/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 7, 2013

.

ဝေဖန်မှုများ ရှိနေသော်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမ...ံကိန်းကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိကာလ၌ စီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်တန်စွမ်း အခြေအနေများကို အကြို လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၆ ရက်နေ့က ပြောကြားခဲ့သည်။


အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ၊ ကူမင်းနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းအား တရုတ်နိုင်ငံမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းနှင့် စီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၀ဘီ လျံခန့် ရှိကြောင်းလည်း သိရှိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ် ဧပြီလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းသည် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ အများပြည်သူသို့ အသိပေး ထုတ်ပြန်ခဲ့ခြင်း မရှိသေး ကြောင်း လည်း သိရှိရသည်။

''ကျောက်ဖြူကနေ ကူမင်းအထိ ဖောက်မယ့် ရထားလမ်း စီမံကိန်းကို တရုတ်က ရာနှုန်းပြည့် ရင်းနှီး မြှုပ်မယ်လို့ သိရပါတယ်။ အခုချိန်မှာ စီမံကိန်းနဲ့ ပတ်သက်ပြီး အကြိုလေ့လာမှုတွေ ပြုလုပ်နေတာ ပထမ အဆင့်တောင် ပြီးခါနီးနေပါပြီ။ အခုစီမံကိန်းဟာ တရုတ်နဲ့ မြန်မာက ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒီစီမံကိန်းကို ဘယ်ကုမ္ပဏီက ဆောင်ရွက်ခွင့်ရတာ ဆိုတာတော့ မသိရ သေးပါဘူး'' ဟု လည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ အထွေထွေ မန်နေဂျာ ဦးမြင့်ဝေက ပြောကြား ခဲ့သည်။

လက်ရှိကာလ၌ ကျောက်ဖြူ-ယူနန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းသည် လည်း ပြီးဆုံးတော့မည်ဖြစ်ပြီး မကြာမီ တရုတ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့များ ပို့လွှတ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျောက် ဒေသခံများ၏ လယ်မြေသိမ်းယူ ခံရမှုများ၊ ဒေသခံများကို လျော်ကြေး မပေးခြင်း၊ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အတွက် ဆန္ဒဖော်ထုတ်မှုများ၊ မကျေနပ်မှုများမှာ လက်ရှိအချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

''ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း၊ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လယ်ယာမြေတွေ အဓမ္မသိမ်းယူတာ၊ လျော်ကြေးငွေ အပြည့်အ၀ မပေးတာ လျော်ကြေးလုံးဝ မပေးတာ စတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဒေသခံတွေ ကျေနပ်အောင် ပြေလည်မှု မရသေးပါဘူး။ ကျွန်တော်တို့ မဒေးကျွန်းမှာလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုကို ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တယ်။ ဆန္ဒဖော်ထုတ်ဖို့ စာတင်တုန်းကပါတဲ့ ခေါင်းဆောင် ၁၀ ယောက်ကို ၁၉ ရက်နေ့မှာ ဖမ်းတယ်ပေါ့။ ဒီနေ့ (မေလ ၆ ရက်) မှာ တရားရုံးက အာမခံပေးလို့ရတဲ့ ပုဒ်မဆိုပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ အခုချိန်ထိ ဒီစီမံကိန်း ဖြစ်ပေါ်နိုင်တဲ့ EIA, SIA တွေကို ဒေသခံတွေ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ အခု ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှ မသိရဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံတော်က ဆောင်ရွက်တဲ့ စီမံကိန်းတွေကို မပြောလိုပေမယ့် ဘာစီမံကိန်းပဲလုပ်လုပ် ဒေသခံတွေကို အသိပေးပါ။ ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောချင်ပါတယ်'' ဟု ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ကိုထွန်းကြည်က ပြောကြားခဲ့သည်။

မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် မြို့နယ် ၂၁မြို့နယ်ကို ဖြတ်သန်းသွယ်တန်း ထားခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်နှင့် ကျေးရွာပေါင်း ၅၁ ရွာကို ဖြတ်သန်းသွယ်တန်းရာ ယခုနှစ်အတွင်း စမ်းသပ်စဉ် ပေါက်ကွဲမှုအချို့ ရှိခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေရကြောင်း လည်း တအာင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့က ဆိုပါသည်။

အမ်းနှင့်ကျောက်ဖြူမြို့နယ် နယ်စပ်ဆယ်ချဉ်းလုပ် ကျေးရွာအနီးမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းအား ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ(ကျောက်ဖြူ))

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။