/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 16, 2013

.

ဆိုတေး သွေးပေါင်ချိန် ပြန်တက်လာပြီ



မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြား ခဲ့သော တေးသံရှင်ဆိုတေး စီးနင်းလာသော ကိုယ်ပိုင် ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် တိမ်းမှောက်ခဲ့ရာ တေးသံရှင်ဆိုတေး ဒဏ်ရာရရှိခဲ့ပြီး ၎င်းနှင့်အတူ အဖော်အဖြစ် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက The Voice သို့ပြောကြားသည်။


တေးသံရှင် ဆိုတေးသည် မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွားတွင် ယင်းကဲ့သို့ ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တေးသံရှင် ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

“သူ့ ( ဆိုတေး ) ကို အောက်ဆီဂျင် ပေးထားတယ်၊ CT Screen လည်း ရိုက်ထားတယ်၊ သွေးပေါင်ချိန်လည်း ပြန်တက်လာပြီ၊ အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မန္တလေးတွင် နေထိုင်သူ တေးသံရှင်ဆိုတေး၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ယနေ့ည ၁၁နာရီအထိရရှိသော သတင်းများအရ တေးသံရှင်ဆိုတေးသည် ခွဲစိတ်ကုသမှု ပြီးစီး၍ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်း လာနိုင်သည့် အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း ခွဲစိတ်ခန်းမှ ပြန်ထွက်လာစဉ် ညီဖြစ်သူက လက်စွပ်ကို ချွတ်ယူချိန်၌ ပြန်ရုန်းကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ပြောကြားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာတွင် တေးသံရှင် ဆိုတေး သေဆုံးသည်ဟုဆိုကာ သတင်းများ ထွက်ပေါ်ခဲ့သည်။ ဆိုတေး စီးနင်းလိုက်ပါလာသော KIA အမျိုးအစားယာဉ်သည် ရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာလမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး နေဝင်းက ဆက်လက်ပြောကြားသည်။

ယာဉ်ပေါ်တွင် တေးသံရှင်ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး စီးနင်းလိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချောကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တေးသံရှင် ဆိုတေးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူး ကြီးဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဦးသန်းဝင်းလှိုင်ကို ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ထားကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

တေးသံရှင် ဆိုတေးသည် မီးအိမ်ရှင်အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသူဖြစ်ပြီး အခြားသော တေးသံရှင်များနှင့်လည်း တေးစီးရီးများ ထွက်ရှိထားသူ ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် ဇူလိုင်လ ၇ ရက်နေ့တွင် ဟိုင်းလပ် ဆာ့ဖ်ယာဉ်သည် ကျော်တက်သည့် ခရီးသည်တင်ယာဉ်ကို ရှောင်ရာမှ တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း မိုင်တိုင် အမှတ် ၁/၇ နှင့် မိုင်တိုင်အမှတ် ၂ ကြား ဆီဖြည့်နေသည့် နစ်ဆန်း ကိုရိုလာယာဉ်ကို Toyota Belta ယာဉ်က ဝင်ရောက် တိုက်မိရာ နစ်ဆန်းယာဉ်ပေါ်မှလူနှစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်တိုင် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် တောင်ငူ-ရန်ကုန် ပြေးဆွဲသည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်း ရေးထံမှ သိရှိရသည်။

မိုးတွင်းကာလ၌ အမြန်လမ်းတွင် မောင်းနှင်သည့် ယာဉ်များအနေနှင့် ယာဉ်ကျော်တက်ရာတွင် သတိထားသင့်ကြောင်း အမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်ကြီးများ၏ လေအရှိန်ကြောင့် ယာဉ်ငယ်များ လွန့်လူးကာ အရှိန်မထိန်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယာဉ်မောင်းနှင်သူများက အရက်သောက်သုံးခြင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်လေ့ရှိကြောင်း ရန်ကုန် -မန္တလေး အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိသည်။ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိသည်။

ယင်းလမ်းမ စတင်အသုံးပြုသည့် ၂၀၀၉ ခုနှစ်မေလမှ ယခုနှစ်ဧပြီလအထိ လေးနှစ်အတွင်း အမြန်လမ်း ပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့် ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Credit : The Voice Weekly

6 comments:

  1. ဆိုတေးအမြန်ဆုံးပြန်ကောင်းပါစေ

    ReplyDelete
  2. မီးအိမ်ရှင်လေးပြန်လည်ထွန်းလင်းတောက်ပလာပါစေ
    မီးအိမ်ရှင်သီချင်းခြေသံလေးပရိသတ်ရင်ထဲပြန်နင်းလျှောက်
    နိင်ပါစေ

    ချစ်ရူးမလေး လားရှိုး

    ReplyDelete
  3. အမြန်ဆုံးသတိရပါစေ
    လို့ဆုတောင်းပါတယ်
    ပျော်ရွှင်
    စွာနဲ့
    သီချင်းတွေ
    ဆိုနိုင်
    ပါစေ

    ReplyDelete
    Replies
    1. kawlin,taungmaw villageJuly 25, 2013 at 5:28 PM

      သတိရပြီဆိုတော့
      ဝမ်းသာတယ်
      အားလုံးလဲ
      အဆင်ပြေပါ
      စေလို့ဆုတောင်းပေးတယ်နော်

      Delete
  4. နောက်ဆို သတိ ကြီးကြီး ထား ကွာ

    ReplyDelete
  5. ဆိုတေးပြန်ကောင်းပါစေ ကျွန်တော်ကသူ့ပရိတ်သက်ပါလက်ရှိသူသီချင်းကိုနားထောင်နေတာပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။