/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 7, 2013

.

ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်

ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကား အရောင်း ပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန် ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ် ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။


အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န် ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက် ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။

Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ် မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။

အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိ ရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် နိုင်ငံတကာ ကားကုမ္ပဏီများ၊ ယာဉ် အပိုပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ယခု ဒုတိယ လေးလပတ်အတွင်း အမေရိကန်အခြေစိုက် Ford ကားကုမ္ပဏီနှင့် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီတို့၏ တရားဝင် ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ကြ မည်ဖြစ်သည်။

ထို့ပြင် ဂျပန်အခြေစိုက် Toyota၊ Nissan၊ Honda၊ Suzuki ကုမ္ပဏီ တို့ကလည်း ၀န်ဆောင်မှုနှင့် ယာဉ် အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်ကာ Mitsubishi ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဂျာမနီအခြေစိုက် Bosch ကုမ္ပဏီကလည်း ယခုလအတွင်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာ ဖွင့်လှစ်မည်ဖြစ်သည်။ BMW ကားကုမ္ပဏီသည် မြန်မာဈေးကွက်တွင် လူကြိုက် များသော ထိပ်တန်းအမှတ်တံဆိပ် ဖြစ်သည်။ BMW ကို ၁၉၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြူးနစ် မြို့တွင် အခြေစိုက်ထားသည်။ BMW သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ အဓိက ထုတ်လုပ်ပြီး Rolls-Royce နှင့် Mini ကဲ့သို့ ကမ္ဘာကျော် ကားကုမ္ပဏီ အချို့ကိုလည်း ပိုင်ဆိုင်သည်။

BMW ကားကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၎င်း၏ ကားမော်ဒယ် အချို့မှာ 1 - 7 စီးရီး မော်ဒယ်များ၊ X1၊ X3၊ X5၊ X6၊ Z4၊ M3၊ M5၊ M6၊ X5M၊ X6M တို့ဖြစ်သည်။

FROM-ELEVEN MEDIA GROUP

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။