/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 25, 2013

.

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC က မြန်မာနိုင်ငံသားများကို ငွေထုတ်ချေးနိုင်မည့် အသေးစား ငွေချေးအဖွဲ့အစည်း ထူထောင်မည်

ကမ္ဘာ့ဘဏ် အဖွဲ့ဝင် IFC (International Finance Corporation) က မြန်မာနိုင်ငံသား နှစ်သိန်းခန့် ကို ငွေထုတ်ချေးနိုင်မည့် အသေးစား ငွေချေးလုပ်ငန်း အဖွဲ့အစည်း ထူထောင်ကာ ရင်းနှီးမြှုပ်နှံမည်ဟု ဇန်န၀ါရီ ၂၃ ရက်တွင် ကြေညာလိုက်သည်။ ၎င်းအဖွဲ့အစည်းက အမျိုးသမီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော အသေးစား စီးပွားရေးလုပ်ငန်း အများစု အပါအ၀င် မြန်မာနိုင်ငံသား နှစ်သိန်းကို ၂၀၂၀ အမှီ ငွေထုတ်ချေးသွားရန် ရည်ရွယ်ထားကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

IFC က ဂျာမန်အစိုးရပိုင် ဖွံ့ဖြိုးမှုဘဏ်နှင့် ပြင်သစ်နိုင်ငံ ဘဏ်လုပ်ငန်းစုတို့နှင့်အတူ မြန်မာနိုင်ငံတွင် ACLEDA MFI Myanmar Co. ကို ထူထောင်မည့် ကမ္ဘောဒီးယားနိုင်ငံမှ ACLEDA Bank Plc. ကို ထောက်ပံ့သွားမည်ဟု ဆိုသည်။ IFC က ငွေချေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒေါ်လာ ၂ သန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း လုပ်ငန်းစတင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ အသေးစား ငွေချေး အဖွဲ့အစည်းမှာ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို များစွာအထောက်အပံ့ ဖြစ်စေမည်ဟု ဆိုသည်။ ''အသေးစား ငွေချေးလုပ်ငန်း အဖွဲ့အစည်း ထူထောင်ဖို့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ငွေချေးဖို့ အဆင်ပြေစေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုဖန်တီးနိုင်မှာပါ'' ဟု IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာက ပြောသည်။

အဆိုပါ အသေးစားငွေချေး အဖွဲ့အစည်းက မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများရှိ ဆင်းရဲသားများအတွက်ပါ ငွေကြေးဝန်ဆောင်မှုပေးရန် စီစဉ်ထားသည်ဟု သိရသည်။ IFC သည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ အတွက် သီးသန့်လုပ်ဆောင်နေသည့် ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးမှု အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။