/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

တန်ဖိုးနည်းဖုန်းများကို သတ်မှတ်နှုန်းထားအတိုင်း မရောင်းချသည့် ပြင်ပဖုန်းဆိုင်များ အရေးယူမည်

တန်ဖိုးနည်းဖုန်းများကို သတ်မှတ်နှုန်းထားအတိုင်း မရောင်းချပါက ပြင်ပဖုန်းဆိုင်များကို ဒဏ်ကြေးများစွာ ပေးဆောင်စေခြင်းဖြင့် ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာနမှ သိရသည်။ မကြာမီ ရောင်းချတော့မည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းနှင့် ကျပ်တစ်သိန်းနှစ်သောင်းတန် WCDMA ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ဈေးနှုန်းအတိုင်းသာ အများပြည်သူသို့ ရောင်းချရမည်ဖြစ်ပြီး ယင်းသို့ ရောင်းချခြင်းမရှိပါက ဒဏ်ကြေး ပေးဆောင်ခြင်းဖြင့် ဈေးနှုန်းမြှင့် ရောင်းချသည့် ဆိုင်ကို အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ကုမ္ပဏီတွေကနေတဆင့် ဖြန့်ဖြူးသွားမယ်။ အပြင်ဆိုင်တွေကတော့ အဲဒီကုမ္ပဏီတွေကနေတဆင့် ပြန်ရောင်းရမှာပေါ့။ ပြန်ရောင်းတဲ့အခါမှာ ဆင်းမ်ကတ်တွေကို ဈေးနှုန်းလုံးဝပိုတင်ပြီး မရောင်းဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားမယ်။ ဈေးနှုန်း ပိုတင် ရောင်းရင်လဲ ထိထိရောက်ရောက် အရေးယူမယ်” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဖြန့်ဖြူးရောင်းချမည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ရတနာပုံတယ်လီပို့၊ အီလိုက်တက်ခ်၊ တာမိုးညဲချမ်းသာ၊ အေးရှားမီဂါလင့်ခ် အစရှိသည့် ကုမ္ပဏီ ၁၃ ခုမှ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။

“ဒီနှစ်ချမယ့် တန်ဖိုးနည်း ဖုန်းဈေးကိုတော့ အပြင်ဆိုင်တွေမှာလည်း Xme ကချတဲ့ ဈေးအတိုင်း ဝယ်နိုင်အောင် အဓိက ဆောင်ရွက်မယ်။ အရင်နှစ်ကလို ဈေးကစားတာတွေ မဖြစ်အောင် ထိန်းသွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။ အဆိုပါ ဆင်းမ်ကတ်များကို ပြင်ပဖုန်းအရောင်းဆိုင်များတွင် သာမက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အရောင်းဆိုင်များ ဖွင့်လှစ်၍ One Stop Service စနစ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ တစ်ဦးဖြစ်သူ ဦးကိုကိုအောင်က “နှစ်သိန်းတန်ဖုန်း ချတုန်းကတော့ ကြားမှာ သင်္ကြန်ပိတ်ရက်တွေပါ ခံသွားတော့ ဈေးက ၃ သောင်းလောက် မြင့်သွားတယ်။ ဖုန်းဆိုင်တွေက ဈေးမြင့်ရတာကလဲ ဝယ်လိုအားက အရမ်းကောင်းနေတယ်။ ဆင်းမ်ကတ် လိုသလောက် ဝယ်မရတာလဲ ပါတာပေါ့။ အခုရောင်းဈေးကို ထိန်းချုပ်ပေးမယ်ဆိုတော့ ဈေးအဆမတန် မြင့်တာတွေ မဖြစ်တော့ဘူးပေါ့” ဟု ပြောသည်။

ဆင်းမ်ကတ် ဈေးနှုန်းများ အဆတန် မြင့်တက်ခြင်း မဖြစ်ပေါ်စေရန်အတွက် ဝယ်လိုအားပေါ် မူတည်၍ ဆင်းမ်ကတ် အရေအတွက် လုံလောက်စွာ ထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း မိုဘိုင်းဖုန်းဆိုင် အများစုက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်းဖုန်းအဖြစ် သတ်မှတ် ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင် ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။