/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

နည်းနည်း ညှစ်ဖို့လိုအပ်နေသေးသော ကျနော်

မြန်မာစကားမှာ တစ်ခါတစ်ရံ ခပ်ရင့်ရင့်၊ ခပ်ရိုင်းရိုင်းနဲ့ ပေါ်လွင်ထင်ရှားအောင်ပြောတဲ့စကားတွေ ရှိနေပါတယ်။ ကျေးဇူးကန်းတာကို ပြောဖို့၊ ကျေးဇူးကန်းသလိုဖြစ်နေမှာစိုးလို့ သတိပေးဖို့အနေနဲ့ “အရိပ်နေနေ အခက်ချိုးချိုး”၊ “ သားရေပေါ်အိပ် သားရေအနားစား” ဆိုတဲ့ စကား တွေလိုပေါ့။ နောက် စကားပုံလဲမဟုတ်၊ ဘယ်လိုမြန်မာစကားအမျိုးအစားမျိုးထဲ ထည့်ရမှန်းလဲမသိတဲ့စကားတွေလဲ ကျနော်တို့ ဘာသာ စကားမှာ ရှိနေတတ်ပါတယ်။ တစ်ချို့စကားလုံးတွေဆို နည်းနည်းတောင်ရိုင်းချင်သလိုလို ရှိတတ်ကြပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ သူတွေကို စေတနာနဲ့ သတိထားစေချင်လို့ ပြောကြတဲ့စကားတွေပါ။ ဥပမာအားဖြင့် “လက်သည်ချည်းဘဲ အားကိုးမနေနဲ့။ ကိုယ့်ဘာသာလဲ နည်းနည်းအားစိုက်အုံး” ဆိုတဲ့စကားပေါ့။

အဲဒီစကားဆိုရင် အမျိုးသမီးတွေရဲ့ သား၊ သမီးမွေးဖွားခြင်းအပေါ် ခံစားရတဲ့ နာကျဉ်မှုဝေဒနာကြီးကို မစာမနာနဲ့ပြောသလိုလို့ မယူဆမိပါဘူး။ သူများချည်းဘဲအားကိုးမနေနဲ့ ကိုယ်ကိုယ်တိုင်လဲ နည်းနည်းကြိုးစားကြအုံးဆိုတဲ့သဘောလို့ သဘောတူပါတယ်။ အမျိုးသမီးတွေရဲ့ ဒုက္ခနဲ့ ယှဉ်ပြီး ပေါ်လွင်ထင်ရှားအောင် ပြောတဲ့၊ ချစ်စရာကောင်းတဲ့ မြန်မာစကားလေးတစ်ခွန်းပေါ့။ အပြောခံလိုက်ရတဲ့သူအတွက် ပြုံးစေ့စေ့လဲ ဖြစ်စေ၊ “အင်းပါ..ငါလဲ အတတ်နိုင်ဆုံး ကြိုးစားနေတာဘဲလို့” ပြန်ပြောပြီးပြောသူ၊ အပြောခံရသူ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ်ကြီး ဖြစ် သွားစေတတ်ပါတယ်။

ကျနော်က လက်ရှိ ရွှေနိုင်ငံကြီးအခြေအနေကိုပြန်ကြည့်ရင်း “လက်သည်ချည်းဘဲ အားကိုးမနေနဲ့လို့” သူများတွေကိုလဲဝေဖန် လေကန်မိ သလို၊ ကိုယ့်ကိုယ်ကိုလဲ ပြောတတ်ပါတယ်။ လွန်ခဲ့တဲ့ အရင်နှစ်အပိုင်းအခြားတွေက အင်တာနက်ပေါ်မှာ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ဝေဖန်မိ တာဘဲဖြစ်ဖြစ်၊ မှတ်ချက်လေးပေးမိတာဘဲဖြစ်ဖြစ် ပြောမိရင် “မင်းကော နိုင်ငံအတွက် ဘာတွေလုပ်ပေးနေလို့လဲ။ နှမ်းတစ်လုံးထဲနဲ့ ဆီ မဖြစ်ပါဘူးကွာ” ဆိုတဲ့စကားတွေ ပြန်ပြန်ပြီးအပြောခံကြရဘူးမှာပါ။ နှစ်တစ်လုံးထဲနဲ့ဆီမဖြစ်ပေမယ့် နှမ်းဟာနှမ်းဘဲ။ ခဲမဟုတ်ဘူး။ သုံးဆယ့် နှစ်ပါးသောလက္ခဏာတော်ကြီးတွေနှင့် ပြည့်စုံတော်မူတဲ့ဘုရားရှင်ရဲ့လျှာတော်က လျှာဖျားမှာ နှမ်းလေးတစ်စေ့တင်လိုက်တာနဲ့ အရသာခံ နိုင်လောက်အောင် ပါရမီပြည့်စုံခဲ့တယ်လို့ဖတ်ဘူးပါတယ်။ ခဲဆိုရင်တော့ ဘုရားရှင်က အရသာခံစားနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ တစ်စေ့ ဖြစ်ဖြစ်၊ တစ်ခြမ်းဖြစ်ဖြစ် ခဲမဟုတ်ဘဲ နှမ်းဖြစ်ရင် ပြီးတာဘဲ မဟုတ်ဘူးလား။ ဆရာအော်ပီကျယ်ပြောသလို ခဲတွေ ဘယ်လောက်ပေါင်းပေါင်း ဆီမဖြစ်လာသလို နှမ်းတွေများလာရင် မွှေးမွှေးစိမ့်စိမ့် နှမ်းဆီဖြစ်လာမှာပါ။

ကျနော်တို့လို သာမန်ညောင်န မြန်မာပြည်သူ၊ ပြည်သားတွေအတွက် နိုင်ငံကြီးကို တိုးတက်စေချင်ကြတဲ့လူတွေချည်းဆိုတာ လူတိုင်းစိတ်ထဲ မှာ ပြက်ပြက်ထင်ထင်ရှိကြတဲ့ဆန္ဒတွေပါ။ Facebook ပေါ်မှာ၊ အင်တာနက်ပေါ်မှာ၊ အပြင်မှာ NLD ကို အားပေးကြတာ လက်ရှိအစိုးရကို မုန်းလွန်းလို့ ဆန့်ကျင်တယ်ဆိုတဲ့ လူတွေရဲ့ ရာခိုင်နှုန်းက မများနိုင်ပါဘူး။ နိုင်ငံတိုးတက်ရင်ပြီးတာဘဲ။ ဘယ်သူခေါင်းဆောင်ခေါင်းဆောင် ငါတို့အပေါ်မှာ မဟုတ်တာမလုပ်မယ့် ဘယ်အစိုးရတက်တက်ဆိုတဲ့ လူတွေရဲ့ရာခိုင်နှုန်းက များမှာပါ။ ဗျူဟာတွေ၊ နည်းနာတွေ၊ သံခင်း တမန်ခင်းတွေကိုနားမလည်တဲ့ ရာခိုင်နှုန်းအများကြီးနဲ့ ကျနော်လို လူတွေအများကြီးပါ။ ပွင့်လင်း မြင်သာမှုမရှိ၊ သောက်တလွဲ လက်ရှိ အစိုး ရ လူကြီးတွေကို ပက်ပက်စက်စက်ဆဲဆိုပြီး မှတ်ချက်ပေးနေကြပေမယ့် တစ်ချိန်ထဲမှာ ကောင်းတာတွေပြော၊ ကောင်းတာတွေလုပ်နေတဲ့ အာဏာလက်ကိုင်ရှိ လူကြီးတွေကိုလဲ အားရပါးရ အားပေးနေကြတာ ထင်ရှားရှိပါတယ်။

အင်တာနက် ကျေးဇူး၊ မီဒီယာကျေးဇူးကြောင့် အားလုံးက နိုင်ငံရေးမျက်စိပွင့်လာကြတယ်လို့ ထင်ပါတယ်။ ချစား အကျင့်ပျက်တာ မကြိုက် ဘူး။ ပြည်သူလူထုကို တစ်ဆင့်နှိမ့်ကြည့်ပြီး ဘာမှသိနားမလည်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ပြောချင်ရာပြောသွားတဲ့ လူကြီးတွေကို “ဟယ် ပေါရဲ လိုက်တာ” လို့ မြင်လာကြပါတယ်။ ဆန့်ကျင်ရကောင်းမှန်းလဲ သိလာကြပါပြီ။ ဒါတွေက ပြီးပြည့်စုံတဲ့ နိုင်ငံရေးစနစ်တစ်ခုရဲ့ အစပျိုးခြင်း လို့ပညာရှင်မဟုတ်တဲ့ ကျနော်က မြင်ပါတယ်။

ဒါပေသိပေါ့လေ အကျင့်ပျက် ချစားနေတာကို ကျနော်တို့ကဆန့်ကျင်နေကြပေမယ့် တစ်ပြိုက်နက်ထဲမှာဘဲ သွယ်ဝိုက်သောအားဖြင့် အား ပေးနေကြသလိုမျိုးများ ဖြစ်နေကြသလားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာဘဲ ကောင်းပါတယ်။ အနာသက်သာပါတယ်။ မြန်မာပြည် အ၀င် လေယာဉ်ကွင်းမှာ သူသူ ကိုယ်ကိုယ် မလိုအပ်ဘဲနဲ့ စကားတွေအများကြီးပြောခံရတာ၊ အရစ်ခံရတာ မကြိုက်ကြပါဘူး။ ဒီမြေ၊ ဒီရေ၊ ဒီလေပေါ်မှာ မြန်မာပြည်သား မိဘနှစ်ပါးက မွေးဖွားကြီးပြင်းလာတဲ့၊ ရာဇ၀တ်မှုမရှိတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပြန်လာတာ ဘယ်သူ့ကို မှ အောက်ကျို့စရာ၊ မျက်နှာချိုသွေးစရာမလိုပါဘူး။ ဒါကိုဘဲ ကျနော်က မြန်မာနိုင်ငံကိုပြန်တိုင်း Passport စာအုပ်ကြားထဲမှာ ငါးဒေါ်လာ လောက် ညှပ်ညှပ်ပေးချင်နေတုံးဘဲ။ Custom မှာ လိုလို မလိုလို ပိုက်ဆံပေးချင်နေတုံးဘဲ။ ပိုက်ဆံရတဲ့ဝန်ထမ်းက ပိုက်ဆံပေးတဲ့သူကို ကြည်ဖြူပေမယ့် ပိုက်ဆံမပေးချင်တဲ့လူကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ခက်ခဲသွားနိုင်ပါတယ်လေ။ ဒါက အကျင့်ပျက် ချစားဝန်ထမ်းကို ဆန့်ကျင်နေတဲ့ ကျနော့်ရဲ့အကျင့်ပျက် အလေ့အကျင့်ဆိုးကြီးပါ။

ကျနော့်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရှိပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ အလုပ်တွေအများကြီးလုပ်ခဲ့ပြီး သူများနိုင်ငံတွေရဲ့ ပြီးပြည့်စုံတဲ့စနစ်တွေကိုအားကျပြီး ရွှေပြည်ကြီးရဲ့စနစ်ဆိုးတွေကို သိတတ်၊ မြင်တတ်၊ ပြောပြတတ်သူပါ။ ဒါပေမယ့် ကားပါမစ်တွေ ထုတ် ပေးတယ်ဆိုတဲ့ သတင်းတွေ ကြားတာနဲ့ တစ်ပြိုင်နက် အခွန်ဆောင်ထားတဲ့ စာရွက်တွေကိုင်ပြီး မြန်မာနိုင်ငံကို အပြေးအလွှားပြန်သွားလေရဲ့။ တစ်လလောက်ကြာပြီး ပြန်လာတော့ ဘယ်သူ့ကို ဘယ်လိုပေးလိုက်၊ ဘယ်သူ့ကို ဘယ်လိုသွားကန်တော့ရင် မြန်မြန်ရတယ်ဆိုတဲ့ အဆက် အသွယ်ကောင်းတွေကို ပြန်ပြောပြပါတယ်။ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့အော်နေတဲ့ ကျနော်တို့အဖွဲ့က ဖုန်းနံပါတ်တွေ တောင်းသူတောင်း၊ နံမည်တွေ တောင်းသူတောင်းပေါ့။

နောက်တစ်ယောက်ကျတော့ ပြည်တွင်းမှာ ဘူဒိုဇာတွေ၊ မီးစက်ကြီးတွေကိုရောင်းရတဲ့ Company တစ်ခုရဲ့ အရောင်းဝန်ထမ်း ရာထူးကြီးကြီး လုပ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ရာခိုင်နှုန်း တစ်ရာ ရာခိုင်နှုန်းမက အမြတ်တင်ထားတဲ့စက်ပစ္စည်းတွေကို အခွင့်အာဏာပိုင်တွေနဲ့ ပေါင်း ပြီး ရောင်းစားခဲ့တဲ့သူပေါ့။ သူပြောတဲ့ KTV သွားကြတဲ့ကိစ္စတွေ၊ Black Label မှဆိုတဲ့လူကြီးတွေအကြောင်းက ကျနော်တို့အတွက် မရိုးနိုင် တဲ့အကြောင်းတွေပါ။ ပြည်သူ့ပိုက်ဆံနဲ့ စက်ကြီးတွေဝယ်ဖို့ တင်ဒါဈေးကို တစ်လလောက် ကြိုတင်အသိပေးထားတဲ့ လူကြီးတွေ။ ကိုယ့်အိမ် အတွက် မီးစက်ဝယ်ဖို့ကျတော့ ခွက်ကျပြီး ဈေးအတင်းဆစ်နေနဲ့လူကြီးတွေအကြောင်းဆိုရင် သူဒေါသထွက်သလို ကျနော်တို့က ကြားတိုင်း တောက် တစ်ခေါက်ခေါက်ပေါ့။ တစ်လောက သူ့အိမ်ဝိုင်းအတွက် မြေဂရမ်ရဖို့ စာရွက်စာတမ်း အပြည့်အစုံရှိနေပါလျက်နဲ့ သူ့အိမ်ကို “မြန် မြန်ရအောင် ပေးစရာရှိတာပေးလိုက်၊ အသိအကပ်ရှာကြည့်အုံး” လို့ ဖုန်းဆက်နေတဲ့ သူ့ကို ကျနော်တို့က ၀ိုင်းကူပြီးတောင် ကူညီပေးမိကြ တယ်။

တစ်နေ့က ဒီနိုင်ငံမှာရှိတဲ့ မြန်မာစုရပ်ကို သူငယ်ချင်းဘော်ဒါလေးတစ်ယောက်နဲ့ ကျနော် အတူသွားမိတယ်။ မြန်မာစုရပ်ကိုရောက်ဖို့ဆိုရင် လမ်းဖြတ်ကူးရပါတယ်။ ဘူတာကထွက်ထွက်ချင်း လမ်းဖြတ်ကူးဖို့ လူကူးမျဉ်းကျားမရှိပါဘူး။ ထုံးစံအတိုင်းကျနော်က ကားရှင်းမရှင်း ကြည့် ပြီး လမ်းမကြီးပေါ် မလုံမလဲ အပြေးဖြတ်ကူးတာပေါ့။ ဒီကောင်လေးက ကျနော့်ကို “အစ်ကိုရယ် ဘာမှလဲဝေးတာမဟုတ်ဘူး။ လူကူးမျဉ်း ကြားက ကူးမှပေါ့” ဆိုတဲ့ စေတနာနဲ့သတိပေးပေမယ့် ကျနော့်မျက်နှာကို ဘယ်နားထားရမှန်းတောင် မသိလောက်အောင် ရှက်သာဗျာ။ အိမ်အပြန်လမ်းမှာ ကွမ်းဝါးရင်း မြက်ခင်းပြင်ရောက်တိုင်း ကွမ်းထွေးနေတဲ့ကျနော့်ကို “အိမ်ရောက်မှ စားပါ့လား အစ်ကိုရယ်” လို့ သူက အနှောင့်လွတ် အသွားလွတ် စေတနာစကားပြောပေမယ့် ကျနော့်မျက်နှာပေါ်ကို ပုရွက်ဆိတ်တွေ ရွစိထိုးတက်လာသလို ခံစားမိတယ်။

တစ်ခါတစ်ရံ အချိန်ရရင် ဒီမိုကရေစီစနစ်ဆိုတာ ဘာပါလိမ့်လို့ ကိုယ့်ဘာသာ ပြန်တွေးနေမိတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်တာဝန်ကိုယ်ယူ။ သူတစ်ဖက်သားကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ စနစ်ကြီးပေများလား။ အားလုံးက တန်းတူညီမျှရေး။ တော်သူနေ၊ မတော်သူသေ၊ ကြိုစား သူရှေ့ရောက်၊ မကြိုးစားသူ အနောက်နေ။ ဒေါ်စုက “အစိုးရကောင်းဆိုတာ ရှိလို့ရှိမှန်းတောင် ပြည်သူက မသိရတဲ့ အစိုးရ” ဆိုတဲ့ စကားကို ဖြန့်ထွက်တွေးမိတယ်။ တရားမျှမျှတတ သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်းမှာ ဥပဒေတွေကိုလိုက်နာပြီး ဘယ်သူ့ကိုမှ ဖားယား၊ ကပ် ရပ်နေစရာမလိုတဲ့ ပြီးပြည့်စုံတဲ့စနစ်ရှိတဲ့နိုင်ငံလို့ ပြောသွားတယ်ထင်ပါရဲ့။ တစ်ကယ့်တကယ်ကျတော့ အခုအချိန်မျာ ကျနော်တို့ ပြည်သူလူ ထုက ဒေါ်စုကိုအားကိုးရလွန်းတာ၊ NLD ကို မျှော်လင့်ရလွန်းတာ မူမမှန်တဲ့နိုင်ငံရေးစနစ်ကြီးလို့ မြင်ပါတယ်။ အများအကျိုးအတွက်၊ ပြည် သူလူထုမျက်နှာကလွဲလို့ ဘယ်နိုင်ငံခြားအစိုးရကိုမဆို၊ ဘယ်သူ့ကိုမဆို မထောက်မညှာ ရှင်းရှင်းဘွင်းဘွင်း မကွယ်မ၀ှက်ပြောတတ်တဲ့ အ ဘွားကြီးကို သဘောကျပေမယ့် လူတစ်ယောက်အပေါ်မှာအားကိုးရလွန်းတဲ့ နိုင်ငံသားတစ်ယောက်ဘ၀က သိပ်မနိပ်လှဘူးထင်ပါတယ်။ လက်ရှိအခြေအနေအရ ခေါင်းဆောင်ကောင်းတစ်ယောက်ရထားလို့ ကျနော်တို့ပြည်သူလူထု ကံကောင်းတယ်ဆိုပေမယ့် ရေရှည်အတွက် ဒါဟာ အထာမကျသေးပါဘူးလို့ ကိုယ့်ဘာသာ တစ်ယောက်တည်းတွေးမိတယ်။

နိုင်ငံအရေးကို လုံးဝစိတ်မ၀င်စားဘဲ အင်တာနက်ပေါ်မှာ တောင်လိုလို၊ မြောက်လိုလိုလုပ်ရင်း အချိန်တွေ ကုန်နေတဲ့ ကျနော်တို့ လူငယ်တွေ။ စာဖတ်ကြဖို့ဆိုတာ စာရေးဆရာတွေ ပြောတဲ့စကားပါဗျာ။ သီချင်းဆိုတဲ့သူက သီချင်းနားထောင်ဖို့ပြောကြသလို၊ အသီးအရွက်ရောင်းသူက အသီးအရွက်တွေစားရင် ကျန်းမာတယ်လို့ပြောကြသလိုမျိုး စာရေးတဲ့သူက သူတို့စာရေးဆရာတွေကောင်းစားဖို့ပြောတဲ့ စကားကြီးပါလို့ ပြောတဲ့ လူတစ်ချို့တွေ။ နိုင်ငံရေးဆိုတာ အလကား။ ဘယ်သူ့မှ မယုံဘူး။ ဘယ်သူမှ မကောင်းဘူး။ အားလုံးက အာဏာရဖို့ လုပ်နေကြ တဲ့လူတွေချည်းဘဲလို့ ပြောတဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ လူတစ်ချို့ မိတ်ဆွေတစ်ချို့တွေ။ ကျနော့်မှာ မှားမှန်းသိနေပေမယ့် အမှန်လဲ ပြောမပြတတ်၊ ဖြေရှင်းမပြတတ်တဲ့ဘ၀ကြီးကို ရောက်မှန်းမသိ ရောက်နေမိတယ်။ မြန်မာလူမျိုး တွေ စည်းကမ်းနည်းတယ်၊ စည်းလုံးညီညွှတ်မှုမရှိဘူးလို့ ပြောပြောနေပြီး တွေ့ကရာ ကွမ်းထွေး၊ အမှိုက်ပြစ်၊ တွေ့ကရာလူနဲ့ ရန်ဖြစ်ချင်၊ စိတ်ကောက်ချင်နေတဲ့ ကျနော်လိုလူတွေ။ တစ်ယောက်တည်းဆို အသံတိတ်သလောက် လူအုပ်တောင့်လာရင် ချိုးချင် ဖဲ့ချင် ဖြစ်လာတဲ့ ကျနော့်စိတ်တွေ။ လက်သည်ကိုချည်း အားမကိုးဘဲ နည်းနည်းညှစ်ကြည့်ဖို့ အများကြီးလိုနေပါသေးတယ်လို့ ကျနော့်ကို ကျနော် ပြန်သုံး သပ်ရင်း အတွေးတွေ တွေးနေမိတော့တယ်။

မူရင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။