၅၉(ဃ/စ) ပြင်ဆင်ရေးအတွက် မှိုင်းမိနေသူများ၊ အမျိုးသားရေး ခံယူချက် အားနည်းသူများ ဆင်ခြင်မဲ့ လမ်းပေါ်ထွက် ဆန္ဒပြလာ ကြသလို အထင်ကရ နိုင်ငံရေးသမားတစ်ဦးကလည်း တစ်မျိုးသား လုံးကို
တောင်းပန်ဖို့၊ တိုင်းရင်းသားတွေ ခောတ်နောက်ကျနေတယ်- အဲဒီအတွက် ခေတ်အဆက်ဆက်
တာဝန်ရှိသူတွေ တောင်းပန်ဖို့၊ မြန်မာ့တပ်မတော်ကိုလည်း Professional တပ်မတော်ဖြစ်စေ ချင်တယ်
ဆိုပြီး ပရမ်းပတာ ပြောထွက်လာတယ်…
နိုင်ငံအုပ်ချုပ်မည့်သူတစ်ယောက်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေမရှိဘဲ
နိုင်ငံတော်အရေးအရာများကို ဘယ်လိုဆောင်ရွက်မလဲ… ၅၉(စ)သာမက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဟာ ကျွန်တော်တို့အတွက် အသက်တမျှ အရေးကြီးပါတယ်…
အရှေ့တောင်အာရှဒေသထဲက ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေကို
ကျောရိုးပြုရေးဆွဲ ထားတယ်လို့ ကြားဖူးပါတယ်… ဒါပေမယ့် ခုချိန်ထိ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံလို တိုးတက်မှု မရရှိသေးပါဘူး… ယုတ်စွအဆုံး ဒေသတွင်းမှာတောင် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းတဲ့ နိုင်ငံအဖြစ် ရောက်ရှိ နေပါတယ်… ဖိလစ်ပိုင်လူမျိုးလို့ပြောလိုက်တာနဲ့ တံငါသည်နဲ့ အိမ်ဖော်ပဲ ပြေးမြင်ကြမှာပါ… ဒါကြောင့် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ၂၀၀၈ ခုနှစ်အခြခံဥပဒေပါ ပုဒ်မ၊ ပိုဒ်ခွဲများကို အလျင်စလိုပြင်ဖို့ထက် မျက်စိမှိတ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အလေ့အထများကို ဦးစွာပြင်ဆင်ရပါမယ်…
အမျိုးသားရေးအမြင်ကျယ်ပြန့်စွာ မြင်တတ်ကြည့်တတ်ဖို့ လိုအပ်ပါတယ်… ကိုရီးယားဇာတ်ကားကြည့်ပြီး ၀တ်စားဆင်ယင်မှု အတုယူတတ်သလို ကိုရီးယားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုကိုလည်း အတုယူ သင့်ပါတယ်… ယနေ့ ဒီမိုကရေစီလည်းရရှိနေပြီဖြစ်ပါတယ်… ရရှိလာတဲ့ ဒီမိုကရေစီကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ တိုးတက်ပြန့်ပွားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်… သို့သော် လွတ်လပ်မှုကို ခွင့်ပြု သည်ထက် ပိုမိုလိုလားပါက လူမှုသာယာဝပြောမှု၊ မိသားစုများလုံခြုံစိတ်ချရမှု၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး များကို ထိခိုက်စေနိုင်ပါတယ်… တစ်ချိန်တုန်းက ရရင်ရ၊ မရရင်ချဆိုပြီး အကြမ်းဖက်ဆူပူမူတွေဖန်တီးပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ ပြုလုပ်ခဲ့တယ်… အကျိုးဆက်အားဖြင့် အကောင်းထက် တိုင်းပြည်ချွတ်ခြုံကျပြီး ငတ်မွတ် ခေါင်းပါးမှုတွေ ကြုံခဲ့တယ်… အဲဒီကာလတစ်ဝိုက် ကျွန်တော်တို့ အညာဒေသမှာ ဆန်မစားနိုင်တဲ့ မိသားစု တွေ အများအပြားပါပဲ… အဆိုးဝါးဆုံးကတော့ ကျောင်းနေနိုင်မှုကျဆင်းခဲ့ကာ လူ့စွမ်းအားအရင်းအမြစ် ပျက်စီးခဲ့ရတယ်… တရုတ်၊ ကုလားတွေရဲ့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေမှာ စားပွဲထိုး ပန်းကန်ဆေးနေတဲ့ ကလေးတွေမြင်နိုင် စိတ်မကောင်းဖြစ်ခဲ့ရတယ်… အဲဒီလို ဖြစ်ပေါ်ခဲ့တဲ့ ဆိုးကျိုးရလဒ်၊ ငတ်မွတ်ခေါင်းပါးမှု၊ မိသားစုများ ဘ၀ပျက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ပျက်စီးမှု စတာတွေကိုရော အဲဒီခေတ်ကာလ အတိုက်အခံတွေရဲ့ မူဝါဒတွေမှာ တာဝန်မရှိဘူးလား…
မိမိကိုးကွယ်တဲ့သူ သမ္မတဖြစ်မှ စစ်မှန်တဲ့ ဒီမိုကရေစီရတယ်လို့ အစွန်းရောက် ပုဂ္ဂိုလ်ရေးအမြင် ရှိသူတွေအနေနဲ့ ကိုယ်ကိုးကွယ်သူရဲ့ နိုင်ငံရေး အရည်အချင်း၊ နိုင်ငံနဲ့တိုင်းရင်းသား ၁၃၅ မျိုးအပေါ် ထားရှိတဲ့ စေတနာ၊ အမျိုးသားရေးခံယူချက်၊ အနာဂါတ်အမြင်၊ မဟာဗျူဟာ ချမှတ်ကျင့်သုံးနိုင်မှု၊ ဖြစ်ပေါ် နေတဲ့ မဟာဗျူဟာ ရွေ့လျားမှု အတိမ်အနက် မြင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အကဲခတ် သုံးသပ်နိုင်ဖို့ လိုပါတယ်… နှိုင်းယှဉ်သုံးသပ်မှု ပြုလုပ်ပြီးပြီလား… ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ထုတ်ပြန်ခဲ့တဲ့ မူဝါဒတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို ပြန်လည်စုစည်းပြီးနိုင်ငံအတွက်
အကျိုးရှိတာနဲ့ အကျိုးယုတ် စေတာဆိုပြီး Group ၂ ခုခွဲပြီး ပြန်လည်သုံးသပ်ကြည့်ပါ…
နိုင်ငံနဲ့ပြည်သူအတွက် အမှန်တကယ် ထိရောက်အကျိုးရှိတာ ဘယ်နှစ်ခုရှိပါသလဲ…
လက်တွေ့နဲ့ ကင်းကွာနေတဲ့ ကြေငြာစာတမ်းတွေဟာ အလကားပါပဲ… မိမိတို့အနေနဲ့ လူပုဂ္ဂိုလ်ကို ကျော်လွန်ကာ ကျင့်သုံး တဲ့ Policy တွေနဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မြင်နိုင်ရပါမယ်… ယနေ့ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးအဖြစ် နစ်ခ်ကယ်ရင်စတော့ရှယ်ယာ ၅၇ ရာခိုင်နှုန်းထိတိုးတက်ခဲ့ပါတယ်… အိုဘားမားတောင် မစွမ်းဆောင်နိုင်ပါဘူး… အာဘေး Economy လို့တောင် နာမည်တွင်ပြီး စီးပွားရေး ပြန်လည်ဆန်းသစ်လာတာဟာ ရှင်ဇိုအာဘေးရဲ့ စွမ်းဆောင်ရည်နဲ့ အနာဂါတ်အမြင် တစ်ခုတည်းကြောင့် မဟုတ်ပါဘူး… ဂျပန်ပြည်သူတွေရဲ့ အနာဂါတ်အမြင် ကျယ်ပြန့်ရင့်သန်မှု၊ သုံးသပ်နိုင်စွမ်း၊ စွမ်းဆောင်နိုင်မှု စတာတွေကြောင့် ဖြစ်ပါတယ်… အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များ၊ INGO များအားလုံး အရည်အချင်းရှိ ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တော်တို့ နိုင်ငံ တိုးတက်မှာပါ…
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အချက်များစွာထဲမှ တစ်ခုဖြစ်တဲ့ နိုင်ငံခြားရင်နှီးမြုပ်နှံမှုတွေကို ၂၀၁၅ ကျော်မှ လာရောက်မြုပ်နှံရန် ပြောတာဟာ တိုင်းပြည်အပေါ် စေတနာမှန်လား… ရိုးသားမှု တကယ်ရှိရဲ့လား… ငါအာဏာရမှ ပြည်သူတွေချမ်းသာစေဆိုတဲ့သဘောလား… ပြည်သူတွေ တိုးတက် ချမ်းသာ သွားရင် မိမိအပေါ်အာရုံစူးစိုက်နိုင်မှု လျော့ကျသွားမှာစိုးတဲ့အတွက်ကြောင့်လား… ဘယ်သူပဲ တက်တက် မူဝါဒကောင်းတွေ၊ သင့်တော်တဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေတွေ၊ Power အရင်းအမြစ်တွေ၊ အခြေခံ အဆောက်အဦကောင်းတွေ စသဖြင့်ရှိရင် အမေရိကန်၊ ဂျပန်၊ EU၊ BIRC နဲ့ စီးပွားရေး အင်အားကြီး နိုင်ငံအားလုံးဟာ လာရောက်ရင်းနှီးမြုပ်နှံမှာပါ… လူပိန်းအမြင်အကြမ်းဖျင်းအားဖြင့်- ရင်းနှီးမြုပ်နှံမှုတွေ ပေါများလာရင် အလုပ်အကိုင်ဖန်တီးမှုတိုးတက်များပြားလာမှာပါ…
ကုန်သွယ်ဖက်
နိုင်ငံတွေ ပေါများလာမှာပါ… နိုင်ငံရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ လယ်ယာ၊သားငါးနဲ့ သယံ ဇာတ ထွက်ကုန် ဈေးကွက်လည်း ပိုမိုမြင့်မားလာမှာပါ… ဒါဆို လုပ်အားခတိုးတက်လာမှာဖြစ်သလို
တောင်သူများနဲ့ အခြေခံလုပ်သားများရဲ့ ၀င်ငွေလည်း တိုးတက်လာမှာပါ… နိုင်ငံအတွင်းမှာ လူလတ်တန်းစားဦးရေ မြင့်မားလာမှာပါ… ၀င်ငွေမြင့်မားလာရင် ၀ယ်လိုအားလည်းသေချာပေါက်
မြင့်တက် လာမှာပါ… ပြိုင်ဆိုင်မှုသဘောတရားအရလည်း အရည်အချင်းမြင့် လုပ်သားများ
ပေါ်ထွက်လာမှာဖြစ်သလို အဆင့်မြင့်စက်မှုထုတ်ကုန်များ၊ အဆင့်မြင့်လယ်ယာထွက်ကုန်များလည်း ထွက်ပေါ်လာမှာပါ…
အစိုးရမှာလည်း Government Revenue တိုးပွားလာမှာပါ… အကျိုးဆက်အားဖြင့် Power အရင်းအမြစ်တွေ၊ အခြေခံအဆောက်အဦကောင်းတွေ၊ ၀န်ကျင်သစ်နဲ့ အခွင့်အလမ်းအသစ်တွေ ထပ်မံဖန်တီး ပေးနိုင်လာမှာပါ… ဒါဆို ကြီးမားတဲ့အကျိုးဆက်ဖြစ်တဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းကျိုးများ
သာမက Psychological Feeling ဆိုင်ရာများလည်း သေချာပေါက် ကောင်းမွန်တိုးတက်လာမှာပါ… ထပ်ဆောင်း အကျိုးဆက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ စားသောက်မှုပုံစံ ပိုမိုကောင်းမွန် တိုးတက်လာပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်များ စားသောက်နိုင်ကာ အားလုံးကျန်းမာကြံခိုင် လာမှာဖြစ်ပါတယ်… စီးပွားရေးအဆင်ပြေ တိုးတက်မှုကြောင့် ကျောင်းနေနိုင်မှု ပိုမိုမြင့်တက်လာမှာဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ပိုမိုတိုးတက်လာပါမယ်…
ရင်းနှီးမြုပ်နှံမှုအပိုင်းမှာလည်း Human Resource Based Economy/ Knowledge Based Economy ပိုင်းသို့ ကူးပြောင်းလာနိုင်ပါတယ်… ဒါမှသာ မိမိတို့အနေနဲ့ ကောင်းကျိုးသံသရာ(Virtuous Cycle) ထဲရောက်ရှိလည်ပတ်နိုင်မှာပါ… ဒါကြောင့် မိမိတို့ အနာဂါတ် ကောင်းကျိုးသံသရာထဲမှာ လည်ပတ်နိုင်ဖို့ ခေါင်းဆောင်ရွေး မမှားဖို့လိုပါတယ်… ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလျော့ချသင့်ပါတယ်… အမျိုးသားရေး ခံယူချက် အားနည်းပြီး မဟာဗျူဟာအကျိုးဆက် မျှော်တွေးနိုင်မှု အားနည်းသူတစ်ယောက်ကိုတော့ နိုင်ငံ ခေါင်းဆောင် မဖြစ်စေလို့ပါ…
နောက်တစ်ခုအနေဖြင့် အမေရိကန်နိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားတဲ့အတွက်ကြောင့် ကွန်ဂရက်လွှတ်တော်အမတ်များအပါအ၀င် သမ္မတတိုင်းနီးပါးဟာ စစ်သားများ ဖြစ်ခဲ့ကြပြီး စစ်ရေးအမြင် ရှိသူများ ဖြစ်ကြတယ်… Once a Soldier, Ever Soldier ဆိုရိုးစကားအရ စစ်သားတစ်ကြိမ်ဖြစ်ဖူးရင် ထာဝရစစ်သားဖြစ်နေတယ်လို့ ယူဆကြတယ်… ဒါကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ၁၀၀% စစ်သားများနဲ့ လွှမ်းမိုးနေတယ်လို့ပင် ဆိုနိုင်ပါတယ်…
သမ္မတအဆက်ဆက်ဟာလည်း ပင်တဂွန်ကို ကျော်လွှားနိုင်တာ မတွေ့ရှိခဲ့ရပါဘူး… ယနေ့ ကျွန်တော်တို့ နိုင်ငံမှာ နောက်ပြန်ဆွဲနေတာ၊ ကန့်လန့်လိုက်နေတာ ဘယ်သူတွေလဲ… အကွဲအပြဲနဲ့ တိုင်းပြည်ဖရိုဖရဲ ဖြစ်ပြီး ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်များ သက်ရောက်လာရင် ဘယ်သူတာဝန်ယူမှာလဲ… မိမိအမြင်အားဖြင့် သမိုင်းဆိုတာ သင်ခန်းစာယူဖို့ တစ်ခုအတွက်ပဲ အသုံးပြုသင့်ပါတယ်… နောက်တစ်ကြိမ် သမိုင်းထဲကို ပြန်လည်တိုးမ၀င်သင့်ပါဘူး…
တကယ်တမ်း အသက်သွေးချွေးပေးဆပ်ရတာ တပ်မတော်နဲ့ပြည်သူပါ… ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု(Peace and Stability)မရှိရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ နိုင်ငံရေးသမားတိုင်းသိပါတယ်… ဒါကြောင့် နိုင်ငံရေးအသိအားနည်းတဲ့
ပြည်သူတွေကို မိမိလိုဘအတ္တအတွက် ချမနင်းသင့်ပါဘူး… ယနေ့ပြည်သူအများစုအနေနဲ့ အခြေခံဥပဒေပြင်ခြင်း/မပြင်ခြင်း၊ ပုဒ်မ ၅၉ ပြင်ခြင်း/မပြင်ခြင်းထက် သူတို့လိုလားနေတာဟာ
နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှု၊ မိသားစုများလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးတွေပဲ ဖြစ်ပါတယ်…
Professional တပ်မတော်ဖြစ်စေချင်တယ်ဆိုသူများနဲ့ အဆိုးမြင်ဝေဖန်သူများအနေနဲ့ မိမိတို့ကိုယ်တိုင် လည်း ဟောပြောချက်များ၊ ရေးသားချက်များရဲ့
နောက်ဆက်တွဲ နိုင်ငံရေးဖြစ်စဉ်၊ စီးပွားရေး အဆောက် အအုံ၊ လူ့အဖွဲ့အစည်းသာယာလုံခြုံမှုတို့အပြင် ယဉ်ကျေးမှုနဲ့ဘာသာရေးများကို တာဝန်ခံကာ လုပ်ဆောင် ချက်တိုင်းရဲ့ မဟာဗျူဟာအကျိုးဆက်များကို
လည်း စဉ်းစားနိုင်တဲ့ နိုင်ငံရေးသမားကောင်းများ ဖြစ်စေချင် ပါတယ်…
ဒါမှ နိုင်ငံအတွက် အကျိုးရှိမှာပါ… ဘက်ပေါင်းစုံမှာရှိနေတဲ့ ကန့်သတ်ချက်များ၊ နိုင်ငံရဲ့အနေအထား၊ Globalization အကျိုးဆက်
မျှော်တွေးနိုင်မှုနဲ့ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းများကို အလေးမထားရင်တော့ နိုင်ငံတိုးတက်ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်မှာမဟုတ်ပဲ ဆူးငြောင့်ခလုတ် ဖြစ်သွားနိုင်ပါတယ်…
-ရွှေကိုင်းသား
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။