/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 3, 2013

.

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြား ရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေး တာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည် ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက် တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။

ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့် မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင် ပြည်နယ် ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။ 

Credit :

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။