/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်နီမော်၊ တောင်ကုတ်နှင့် စစ်တွေတို့တွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်သည့် အစိုးရ၏ ပထမဦးဆုံး သတင်းထုတ်ပြန်ချက်ကို ယမန်နေ့ည ၈ နာရီသတင်းနှင့် ယနေ့ထုတ်သတင်းစာများတွင် ထုတ်ပြန်ဖေါ်ပြလိုက်သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် တောင်ကုတ်အဖြစ်အပျက်နှင့် ပတ်သက်၍ သံတွဲရန်ကုန် ရိုးမသစ္စာခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ ဆိုသည့်ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်ကို တွေ့ရသည်။ ယင်းသေဆုံးရမှုအတွက် တရားဥပဒေနှင့် အညီ ဖြစ်စေရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဆိုသည့် ဖေါ်ပြချက်ပါရှိသော်လည်း တောင်ကုတ်မြို့တွင် တဦးတယောက်မျှ ဖမ်းဆီးအရေးယူထားသည်ဟု ဖေါ်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။



စစ်တွေမြို့ အမှတ် (၁) ရဲစခန်းဝိုင်း၍ တောင်းဆိုသည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် “လူစုလူဝေးဖြင့် ရဲစခန်းအား လာရောက်ဖျက်ဆီး၍ ရှင်းလင်းဆောင်ရွက်”ဟု ဖေါ်ပြထားကာ ယင်းအဖြစ်အပျက်ကြောင့် အရပ်သား (၁၂) ဦးဒဏ်ရာရကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိပြီး လူစုလူဝေးတွင် ပါဝင်သူ (၉) ဦးကို ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု ဖေါ်ပြထားသည် ကိုတွေ့ရသည်။

ယခုအဖြစ်အပျက်များ၏ အစဖြစ်သည့် ကျောက်နီမော်ကျေးရွာ အနီး ဖြစ်ပျက်သည့် အဖြစ်ကိုမူု ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် မသီတာထွေးအား သားမယား ပြုကျင့်ပြီးရွှေထည်ပစ္စည်းယူဆောင်သွားသည့် အမှုကိစ္စနှင့်ပတ်သက်၍ တရားခံဟု ယူဆရသူ (၃) ဦးကို ဖမ်းဆီးကာ ကျောက်ဖြူအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး အချိန်မဆွဲပဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ဖေါ်ပြထားသည်။

မေလ ၂၈ ရက်နေ့တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်ကို အစိုးရအနေဖြင့် အရေးယူဆောင်ရွက်နေခြင်းကို စောလျင်စွာ သတင်းမထုတ်ပြန်ခြင်းက ယခုလို တောင်ကုတ်မြို့တွင် လူမျိုးရေးလှုံ့ဆော်မှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း အချို့သော ဝေဘန်သူများ က သုံးသပ်ပြောဆိုသည်။

ယင်းအဖြစ်အပျက်ကို အစိုးရအနေဖြင့် သတင်းမထုတ်ပြန်သော်လည်း မန္တလေး ဂေဇက် အစရှိသည့် အင်တာနက် အွန်လိုင်း သတင်းဝက်ဆိုက်များမှ လှုံ့ဆော်သူများက ကူးယူ ပုံနှိပ်ကာ ဖြန့်ဝေခဲ့သည်ဟု တောင်ကုတ်မြို့ခံ တဦးက ပြောသည်။

အစိုးရပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကလည်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခုကဲ့သို့ လူမျိုးရေး ကိစ္စများတွင် သတင်းမီဒီယာများ ၏ အခန်းကဏ္ဍ အရေးပါပုံ၊ သတိပြုသင့်သည့် အချက်များကို ယမန်နေ့က ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

သို့ရာတွင် အစိုးရအနေဖြင့် ထုတ်ပြန်သင့်သည်အချက်ကိုဆောလျင်စွာ မထုတ်ပြန်ခြင်းသည်လည်း ဖြစ်ရပ်မှန်ကို အခြေပြု၍ လှုံ့ဆော်မည့်သူများအဖို့ အခွင့်သာသကဲ့သို့ ဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းစာသမားတဦးက ကောက်ချက်ချသည်။

တောင်ကုတ်မြို့ တွင်ဖြစ်ပွားသည့် ကိစ္စရပ်ကို သတင်းစာတွင်ဖေါ်ပြရာ၌ အစ္စလာမ် ဘာသာဝင် သို့မဟုတ် ဘင်္ဂလီနွယ်ဖွား ဆိုသည့် အသုံးအနှုန်းမသုံးစွဲပဲ မွတ်ဆလင်ကုလား ဆိုသည့် အသုံးအနှုန်းကို သုံးစွဲထားသည်မှာလည်း လူမျိုးရေးခွဲခြားမှု အသုံးအနှုန်းသဘောသက်ရောက်သည်ဟု ဝေဘန်သူ အချို့က ဆိုသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။