/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

မိတ္ထီလာ အကြမ်းဖက်မှု သံသယရှိသူ ၅၀ ကျော်အား အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို

လူပေါင်း ၄၀ ကျော်သေဆုံးခဲ့သည့် မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယ ရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။


လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည့်ပြစ်မှုပုဒ်မ (၁၀)ခုခန့်ဖြင့် တရားစွဲဆိုမည်ဟု သတင်းရရှိသည်။ ဧပြီလကုန်ပိုင်းအထိ အမှု ၁၀ မှုစွဲဆိုထားပြီဖြစ်ပြီး ၁၂ မှုကို ဥပဒေ အကြံ တောင်းထားကာ ကျန်ရှိသည့် အမှုများကိုလည်း ဆက်လက်တရား စွဲဆိုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်နဲ့ မြန်မြန် ဆန်ဆန်ဖြစ်အောင် တရားစွဲဆို အရေးယူသွားပါမယ်” ဟု ဦးရဲ အောင်မြင့်က မေလ ၂ ရက်တွင် ပြောသည်။

တရားခံများ အနေဖြင့်လည်း ရှေ့နေများ ငှားရမ်းပြီး ခုခံချေပခွင့် ရရှိရန်၊ မျှမျှတတရှိစေရန် စီစဉ် ဆောင်ရွက်နေကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုများတွင် တရားခံအတွက် ခုခံချေပ ပေးမည့် ရှေ့နေမပါရှိဘဲ ပြစ်ဒဏ်ချ မှတ်၍မရကြောင်း၊ ဘုန်းတော်ကြီး ဦးသောဘိတ အသတ်ခံရမှုတွင် တရားခံများအတွက် ရှေ့နေကို နိုင်ငံတော်မှ ငှားရမ်းပေးခဲ့သော်လည်း အမှုလိုက်ပေးမည့်ရှေ့နေမရှိကြောင်း တရားခံများအတွက် မျှမျှတတဖြစ်စေရန် ၄င်းတို့ကွန်ရက်မှ အခမဲ့ ရှေ့နေလိုက်ပေးနေကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးကပြောသည်။

“မိတ္ထီလာခရိုင် တရားရုံးက တော့ တရားခံအခွင့်အရေး အပြည့် အ၀ပေးထားတာ တွေ့ရတယ်။ ဒီအမှု တွေက တိုင်းပြည်ရဲ့ တရားရေး ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်” ဟု ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်အနေဖြင့် အမျိုး၊ ဘာသာမခွဲခြားဘဲတရားဥပပဒေအရ အကာအကွယ် ပေးနိုင်ရန်နှင့် တရားခံ အစစ်အမှန် ပေါ်ပေါက်ပြီး ဥပဒေအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ချ မှတ်နိုင်စေရန် အကူညီပေးနေကြောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခဖြစ် စဉ်တွင် သေဆုံးသူ (၄၀)ကျော်၊ ဒဏ် ရာရသူ (၅၀)ကျော်ရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးမှုကြောင့် လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်။

7Day News 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။