/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

ကျောက်မဲ မြို့မဈေးကြီးအနီးတွင် လက်နက်ကိုင်တစ်ဦးက လူအုပ်ထဲသို့ သေနတ်နှင့်ပစ်၊ လူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့လယ်ရှိ မြို့မဈေးကြီးအနီး လူစည်ကားသည့် နေရာတွင် လက်နက် ကိုင်တစ်ဦးက သေနတ်ဖြင့် လူအုပ်ထဲသို့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်မဲ မြို့မရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့မဈေးကြီးအနီး လူစည်ကား သည့် နေရာသို့ လက်နက်ကိုင်တစ်ဦးက ဆိုင်ကယ်စီးနင်း ဝင်ရောက်လာပြီး လူအုပ်ထဲ သို့ သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ပစ်ခတ်မှုကြောင့် ယင်းနေရာအနီးတွင် ဆိုင်ကယ်အပ်နှံ လက်ခံနေသူ အသက် ၅၂ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်း ဦးကျော်မိုး၏ ညာဘက်တင်ပါးနှင့် ရင်ဘတ်တွင် ကျည်ဆန် ထိမှန်ခဲ့ပြီးနောက် ဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း သေဆုံးခဲကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းပစ်ခတ်မှုသည့် မြို့မဈေးကြီး၏အနီး လူစည်ကားသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ အနီးတွင် ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“သေနတ်သံ ကြားရပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ ကျွန်မလည်းနီးရာ ဆိုင်တစ်ခုထဲကို ဝင်ပုန်းနေ ရတယ်။ ချက်ခြင်းပဲ စစ်သားတွေ၊ ရဲတွေ ရောက်လာတယ်။ ဈေးဆိုင်တွေ၊ အိမ်တွေပိတ်ပြီး လမ်းပေါ်မှာ လူမရှိသလောက် ဖြစ်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

“ဒဏ်ရာရရှိခဲ့သူ ဦးကျော်မိုးကို ကျောက်မဲ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ပြုလုပ်ပေးခဲ့ပြီး စိုးရိမ် ရသည့် အခြေအနေ ဖြစ်သဖြင့် ပြင်ဦးလွင်ဆေးရုံသို့ လွှဲပြောင်းပို့ ဆောင်ကုသခဲ့သော်လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီကျော်တွင် သေဆုံးသွားကြောင်း ကျောက်မဲ မြို့မရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ကျောက်မဲမြို့နယ် အနီးဝန်းကျင်တွင် လက်နက်ကိုင် အဖွဲ့အစည်းများရှိပြီး ယင်းအဖွဲ့များကို ဒေသခံများက ယုံကြည်မှု မရှိသဖြင့် အသိအမှတ် မပြုလိုကြကြောင်း ကျောက်မဲမြို့ မြို့မိ မြို့ဖတစ်ဦးက ပြောကြားသည်။

“ဒါကြောင့် ဆက်ကြေး ကောက်တာတွေလည်း အခက်အခဲတွေ ရှိလာတော့ ခြိမ်းခြောက်တဲ့ သဘောနဲ့ လူစည်ကားတဲ့ အချိန်ကိုရွေးပြီး လူထုကို အထိတ်တလန့် ဖြစ်စေဖို့ ခြောက်လှန့် ပစ်ခတ်တာ ဖြစ်နိုင် ပါတယ်” ၎င်းက သုံးသပ်သည်။

သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သူမှာ ဆိုင်ကယ်ဖြင့် ကျောက်မဲမြို့မှ မိုင်းလုံမြို့သွား ကားလမ်းအတိုင်း မြို့ပြင်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ကျောက်မဲ စကခ (၁) ကွန်မန်ဒိုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခမရ (၅၀၂) မှ တပ်ဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လမ်းတစ်လျှောက်ရှိ ဌာနေပြည်သူ့ စစ်များ ပူးပေါင်းဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းက အတည်ပြု ပြောကြား သည်။

လက်နက်ကိုင် ပစ်ခတ်ခဲ့သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပြီး ယင်းပစ်ခတ်မှုနှင့် ပတ် သက်၍ ပြစ်မှုပုဒ်မ -၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။