/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

ဆီးဂိမ်းလုံခြုံရေး လန်ဒန်အိုလံပစ်နှင့် ဘေကျင်းအိုလံပစ်များ၏ လုံခြုံရေးအဖွဲ့ အကူအညီ ရယူဆောင်ရွက်မည်

ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးကို လန်ဒန်အိုလံပစ်နှင့် ဘေကျင်းအိုလံပစ်များမှ လုံခြုံရေးအဖွဲ့များ အကူအညီ ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး လုံခြုံရေးကော်မတီမှ ရဲမှူးချုပ် ခင်မောင်စီက ဇန်နဝါရီ ၉ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရာ နေရာများတွင် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနေရာများအား မှုခင်းကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

“တရုတ်နိုင်ငံက အဖွဲ့တစ်ဖွဲ့၊ လန်ဒန်အိုလံပစ်ပွဲကို လုံခြုံရေး တာဝန်ယူတဲ့ အဖွဲ့တစ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ပြိုင်ပွဲကျင်းပမယ့် နေရာတွေကို ဆာဗေးလုပ်နေပြီ” ဟု ရဲမှူးချုပ် ခင်မောင်စီက ပြောသည်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် ရဲတပ်ရင်းများအပြင် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအနေဖြင့် ရဲတပ်ရင်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ချထားမည်ဖြစ်ပြီး အင်အားအနေဖြင့် နေပြည်တော်တွင် ရဲတပ်ရင်း (၁၀)ရင်း၊ ရန်ကုန်တွင် တပ်ရင်း (၆)ရင်း၊ မန္တလေးတွင် (၇)ရင်းနှင့် ငွေဆောင်တွင် တပ်ရင်း(၃)ရင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆီးဂိမ်းတွင် မြန်မာအသင်းအား အလွန်အကျွံ အားပေးမည့် ပရိသတ်များနှင့် စပ်လျဉ်း၍ လုံခြုံရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ရဲတပ်ဖွဲ့အနေနဲ့ တိုက်ရိုက်ဖြေရှင်းမယ့် နည်းလမ်းအစား ဗော်လံတီယာအဖွဲ့တွေနဲ့ ဖြေရှင်းဖို့ စဉ်းစားထားပါတယ်။ ပြည်သူလူထုကလဲ ပြိုင်ပွဲရဲ့ ပုံရိပ်ကို မထိခိုက်အောင် အားပေးဖို့ လိုပါတယ်” ဟု ယင်းက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်သည့် လုပ်ငန်းကော်မတီ (၁၄) ခုဖွဲ့စည်းထားပြီး ယင်းကော်မတီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် လုံခြုံရေး ကော်မတီအနေဖြင့် နိုင်ငံတကာ အဆင့်မီ လုံခြုံရေးပစ္စည်းများကို ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့ကို အသစ်ထပ်မံ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း ဒေသတွင်း နိုင်ငံများမှ လာရောက်ကြည့်ရှုမည့် ပရိသတ်များ အဆင်ပြေချောမွေ့စေရန်အတွက် ရဲအရာရှိများကိုလည်း အင်္ဂလိပ်စာ သင်တန်းများ ပို့ချပေးလျက်ရှိသည်ဟု သိရှိရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။