စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနသုံးခုအနက် နှစ်ခုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး တဦးက ဆိုသည်။
“မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာန လို့ အမည်ပြောင်းခဲ့သလို နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကိုလည်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်”ဟု ဝန်ကြီးဌာနမှ လက်ထောက် ညွှန်မှူး ဦးခင်မောင်လွင် က ပြောသည်။
ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ လုပ်ကိုင်နေရသော လုပ်ငန်းများနှင့် ဌာနအမည်မှာ အံဝင်မှုရှိ၍ မူလအတိုင်း ထားရှိကာ အမည်ပြောင်းလဲခြင်း မရှိဟု ဆိုသည်။
“မြန်မာ့ လယ်ယာထွက်ကုန်ဌာနဆိုရင် အရင်က ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ နာမည် ဖြစ်နေတဲ့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ အံဝင်အောင် အမည်ပြောင်းလဲလိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကုန်သွယ်မှုမြှင့်တင်ရေးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ ပြုလုပ်ရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစား ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ စသည်တို့ ဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုဌာနခွဲ၊ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲ၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ၊ စားသုံးသူရေးရာ ဌာနခွဲ၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲ၊ ကုန်သွယ်မှု စာရင်းအင်းဌာနခွဲ၊ ပို့ကုန်လုပ်ငန်းဌာနခွဲ၊ သွင်းကုန်လုပ်ငန်းဌာနခွဲ စသဖြင့် ဌာနခွဲများ ဖွဲ့စည်းလုပ်ကိုင်မည်ဟု ဆိုသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအပြင် နယ်စပ်မြို့များနှင့် တိုင်းနှင့်ပြည်နယ် များတွင် လည်း ဌာနခွဲများ ဖွင့်လှစ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအချို့မှ အကြီးတန်း အရာရှိကြီးများ အပါဝင် အရာရှိအများအပြားကို တာဝန်မှ အငြိမ်းစား ပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်းတာဝန်ပေးမှုများ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာ စီး/ကူး ဝန်ကြီး ဌာနအောက်ရှိ အရာရှိကြီးများလည်း ပါဝင်ခဲ့သည်။
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။