/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား

မိတ္ထီလာခရိုင်အတွင်း လက်ရှိ ဖြစ်ပွားနေသော ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလော ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလ များသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှ အဓိကရုဏ်း အသွင်များ ကူးစက်မှု မရှိစေရန် ကြိုတင်စီမံထားကာ လုံခြုံရေး အင်အားကို တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က “ဒီလို ဆူပူ မှုတွေ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက အဓိက အချက်တစ်ချက်က နောက်ကွယ်ကနေ ကြိုးကိုင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ လိုအပ်တယ်။ အခု ရန်ကုန်တိုင်း အတွင်းမှာလည်း မိတ္ထီလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဆူပူမှုတွေ ဖြစ်တော့မယ်။ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု လုံးဝမရှိဘူး။ ဒါတွေက ကောလာဟလတွေသာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သည့် လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် သန်လျင် စသည့်မြို့နယ်များတွင် ဘာသာရေး အသွင်ဆောင်သည့် အခြေအနေများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဒီလိုဖြစ်စဉ်တွေမှာ ပြဿနာ မကြီးကြီးအောင် ဖန်တီးနေတဲ့ လူတွေက အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ ပညာမဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အသိဥာဏ်ရှိဖို့လိုအပ်တယ်။ ဒီလို ဆူပူမှုတွေ ရန်ကုန်တိုင်းအတွင်း မဖြစ်စေဖို့ အစစအရာရာ ကြိုတင်ပြင်ဆင် ထားတယ်။ ညပိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေ တိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်။ အကယ်၍ ဆူပူမှုတွေ ဖြစ်ပွားအောင် ပြဿနာ စတင်ပြီ ဆိုတာနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်း အသွင်ဖြစ်စဉ်များ ဖြစ်ပွားနေသည်ဟု သတင်း များ ထွက်ပေါ်သည်နှင့် သက်ဆိုင်ရာမှ အမြန်ဆုံးသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုနှင့် လုံခြုံရေးများ ဆောင် ရွက်လျက်ရှိသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။