၂၀-၃-၂၀၁၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မိတ္ထီ လာမြို့ အဓိကရုဏ်မှစ၍ အခြားသော ကူးစက် အဓိ ကရုဏ်းများနှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာ အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယ ကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေငြာအပ်ပါသည်။
၂၀-၃-၂၀၁၃ ရက်နေ့ နယူးဝိန့်စိန် ရွှေဆိုင်မှ စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့အဓိကရုဏ်းသည် မည်သည့်အရောင်အသွေးနှင့် မည်သည့်ဘေးပယောဂမျှ မပါဝင်သော၊ နှစ်ဦးနှစ်ဖက်လုံး စိတ်မထိန်းနိုင်၍ ဒေါသအလျောက် ရုတ်တရက်ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဟု ရှုမြင်ပါသည်။
အဓိကရုဏ်းကြီးမားပြင်းထန်စွာ တာရှည်သွားရခြင်းမှာ ခရီးသွားသံဃာတစ်ပါး သွေးမြေကျခဲ့ ရသော ကြောင့် ဖြစ်သည်ဟု ဆိုရပါမည်။ ၂၀၀၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တောင်ငူအဓိကရုဏ်းကြီးတွင်လည်း ဤကဲ့သို့ပင် သံဃာများသွေးမြေကျရာမှ စတင်ခဲ့ပြီး ကြီးမားပြင်းထန်စွာ ရက်ရှည်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။
ပဲခူးတိုင်း မြို့နယ်အချို့သို့ ကူးစက်ဖြစ်ပွားခဲသောအဓိကရုဏ်းများသည် အရောင်အသွေးနှင့် ဘေးပယောဂ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူအုပ်အင်အားဖြင့် အကြမ်းဖက်အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ငြင်း မရအောင် သိသာထင်ရှားသည်မှာ အမှန်ပင် ဖြစ်ပါသည်။
အဆိုပါအဓိကရုဏ်းများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ်ဥစ္စာများ များပြားစွာ ဆုံးရှုံးနစ်နာခဲ့ရသည့်အပြင် ၂၉-၃-၂၀၁၃ ရက်နေ့မှ စတင်ကျင်းပမည့် ဓမ္မာစရိယနှင့် ပထမပြန် စာမေး ပွဲများ ရက်ရွှေ့ဆိုင်းလိုက်ရခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံး စာဖြေသံဃာ (၉၄၅၄၃)ပါးတို့၏ ပရိယတ္တိ ပညာရေးကိုလည်း ကြီးမားစွာ ထိခိုက်နစ်နာစေပြီး အနာဂတ်ဒီမိုကရေစီခရီးအတွက်လည်း ခလုတ် ဆူးငြောင့် သဖွယ် အနှောက်အယှက်အဟန့်အတား များစွာဖြစ်ပေါ်စေခဲ့ပါသည်။
(က) သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရှေးရှု၍ အပြစ်မဲ့ ခရီးသွားသံဃာတစ်ပါးကို လုပ်ကြံမိခဲ့ကြသော မွတ်ဆလင်းများကိုယ်စား မွတ်ဆလင် အဖွဲ့ချုပ် (အစ္စလာမ်သာသနာအဖွဲ့ချုပ်)ကြီးမှ ရဟန်းရှင်လူ ပြည်သူများအား ပြန်လည်တောင်းပန်ရန် တိုက်တွန်းလိုက်သည်။
(ခ) ပဲခူးတိုင်းမြို့နယ်အချို့တွင် ဖြစ်ပွဲခဲ့သော အကြမ်းဖက် အနိုင်ကျင့်မှုများသည် ဗုဒ္ဓသာသနာတော်၏ ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့ အရင်းခံစိတ်သဘောထားပုံရိပ်ကို ထိခိုက်နစ်နာစေသော ခွင့်မလွတ် နိုင်သည့် အမဲစက်ကြီး ဖြစ်ကြောင်း ဝမ်းနည်းစွာ မှတ်တမ်းတင်အပ်ပါသည်။
(ဂ) ထို့အပြင် အဆိုပါ အကြမ်းဖက်သမားများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ထိုအကြမ်းဖက် သမား များကြောင့် စည်းစိမ်းဥစ္စာ ဆုံးရှုံးခဲ့ရသော မွတ်ဆလင်များအား မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ကိုယ်စား ဦးပဉ္စင်းကပင် အနူးအညွတ်တောင်းပန်အပ်ပါသည်။
(ဃ) ဤအခင်းဖြစ်ရာကာလအတွင်း ဘာသာ လူမျိုး မခွဲခြားဘဲ အတိဒုက္ခရောက်နေသူမှန်သမျှကို ဘုရား သားတော်ပီသစွာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီသစွာ မေတ္တာ ကရုဏာရှေးရှု၍ စာနာမှုအပြည့်အဝဖြင့် ကယ်တင်ကူညီခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် အဖွဲ့အစည်း အသီးသီးတို့အား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
(င) ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ခရီး သာယာဖြောင့်ဖြူးရေးနှင့် မကြာမီပြန်လည် ကျင်းပတော့မည့် ပရိယတ္တိစာမေးပွဲကြီး ချောမောစွာ ကျင်းပနိုင်ရေးကိုရှေးရှု၍ ရဟန်းသံဃာတော် များအနေဖြင့် ပဋိပက္ခများမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်တော်မူပါမည့် အကြောင်း ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်။
(စ) အမိမြန်မာပြည် ထာဝရငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံယုံကြည်သည့်အားလျော်စွာ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း အပြန်အလှန် လေးစားယုံကြည်မှု ရှိကြရန်နှင့် သာမန်ပဋိပက္ခလေးများကို အမျိုးသားရေးပြဿနာ အဆင့်မရောက်အောင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဖြေရှင်း နှိမ်နှင်းပေးကြရန်လည်း အနူးအညွတ် တိုက်တွန်း အပ်ပါသည်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
(၂-၄-၂၀၁၃၊ ည ၁၁း ၁၂)
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။