/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, August 19, 2013

.

ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ နိုင်ငံခြား အရက်ပုလင်းများ ခြံစောင့်ဖြစ်သူ ခိုးယူဟုဆို

ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ နေအိမ်တစ်ခုတွင် သြဂုတ်လ ၁၃ ရက်နေ့က ခြံစောင့်ဖြစ်သူက အိမ်ရှင်၏ ဖခင်ထံတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူနှင့် ပူးပေါင်းကာ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ နိုင်ငံခြား အရက်ပုလင်းများ ခိုးယူခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။


အဆိုပါ အိမ်အတွက် ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ မောင်ဖြိုးနန္ဒာ (ခ) ဖိုးခွားဆိုသူက အိမ်ရှင် ဦးကျော်မင်းထွန်း၏ ဖခင်ထံတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ဦးမင်းဇော်လှိုင် ဆိုသူနှင့် ပူးပေါင်းကာ အိမ်ရှေ့သံဘာဂျာ တံခါးမကြီးသော့ကို သံဖြတ်လွှဖြင့်ဖြတ်၍ အရက်များကို ဆူဇူကီးယာဉ်ဖြင့် သယ်ထုတ် ခဲ့ကြောင်း အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးသည့် ဒုရဲမှူးမောင်မောင်ဦးက The Voice သို့ ပြောကြား သည်။

ကနဦးစစ်ဆေးချက်တွင် ခြံစောင့်ဖြစ်သူ၏ ပြောဆိုချက်အရ လူလေးဦးက ၎င်းကို ကြိုးဖြင့် တုပ်နှောင်ပြီး ရိုက်နှက်သဖြင့် သတိမေ့သွားစဉ် ပစ္စည်းများ ယူဆောင်ခဲ့သည်ဟု ပြောဆိုသော်လည်း ကွဲလွဲချက်၊ မသင်္ကာမှုများ ရှိသဖြင့် ထပ်မံစစ်ဆေးခဲ့ရာ သြဂုတ် ၁၇ ရက်နေ့တွင် အမှုမှန် ပေါ်ပေါက် ခဲ့ခြင်း ဖြစ် ကြောင်း ဒုရဲမှူးက ရှင်းပြသည်။

သြဂုတ်လ ၁၃ ရက် နံနက် ၁ နာရီက အိမ်ရှင်က နိုင်ငံခြားအရက် CHIVAS 12Yr, CHIVAS 18Yr, Royal Salyde 75 6TK, Black Label 1L 40TK, RED Label 14TK, Gold Label 75 33TK အမှတ်တံဆိပ် အရက်ပုလင်းပေါင်း ၁၅၀၀ ခန့်နှင့် ဆင်းကတ်ပါ လက်ကိုင်ဖုန်း နှစ်လုံး အပါအဝင် ငွေကျပ် ၄၄၉ သိန်းဖိုး ပျောက်ဆုံးမှုဖြင့် မြို့နယ်ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားအရက်များ ခိုးယူခံရမှုနှင့် ပတ်သက်ပြီး အိမ်ရှင် ဦးကျော်မင်းထွန်း၏ လက်ကိုင်ဖုန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ အပြင်သို့ ထွက်သွားကြောင်း အမျိုးသမီးတစ်ဦးက ပြန်လည် ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၀ရက်နေ့ ညပိုင်းက ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အင်းလျားလမ်းပေါ်ရှိ ဖက်ရှင် ဆိုင်တွင် ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အဝတ်အထည်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ခိုးယူဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။