သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရန်ကုန်အကျဉ်းထောင် အပါ အ၀င် အကျဉ်းထောင်အသီးသီးက နိုင်ငံရေး အကျဉ်းသား ၇၃ ယောက်ကို လွတ်ပေးလိုက်ပြီး အဲ့ဒီထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့တွေက တပ်ဖွဲ့ဝင်တွေ အတော်များများ ပါဝင်တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပ ခရီးစဉ်အတွင်း ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးမယ်လို့ ကတိပေးပြီး မကြာခင်မှာပဲ ခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲနိုင်တော့မယ်ဆိုတာမျိုးတွေပါ ပြောခဲ့ပြီးနောက် အခုတစ်ကြိမ် လွှတ်မြောက်လာသူတွေထဲမှာ တိုင်းရင်းသားတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။
အဲဒီထဲမှာ ကရင်၊ ရှမ်းနဲ့ ကချင်လူမျိုးတွေ အများဆုံးပါဝင်ပြီး ကချင်လူမျိုး ဦးလထော်ဘရန်ရှောင်ကိုတော့ ဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် လာခေါ်ပြီး နေရပ်အထိ ပြန်လည်ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးအိုးဘို အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးဟာ ရှမ်းနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တွေက ဖြစ်ပြီး အဲ့ဒီထဲမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေကြတဲ့ ရှမ်းပြည်နယ်တပ်မတော် တပ်ဖွဲ့ဝင် အိုက်မွန်း၊ ဟိန်းဇော်၊ လှမြင့်၊ အိုက်တိ၊ စိုင်းအွန် နဲ့ ထောင်ဒဏ် ၄၂ နှစ် ကျခံရတဲ့ အိုက်ညွန့် တို့ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထောင်ဒဏ် ၆ နှစ်ကျခံနေရတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ဝင် ဇော်ဒွဲ နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံနေရတဲ့ မောင်ကျော် တို့လည်း ပြန်လွတ်လာကြောင်း သိရပါတယ်။
သာယာဝတီ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ထဲမှာတော့ ဦးမြသောင်း၊ ဦးသန်းမောင်၊ စိုင်းကျိန်း၊ စိုင်းပန်၊ ဦးတင့်နိုင်၊ ထက်ပိုင် တို့ပါဝင်ပြီး သူတို့ဟာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ထောင်ဒဏ်တစ်သက် ကျခံနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ထဲမှာတော့ ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရတဲ့ ကရင် အမျိုးသား ဦးကျော်မြင့်မျိုး လွတ်မြောက်လာပြီး သူဖမ်းဆီးခံခဲ့ရပုံကို အကျဉ်းထောင်ရှေ့မှာပဲ သတင်းထောက် တွေကို အခုလို ပြောဆိုပါတယ်။
နောက်ကြောင်းပြန်ပြီး အရေးယူထားတဲ့ နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ နဲ့ နိုင်ငံတော် ၂၀၀၇ က အဖမ်းခံရတယ်။ ကျနော် အင်တာဗျူးလုပ်ခဲ့တာ ၂၀၀၅ မှာ လုပ်ခဲ့တယ်။ နိုင်ငံခြားမှာ လုပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးခံရတာပါ။ အဓိကကတော့ အစိုးရရဲ့ criminal case တွေ genocide တွေ နောက်ပြီးတော့ နျူးကလီးယား ပါဝါကိစ္စတွေ အဲဒီကိစ္စကို ကျနော့် အေ့ဂျင့်တစ်ယောက်၊ ကျနော့်ညီမှာပဲ ရေတပ်က၊ အဲဒါ သူ့ရဲ့ လင့်ကနေ တင်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားစွဲတယ်။
ဦးကျော်မြင့်မျိုး ဖမ်းဆီးခံခဲ့ရချိန်က ကျန်းမာရေးကောင်းမွန်ခဲ့ပေမယ့် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းမှာ ညင်းပန်းနှိမ့်စက်မှုဒဏ်ခံခဲ့ရမှုကြောင့် ခါးဆစ်ထိပြီး အောက်ပိုင်းမလှုပ်ရှားနိုင်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့အပေါ် သူ့အနေနဲ့ ၀မ်းသာမိပေမယ့် မော်လမြိုင်အကျဉ်းထောင်အတွင်းမှာ အညတရ နိုင်ငံရေးအကျဉ်းသား ၆ ယောက် ကျန်ရှိနေသေးတဲ့အတွက် ၀မ်းမသာနိုင်ဘူးလို့လည်း အခုလို ဆက်ပြောပါတယ်။
လက်ရှိမှာတော့ လွတ်လာတာကတော့ ဘယ်သူမဆို ဘာသာရေးကပဲ ကြည့်ကြည့် လူမှုရေးဖက်ကကြည့်ကြည့် ပျော်ကြတာပဲ။ ဒါပေမယ့် တကယ်တမ်း ပြောရတော့လည်း သိပ်ပြီးတော့ မပျော်နိုင်ဘူး၊ ဘာလို့ မပျော်နိုင်ဘူးလည်း ဆိုတော့ ကျနော်မှာ ဘာမှ မကျန်တော့ဘူး၊ ပြီးတော့ ကိုယ့်ရဲဘော်တွေ ကျန်ခဲ့တယ် ထောင်ထဲမှာ အညတရလေးတွေ၊ တကယ်လုပ်ခဲ့တဲ့ ရဲဘော်လေးတွေ ကျန်ခဲ့တယ်။ တချို့ဆိုရင် အပြစ်မရှိတဲ့သူတွေ၊ အပြစ်မရှိဘူးဆိုတာလည်း သိတယ်၊ သိသိနဲ့ ကျန်နေခဲ့ရတဲ့လူတွေ ရှိတယ်။ အဲဒီအတွက် ကျနော်မပျော်နိုင်ဘူးပေါ့။
အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ပေးမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်းမှာ ဒီနှစ်မကုန်ခင် နိုင်ငံရေး အကျဉ်းသား တွေ အကုန်လွတ်ပေးမယ်လို့ ကတိပြုအပြီး ရက်ပိုင်းအတွင်း အကောင်အထည်ဖော်လိုက်တာဖြစ်သလို ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ကြေညာမယ်လို့ ပြောဆိုပြီးနောက် ခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် အများစု လွှတ်မြောက် လာတာလည်း ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ စာရင်းအရ ပြစ်ဒဏ်စီရင်ခံရသူ ၁၆၀ နီးပါး နဲ့ တရားရင်ဆိုင်နေရသူ ၇၀ ခန့်ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၀ လောက် အကျဉ်း ထောင်တွေမှာ ရှိနေတယ်လို့ သိရကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
လှုပ်ရှားရေးသမားတွေကတော့ သမ္မတက နာမည်ကောင်းရဖို့အတွက် တသုတ်ပြီးတသုတ် လွှတ်ပေး နေတာသာ ဖြစ်တယ်လို့ပြောပြီး နောက်ထပ် ဖမ်းဆီးခံရသူတွေ ရှိနေတဲ့အတွက် အဲဒီအပေါ်စိုးရိမ်မကင်း ဖြစ်နေရတယ်လို့လည်း ပြောနေကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း က ကြိုဆိုလိုက်ပါတယ်။
Credit : http://abbsoluteright.blogspot.com/2013/07/blog-post_701.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။