/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 7, 2013

.

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း


ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ် ရေးစနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်တဲ့ ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ် တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အခွင့်အလမ်းများ ရရှိ ထားပေမယ့် တချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံ စားမှုများကို ရှေ့တန်းတင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တ ရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။


၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင် ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ အစီရင် ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ် ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက် နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့မှု ဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့ အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေရခြင်းဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်းမိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်း ဖော်ဆောင် နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့ အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်ပြီး နိုင်ငံ သား တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီး တော့လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှု များ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကိုပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံး စေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင် များရဲ့ ဘုရားရှိခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများအကြားမှာလည်း သမိုင်းနဲ့ချီတဲ့လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်း နိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများ အဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်များအနက် အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် တရားဥပဒေစိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ် များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့်အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့ အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရတိတိကျကျ လိုက်နာ ဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များအာဟာရ ပြည့်ဝစေရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက် များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးရွားမလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များ ကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေးသဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့် အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ် များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြ ချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက် နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလို ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံသုံးသပ် ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာများကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်း များနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာ ထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလား ချက်များ ကိုလည်း လုံးဝ လျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။