/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

တနင်္သာရီ တိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်ဂိတ် ထပ်မံဖွင့်လှစ်

ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲအနီး၌ ထီးခီးအမည်ရှိ တရားဝင် နယ်စပ်ကုန်သွယ်ရေးဇုံဂိတ်တစ်ခုကို မေလ ၁၁ရက်နေ့ တွင် မြန်မာအစိုးရမှ တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းဂိတ်ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်မဟာ (၄)မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လူနှင့် ထိုင်းဘက်မှ ကန်ချနပူရီခရိုင်မှူး အပါအ၀င် စုစုပေါင်း လူ ၃၀၀ခန့် တက်ရောက်ကြသည် ဟု သိရသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်က တရားဝင်ဂိတ်အဖြစ် မြိတ်၊ ကော့သောင်းနှင့် မောတောင် စသည့်ဂိတ်များသာ ရှိခဲ့ သော်လည်း ယခုလို ထီခီးဂိတ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူထုအတွက် ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုကိစ္စ ပို၍ အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း ယင်းဒေသရှိ ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဂိတ်အသစ်ဖွင့်တော့လည်း သွားရလာရ လုပ်ကိုင်စားသောက်ရတာ ပိုအဆင်ပြေမယ်လို့ မျှော်လင့် တယ်။ နောက် ဖွင့်ပွဲ မှာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင်က ထိုင်းဘက်ခြမ်း သွားအလုပ် လုပ်မယ့်သူအတွက် တရားဝင်ဖြစ်အောင် လုပ်ပေးမယ်ပြောတယ်”ဟု ပြောဆိုသည်။

လက်ရှိ မြန်မာဘက်ခြမ်းတွင် ဖွင့်လှစ်လိုက်သည့် ထီးခီးဂိတ် အနီးအနားတွင် ကတ်သရာခီးရွာ၊ ဆင်ဖြူတိုင်၊ ၀ါးတော၊ အမိုကျေး ရွာများရှိပြီး မြန်မာဘက်ခြမ်းနှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးသော ထိုင်း ဘက်ခြမ်းရှိ ကန်ချနပူရီခရိုင်၊ ဗာန်းဖူးနာမ်းရွန်း ရွာအနီးတွင် လာမည့် ဇူလိုင်လ ၁ ရက်နေ့၌ ဖွင့်လှစ်မည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် တရားဝင် နယ်စပ်ဂိတ်များအဖြစ် မြဝတီ၊ ဘုရားသုံးဆူ၊ တနင်္သရီတိုင်းမှ မောတောင်နှင့် ကော့ သောင်း နယ်စပ်ဂိတ်၊ သျှမ်းပြည်နယ်ဘက်တွင် တာချီလိတ်နယ်စပ်ဂိတ်တို့အပြင် ယခု အသစ်ဖွင့်လှစ်လိုက်သော ထီးခီးဂိတ် အပါအ၀င် တရားဝင်ဂိတ် စုစုပေါင်း ၆ခုရှိပြီ ဖြစ်သည်။

Credit : http://www.mnews.myanmaronlinecentre.com/archives/26542

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။