟိုတယ်အခန်း အရေအတွက်နှင့် ဈေးနှုန်းများအား www.oway.com.mm/27seagames2013 Website တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

"အိုလံပစ်ကော်မတီက ခွင့်ပြုတဲ့အင်အားနဲ့ လိုက်ပါမယ့် မီဒီယာတွေကို စိစစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အိုလံပစ်ကော်မတီကို စာရင်းပို့ ရပါတယ်။ ဥပမာ-အိုလံပစ် ကော်မတီရဲ့ ထောက်ခံချက်နဲ့ စင်ကာပူက ဘယ်လောက်လာမယ်။ မလေးရှားက ဘယ်လာလောက်မယ်။ ထိုင်းကဘယ်လောက် လာမယ်ပေါ့။ သူတို့ နိုင်ငံရဲ့ အိုလံပစ်ကော်မတီက ထောက်ခံတဲ့အကြောင်းကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို တရားဝင် စာရင်းပို့ရမယ်။ အုပ်ချုပ်သူ နည်းပြတွေ၊ မီဒီယာ စာရင်းတွေ၊ ကစားသမားစာရင်းနဲ့ ဆေးအဖွဲ့စာရင်းတို့လို အခြားလိုအပ်တဲ့ အဖွဲ့တွေနဲ့ လိုက်ပါမယ့် လူစာရင်းကို ပေးပို့ရပါမယ်။ ကျွန်တော်တို့က သူတို့ပို့လိုက်တဲ့ စာ ရင်းအတိုင်း စီစဉ်ဆောင်ရွက် ပေးသွားမှာပါ" ဟု အားကစားဝန်ကြီးဌာန ဦးဌေးအောင်က ပြောကြားသည်။

အဆိုပါ Website တွင် အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာ အိုလံပစ်ကော်မတီမှတစ်ဆင့် ဆက်သွယ်ပြီး ၎င်းတို့နိုင်ငံအလိုက် ခွင့်ပြုချက် ရရှိပါက နိုင်ငံအလိုက် Pass Code ဖြင့် Online Booking များ ပြုလုပ် သွားနိုင်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးရုံး သတင်းထုတ်ပြန်ရေး ဌာနခွဲမှ ဦးမြင့်ထွန်း ဦး က "Media, Observer များ တည်းခိုနေထိုင်ရေးအတွက် ဟိုတယ်နှုန်းထားများအား အမေရိကန်ဒေါ်လာ ၅၅ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ နောက်ဆုံးစာရင်း သွင်းရ မယ်။ Sport Fan များအတွက် ဟိုတယ်နှုန်းထားများအား အမေရိကန်ဒေါ်လာ ၇၀ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ အောက်တိုဘာ ၃၁ ရက်နောက်ဆုံး စာရင်းသွင်းရပါမယ်" ဟု ပြောကြားသည်။

အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ပမှလာရောက်မည့် Media,Observer များနှင့် လိုက်ပါအားပေး မည့် သူများအား နေပြည်တော်ရှိ ဟိုတယ် ၂၇ လုံး၊ ရန်ကုန်ရှိ ဟိုတယ် ၂၆ လုံး၊ မန္တလေးရှိ ဟိုတယ်ခြောက် လုံးနှင့် ငွေဆောင်ရှိ ဟိုတယ်ခုနစ်လုံးတို့တွင် စီစဉ်ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား 
ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအား တွေ့ရစဉ် 
(ဓာတ်ပုံ - သက်ထွန်းအောင်) 

Eleven Media Group

1 comment:

  1. ရန်ကုန်-နေပြည်တော် ပွဲစဉ်မှာဖြစ်ပွါးတဲ့ ပြဿနာကအရမ်းကောင်းပါတယ်! ဒါမှSea Game မှာလိုအပ်ချက်တွေများများတွေ့ပြီး ပြုပြင်နိုင်တာပေါ့ ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။