/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 24, 2013

.

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် ဝန်ထမ်း တစ်သိန်းကျော် နေ့စား ခန့်မည်



လာမည့်နှစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက် ယူရေး အတွက် ဝန်ထမ်းအင်အား တစ်သိန်း နှစ်သောင်း လိုအပ်နိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ခန့်မှန်း ထားပြီး ယင်းဝန်ထမ်းနေရာများတွင် ပညာရေးဝန်ထမ်းများကို နေ့စားအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ အမျိုးသားအဆင့် အရာရှိတစ်ဦးက ပြောကြားသည်။


ဒေသအလိုက် စာရင်း ကောက်ခံမည့် ဝန်ထမ်း တစ်သိန်းနှင့် ကြီးကြပ် စစ်ဆေးမည့် စာရင်းစစ် နှစ်သောင်း ခန့်ထားမည်ဖြစ်ပြီး အခြားဝန်ထမ်းများထက် ပညာရေးဝန်ထမ်းများက တစ်နိုင်ငံလုံး အတိုင်းအတာ ရောက်ရှိနိုင်သောကြောင့် ပညာရေး ဝန်ကြီး ဌာနနှင့်ညှိနှိုင်းကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“စာရင်းကောက်တဲ့ ဆရာမလေးတွေကို တစ်နေ့ ကျပ်သုံးထောင်နဲ့ ကြီးကြပ်တဲ့ ဆရာမတွေကို ကျပ်လေး ထောင် ဆိုပြီး သတ်မှတ်ထားတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောဆိုသည်။

ယင်းသန်းခေါင်စာရင်း ကောက်ယူမှု စီမံကိန်းတွင် လက်နက်ကိုင် ပဋိပက္ခ ဒေသများ အပါအဝင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အားလုံးကိုကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့် တစ်ခု ကောက်ခံ မှုနည်းဗျူဟာ များ ကွဲပြားသွားရန်ရှိကြောင်း အမျိုးသားအဆင့် အရာရှိတစ်ဦးက ဖြည့်စွက် ပြောဆိုသည်။

လွန်ခဲ့သောနှစ်က ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် သန်းခေါင် စာရင်း ကောက်ယူမှုကို အထူးအစီအစဉ်ဖြင့်ဆောင်ရွက်သွားရန်ရှိပြီး ယင်းစခန်းများကို စီမံခန့်ခွဲနေသော ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီနှင့် ကောက်ခံမည် ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှု အတွက် နည်းပညာပိုင်း ကူညီပံ့ပိုးနေသော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ထံမှ သိရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် စမ်းသပ် သန်းခေါင် စာရင်းကို ပညာရေး ဝန်ထမ်း များ၏ လုပ်အားဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးရှိ မြို့နယ် တစ်ခုစီတွင် ကောက်ယူခဲ့ပြီး အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်း ထားပြီး အစိုးရက ဒေါ်လာ ၁၅ သန်း၊ ကုလသမဂ္ဂ အကူအညီ ဒေါ်လာ ငါးသန်းနှင့် ကျန်လိုအပ်သည်ကို အလှူရှင်နိုင်ငံများထံမှ ရယူသုံးစွဲမည်ဖြစ်ကြောင်း ဦးခင်ရီ က ပြောကြား သည်။

လက်ရှိ အချိန်တွင် ဒေါ်လာ ၁၄ သန်းခန့် လက်ခံ ရရှိထားသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ စာရင်းများအရ သိရသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသအချို့နှင့် ရခိုင်ပြည် နယ်ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်ရာဒေသများတွင် အခက်အခဲများ ကြုံတွေ့နေရသေးကြောင်း ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တည်ရှိရာ ဒေသများတွင် သန်းခေါင် စာရင်း ကောက်ယူနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစဉ် တစ်ပါတည်း ညှိနှိုင်းနေပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက် ယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းအကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ပြောကြားချက်အရ သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ် သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ည ၁၂ နာရီ အချိန်တွင် မြန်မာနိုင်ငံ ဧရိယာအတွင်း နေထိုင်သူ တိုင်းရင်းသား လက်နက်ကိုင်များ၊ ဘင်္ဂါလီ လူမျိုးများအပါအဝင် လူဦးရေအားလုံးနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များပါဝင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။