/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 23, 2012

.

၅ ထောင်တန် ဖုန်းကတ်ကိစ္စဖြင့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ကျပ် ၅ ထောင်တန် လက်ကိုင်ဖုန်း ဆင်းမ်ကတ် သုံးနိုင်ရေး လွှတ်တော်တွင် အဆို တင်သွင်းမည်ဟုဆိုကာ ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ကြောင်း သတင်းရရှိသည်။

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)

ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက စာနယ်ဇင်းသမားများကို ခေါ်ယူကာ ကျပ် ၅ ထောင်တန် ဖုန်းကတ်များ အသုံးပြုခွင့်ရရှိအောင် ကြံ့ခိုင်ရေးပါတီက ဆောင်ရွက်ပေးမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထောက်ခံမဲရရှိရေး လုပ်ဆောင်ချက်တခုအဖြစ် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝန်းက ပြောဆိုနေကြသည်။

“အခုတက်နေတဲ့ အစိုးရက ကြံ့ခိုင်ရေးပါတီက အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးအစိုးရပါ။ သူတို့ပဲ ၅ ထောင်တန်ဖုန်းကတ်ကို မဖြစ်နိုင်ဘူးဆိုပြီး သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းပစ်ခဲ့တယ်။ အခုတခါ ကြံ့ခိုင်ရေးက ၅ ထောင်တန် ဖုန်းကတ်အတွက် အဆိုတင်မယ်ဆိုပြီး ပြောပြန်တယ်။ တကယ်ဖြစ်အောင် လုပ်ပေးမယ်ဆိုရင် ကြိုဆိုတယ်။ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စမို့ ဘယ်သူလုပ်လုပ် ကြိုဆိုတယ်။ ဒါပေမယ့် အခု ကြံ့ခိုင်ရေးက ပြောနေတာက လက်တွေ့ဖြစ်အောင် မလုပ်ဘဲ ခါတော်မီ မဲရဖို့ ပြောတာပဲလို့ ယူဆယ်” ဟု လူမှုရေးဆိုင်ရာ လူငယ်ကွန်ရက်တခုကို ဦးဆောင်လှုပ်ရှားနေသူ နိုင်ငံရေးသမားတဦးက ပြောသည်။

၅ ထောင်တန် ဖုန်းကတ်ကိစ္စသည် လူထုအကြား အလွန်ရိုက်ခတ်မှုကြီးကြောင်း၊ ထိုဈေးနှုန်းနှင့်ဆိုလျှင် လူတိုင်းဖုန်းသုံးနိုင်သည့် အနေအထားဖြစ်ပြီး အားလုံးကလည်း မျှော်လင့်ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။ ရွှေပြည်တံခွန်ကုမ္ပဏီက ကျပ် ၅ ထောင်ဖြင့် ဖုန်းကတ်များ ထုတ်လုပ်ရောင်းချလိုကြောင်း သမ္မတ ဦးသိန်းစိန်ထံ တင်ပြတောင်းခံခဲ့ရာ ဆက်သွယ်ရေးလုပ်ငန်းတွင် အစိုးရကသာ လုပ်ကိုင်နိုင်ပြီး ဥပဒေအရ ပုဂ္ဂလိက ကုမ္ပဏီများကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်မပြုနိုင်ကြောင်း ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးခင်မောင်သက် တရားဝင် ငြင်းဆိုခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကမူ ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ကျပ် ၅ ထောင်တန် ဖုန်းကတ်များ ချထားပေးမည်ဖြစ်ပြီး ၅ ထောင်တန်ဖုန်း အချင်းချင်းသာ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ခွင့်ပြုမှသာလျှင် ဖုန်းအမျိုးအစားအားလုံးနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ပြည်တွင်းသတင်းထောက်တဦးက “ကြံ့ခိုင်ရေးက တကယ်ပဲ ၅ ထောင်တန်ဖုန်း သုံးစေချင်တယ်ဆိုရင် လူထုတွေထဲမှာ တွင်တွင်ကျယ်ကျယ် စည်းရုံးပြီး လှုပ်ရှားမှုတွေ ဦးဆောင်သင့်တယ်။ နောက်ပြီး ဆက်သွယ်ရေးဝန်ကြီး ဆိုတာကလည်း ကြံ့ခိုင်ရေးပါတီက အမတ်တဦးဖြစ်ခဲ့တဲ့အတွက် သူ့ကို ၅ ထောင်တန်ဖုန်းကတ်တွေ ခွင့်ပြုဖို့ ဖိအားပေး၊ ဥပဒေပိုင်းမှာလည်း ပြင်သင့်တာတွေ မြန်မြန်ပြင်နိုင်ဖို့ လုပ်၊ အခု ဖုန်းကတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီကို သွားတွေ့ပြီး ဖုန်းကတ်တွေ တကယ်ထွက်လာအောင် တွေ့ဆုံတွန်းအားပေးတာမျိုးလည်း လုပ်လို့ရတယ်” ဟု ပြောသည်။

 မြန်မာနိုင်ငံတွင် ၅ နှစ်အတွင်း ကျပ် ၃ သိန်းအောက် GSM ဖုန်းအလုံး သန်း ၃၀ ချထားပေးမည့် စီမံကိန်းကို အစိုးရက ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းတွင် E-Lite, ရတနာပုံတယ်လီပို့၊ IGE ကုမ္ပဏီ အပါအ၀င် အာဏာပိုင်များ၊ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ကုမ္ပဏီ ၂၃ ခုက အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

http://burma.irrawaddy.org/archives/6400 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။