/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 7, 2014

.

အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အယူအဆ



ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတွင် အဓိကအားဖြင့်အစိတ်အပိုင်းသုံးခုပါဝင်နေသည်။ ၄င်းတို့မှာ-

(၁) ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ(Essence)၊

(၂) ဖွဲ့စည်းတည်ဆောက်ပုံ (Structure)နှင့်

(၃) အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Separation of powers and Reciprocal Check & Balance)တို့ဖြစ်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ဖွဲ့စည်းတည်ဆောက်ပုံ(Structure)နှင့် အာဏာခွဲဝေခြင်းနှင့် အပြန်အလှန် ထိန်း ကျောင်းခြင်း(Separation of powers and Reciprocal Check & Balance)သဘောတရား များသည် ၄င်းဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ(Essence) ကိုကောင်းမွန်စွာအထောက် အပံ့ ပြုနိုင်ရမည်ဖြစ်သည်။ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ ဖွဲ့စည်းတည်ဆောက်ပုံ (Structure) (သို့်)အာဏာ ခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Separation of powers and Reciprocal Check & Balance) သဘောတရားများမှားယွင်းနေလျင်(သို့မဟုတ်) ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖွဲ့စည်း တည်ဆောက်ပုံ(Structure)(နှင့်)အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်း ကျောင်းခြင်း(Separation of powers and Reciprocal Check & Balance) သဘောတရားများ မှားယွင်းနေလျင် အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိကအနှစ်သာရ (Essence)ကိုကောင်းမွန်စွာအထောက်အပံ့ပြု နိုင်မည်မ ဟုတ်ပေ။

၁။ Essence (ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ)

လူမှုရေးအဖွဲ့အစည်းတစ်ခု(သို့)နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်ထောင်မည်ဆိုလျှင်ကနဦးစဉ်းစားကြသည့် အချက်မှာမိမိအဖွဲ့အစည်း၏အကောင်အထည်ဖော်လုပ်ဆောင်လိုသည်ဦးတည်ချက်ပင်ဖြစ်ပါသည်။အဆိုပါဦး တည်ချက်သည်ပင်၎င်းအဖွဲ့အစည်း၏(Essence)ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲရာ တွင်လည်းဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲသူများ(Constitutional Framer)အနေဖြင့် အဆိုပါ ဖွဲ့စည်း ပုံနှင့်အညီတည်ဆောက်မည့် နိုင်ငံ အတွင်း အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာလေးစား ကြရမည့် ပြည်သူများ၏ ဆန္ဒနှင့် အညီ၊ ဘုံဦးတည် ချက်၊ ရည်မှန်းချက်များကိုချမှတ်လေ့ရှိသည်။ ဤသည်ပင် ၄င်းဖွဲ့စည်းပုံ၏အဓိကအနှစ်သာရ (Essence) ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ (Essence) ကိုကြည့်မည်ဆိုလျှင် အမျိုးသားညီလာခံ၏ ဦးတည်ချက်(၆)ရပ်ဟုဆိုနိုင်ပေမည်။ ၄င်းတို့မှာ -

- ပြည်ထောင်စုမပြိုကွဲရေး

- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး

- အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး

- စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး

- နိုင်ငံတော်၌တရားမျှတခြင်း၊ လွှတ်လပ်ခြင်းတည်းဟူသောလောကပါလတရားများပိုမိုထွန်းကားရေး

-အနာဂတ်နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေး တို့ဖြစ် သည်။

၂။ Structure (ဖွဲ့စည်းတည်ဆောက်ပုံ)

အဆိုပါEssence (၆)ရပ်အားအကောင်အထည်ဖော်ရန် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ (Structure) ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာကြည့်လျှင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

(၁) ပြည်ထောင်စုလွှတ်တော်(အမျိုးသားလွှတ်တော်+ပြည်သူ့လွှတ်တော်) (Bicameral- Significant unequal representation in the upper house) (တပ်မတော်သား ၂၅%ပါဝင်သည်။)

(၂) ပြည်ထောင်စုအစိုးရအဖွဲ့(Presidential System –President is elected by Presidential Electoral College) (သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များဖြစ်ကြသောလွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ် များအ စု အဖွဲ့မှ သမ္မတလောင်း (သို့) ဒုတိယသမ္မတတစ်ဦးအား ရွေးချယ်တင်မြှောက် ရသည်။နိုင်ငံတော်သမ္မတသည် ကာကွယ်ရေး၊ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး များအဖြစ်တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သောတပ်မ တော်သား များ၏ အမည်စာရင်းကိုတောင်းခံရသည်။)

(၃)ပြည်ထောင်စုတရား လွှတ်တော် ချုပ်၊ (Tenure of judges are limited not younger than 50 years and not older than 70 years)

(၄) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ (Judicial Review by Constitutional Tribuna)l

(၅) တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်များ၊ (Unicameral) (တပ်မတော် သား ၂၅%ပါဝင်သည်။)

(၆)တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ (Parliamentary system- Prime Minister is nominated by President) (သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ် သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ပေး အပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သောတပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရ မည်။

(၇) တိုင်းဒေသကြီး/ပြည်နယ် တရားလွတ်တော်များ (Tenure of judges are limited not younger than 45 years and not older than 65 years)

(၈) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းဦးစီးအဖွဲ့များ (တပ်မတော်သား ၂၅%ပါဝင်သည်။)

(၉) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

(၁၀) ဘဏ္ဍာရေးကော် မရှင်၊

(၁၁)ပြည်ထောင်စုရာထူးဝန်အဖွဲ့

(၁၂) တပ်မတော်

(၁၃) ရွေးကောက်ပွဲကော်မရှင်။ (written institutions)

ဖွဲ့စည်းပုံအခြေခံဥပဒေ၏(Structure)သည်အဆိုပါဖွဲ့စည်းပုံ၏(Essence)ကိုအကောင်အထည်ဖော်နိုင် သောဖွဲ့စည်းတည်ဆောက်ပုံဖြစ်ရမည်။ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာဒီဇိုင်းမှာမှားယွင်းလျှင်လည်းအ ဆိုပါဖွဲ့စည်းပုံ ၏ ဦးတည်ချက်ကိုအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။ (Structural Error)

၃။ Separation of powers and Reciprocal Check & Balance(အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်း ကျောင်းခြင်း)

(၃.၁) Horizontal and Vertical Separation of powers (အလျားလိုက် နှင့် ဒေါင်လိုက် အာဏာခွဲဝေခြင်းများ)

အခြေခံဥပဒေ၏ဖွဲ့စည်းတည်ဆောက်ပုံအရပေါ်ပေါက်လာသောအဖွဲ့အစည်းများမှာလုပ်ပိုင်ခွင့်အာဏာများ ကိုလည်း ခွဲဝေရလေ့ ရှိသည်။၂၀၀၈ ဖွဲ့စည်းပုံအတွင်းအခွင့်အာဏာခွဲဝေမှုအားကြည့်လျှင်-

ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော် + အမျိုးသားလွှတ်တော်) ၊တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဦးစီးများ၏လုပ်ပိုင်ခွင့်များကိုအခန်း(၄)တွင် လည်းကောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးအဖွဲ့ နှင့် ဘဏ္ဍာ ရေးကော်မရှင် များ၏လုပ်ပိုင်ခွင့်များ ကိုအခန်း (၅)တွင်လည်းကောင်း၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် နှင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေဆိုင်ရာခုံရုံး ၏လုပ်ပိုင်ခွင့်များကိုအခန်း(၆)တွင်လည်းကောင်း၊

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏လုပ်ပိုင်ခွင့်အားအခန်း(၁၁)တွင်လည်းကောင်း၊

ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်များ အား အခန်း(၉)တွင်လည်းကောင်း

တပ်မတော် ၏ အခန်းကဏ္ဍအား အခန်း(၇) တွင်လည်းကောင်း အသီးသီးဖော်ပြထားသည်ကို တွေ့ရ မည်ဖြစ်သည်။

တစ်ခါတစ်ရံဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတွင် အာဏာခွဲဝေမှုများမညီမျှသည်များလည်းရှိတတ်သည်။ အဓိကအား ဖြင့်လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်ကြား အာဏာခွဲဝေမှု မညီမျှမှု လည်းတွေ့ရ တတ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေမှုသဘောတရားမှာ အလျားလိုက်ခွဲဝေမှု (Horizontal Separation of powers) သဘောသာမက ဒေါင်လိုက်ခွဲဝေမှု သဘောတရား ကိုလည်း တွေ့ရသည်(Vertical Distribution of powers)။ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း လေ့လာကြည့် လျင်အောက်ပါအတိုင်းတွေ့ရ မည်ဖြစ်သည်။

(က) ပြည်ထောင်စု၏ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ အရ ဇယား(၁) တွင်ဖော်ပြထားသော ကဏ္ဍကြီး (၁၁) ရပ်နှင့်ပတ်သတ် သော ကိစ္စ ရပ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ အရ ကြွင်းကျန်အာဏာာ (Residual Power)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၉ အရ ဇယား (၂) ၊ ဇယား (၃) တွင်ဖော်ပြထားသောအကြောင်းအရာများ နှင့်ပတ်သတ်၍ ပြည်ထောင်စုနယ်မြေများအတွက်ဥပဒေပြုခြင်း

(ခ) တိုင်းဒေသကြီး/ပြည်နယ်များ၏ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ ဇယား (၂) တွင်ဖော်ပြထားသော ကဏ္ဍကြီး (၈) ရပ်နှင့်ပတ်သတ် သော ကိစ္စ ရပ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄ အရ ဇယား (၅) တွင်ဖော်ပြထားသော ကိစ္စရပ်များနှင့် ပတ်သတ်၍ အခွန်ကောက်ခံပိုင်ခွင့် (အဆိုပါအခွန်အကောက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ တိုင်းဒေသကြီး/ ပြည် နယ်လွှတ်တော်များအနေဖြင့် ဥပဒေပြုပိုင်ခွင့်ရှိ/မရှိ မရှင်းလင်းပါ)

(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းဦးစီးအဖွဲ့ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၆ အရ ဇယား (၃) တွင်ဖော်ပြထားသော ကိစ္စ ရပ်များ

(၃.၂) Reciprocal Check and Balance (အပြန်အလှန်ထိန်းကျောင်းခြင်း)

ပြည်သူများထံမှ ဆင်းသက်လာသည့် နိုင်ငံတော် အချုပ်အချာအာဏာများကိုခွဲခြားခြင်း(Separation of powers) ပြုထားသကဲ့သို့ အပြန်အ လှန် ထိန်းကျောင်းခြင်းများ(Reciprocal Check & Balance) ကိုလည်း ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာအာဏာရှင်စနစ်မဖြစ်ရေးကာကွယ်တားဆီးခြင်းလည်း ဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ အပြန်အလှန်ထိန်းကျောင်းခြင်း(Reciprocal Check & Balance)ကိုလေ့လာ ကြည့်လျင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု၏ဥပဒေပြုပိုင်ခွင့်ဖြစ်သော အခြေခံဥပဒေပုဒ်မ ၉၆၊ ၉၈ နှင့် ၉၉ တို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့်ပတ်သတ်၍ဥပဒေပြဌာန်းခြင်း၊ပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်းများပြုရ သည်။

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဌာန်းလိုက်သောဥပဒေကြမ်းများအားနိုင်ငံတော်သမ္မတမှလက် ခံရရှိပြီး သည့် ရက်မှ (၁၄)ရက်အတွင်းလက်မှတ်ရေးထိုးပြီးထုတ်ပြန်ပေးရသည်။(စနေ၊ တနင်္ဂနွေမပါ ဟု သီး ခြားပြဌာန်း ချက်မရှိသဖြင့် စနေ၊ တနင်္ဂနွေနေ့များပါထည့်သွင်းရေတွက်ရမည်ဖြစ်သည်။)

နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါဥပဒေကြမ်းအားပြင်ဆင် စေလိုလျင် မိမိ၏ သဘောထားမှတ်ချက် နှင့်အတူအဆိုပါဥပဒေကြမ်းအား (၁၄) ရက်အတွင်းပြည်ထောင်စုလွှတ်တော်သို့ပြန်လည်ပေး ပို့နိုင် သည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်တကွပြန်လည်ပေး ပို့လာသောဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထားအတိုင်းပြင်ဆင်ပေးနိုင်သည်။ (သို့) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်အတိုင်းသာ ထပ်မံအတည်ပြုနိုင်သည်။ထိုသို့ထပ်မံ အတည်ပြု ရန်လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော်၏ထောက်ခံမဲ(Simple Majority – 51%)သာလို သည်။ သာမာန် ထက်ပိုသောအများစုမဲ(Super Majority- 66%)မလိုပါ။ သမ္မတတွင်(Return Veto)မရှိ သည့် သဘော ဟုဆိုနိုင်ပါသည်။

ဒုတိယအကြိမ်လက်ခံရရှိလျင် နိုင်ငံတော်သမ္မတအနေဖြင့် ပြန်လည်လက်ခံ ရ ရှိသည့် နေ့မှ (၇)ရက် အတွင်းလက်မှတ်ရေးထိုး လက်မှတ်ရေးထိုးထုတ်ပြန်ပေးရမည်။ (စနေ၊တနင်္ဂနွေ မပါ ဟု သီး ခြားပြဌာန်း ချက်မရှိသဖြင့် စနေ၊ တနင်္ဂနွေနေ့များပါထည့် သွင်းရေတွက်ရမည်ဖြစ်သည်။) နိုင်ငံတော်သမ္မတ လက်မှတ် မရေးထိုးလျင်လည်းသတ်မှတ်ကာလပြည့်လျင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတလက် မှတ် ရေးထိုးသကဲ့သို့အတည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဌာန်းပြီးလျင် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းအား နည်းဥပဒေ၊ စည်းမျည်း (သို့) စည်းကမ်းထုတ်ပြန်ခွင့်ကိုအပ်နှင်းနိုင်သည်။ သက်ဆိုင်ရာပြည် ထောင်စု အဆင့်အဖွဲ့အစည်းများသည် နည်းဥပဒေ၊ စည်းမျည်း (သို့) စည်းကမ်းများရေးဆွဲပြီးလျင် အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးပွဲသို့တင်ပြရမည်ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရက်ပေါင်း (၉၀)အတွင်းအတည်ပြုပေးရမည်ဖြစ်သည်။ လွှတ်တော် ကိုယ် စားလှယ်များအနေဖြင့် အခြေခံဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ မူရင်းဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ပြင် ဆင်လိုကပြင် ဆင်နိုင်သည်။

လွှတ်တော်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုများပေးရာတွင် အခြေခံဥပဒေ၊ ဥပဒေ၊နည်း ဥပဒေနှင့် စည်းမျည်း (သို့)စည်းကမ်းများ နှင့်ညီညွတ်မှုရှိ/မရှိ အရပ်ရပ် သော ကော်မတီများဖွဲ့စည်းပြီး စောင့်ကြည့်ထိန်းကျောင်းနိုင်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ စာရင်းစစ်ချုပ် ခန့်အပ်ထားရေးနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူရသည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့်သဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည် စာရင်းတင်သွင်းလာသော ပြည်ထောင်စု ၀န်ကြီးများ၊ပြည်ထောင်စုရှေ့နေချုပ် နှင့် ပြည်ထောင်စု စာရင်း စစ်ချုပ် တို့အား အရည်အချင်းမပြည့်မီကြောင်းအထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည် ထောင်စု လွှတ်တော်အနေဖြင့်ငြင်းပယ်ပိုင်ခွင့်မရှိပေ။

နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊သံတမန်အဆက် အ သွယ်ဖြတ်တောက်ခြင်းများ ကိုပြည်ထောင်စုလွှတ်တော်၏သဘောတူညီမှုဖြင့်ပြုလုပ်ရသည်။

နိုင်ငံတော်သမ္မတအနေဖြင့် အချို့သော အပြည်ပြည်ဆိုင်ရာ၊ဒေသဆိုင်ရာ (သို့)နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို မိမိ၏သဘောဆန္ဒဖြင့် ချုပ်ဆိုခြင်း၊အတည်ပြုဆောင်ရွက်ခြင်း၊ပယ်ဖျက်ခြင်း၊နှုတ်ထွက် ခြင်းများပြုနိုင်သော်လည်း၊ အချို့သော အပြည်ပြည်ဆိုင်ရာ၊ဒေသဆိုင်ရာ (သို့)နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်း၊အတည်ပြုဆောင်ရွက်ခြင်း၊ပယ်ဖျက်ခြင်း၊နှုတ်ထွက်ခြင်းများကို ပြည်ထောင် စု လွှတ်တော်၏သဘောတူညီချက်ဖြင့်သာဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့်နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် စာ ရင်းစစ်ချုပ်တိုအား ဖွဲ့စည်းပုံအခြေခံအတွင်းပြဌာန်းထားသော ပြစ်တင်ဆွဲဆိုခံရနိုင်သည် အကြောင်းအ ရာများနှင့်ငြိစွန်းလျင် ပြစ်တင်ဆွဲဆိုနိုင်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ပေးပို့အတည်ပြုချက်ရယူရသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့် သ ဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည်စာရင်းတင်သွင်းလာသော ပြည် ထောင် စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏တို့အား အရည်အချင်းမပြည့်မီကြောင်း အထောက် အထား ခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည်ထောင်စုလွှတ်တော်အနေဖြင့်ငြင်းပယ်ပိုင်ခွင့်မရှိပေ။ ပြည်ထောင်စု လွှတ်တော် အနေဖြင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား ဖွဲ့စည်းပုံ အခြေခံအတွင်း ပြဌာန်းထားသောပြစ်တင်ဆွဲဆိုခံရနိုင်သည်အကြောင်းအရာများနှင့်ငြိစွန်းလျင် ပြစ်တင် ဆွဲဆိုနိုင်သည်။

လွှတ်တော်များအနေဖြင့်တရားစီရင်ရေးအဖွဲ့အစည်းများအားကော်မတီများဖွဲ့စည်းပြီး စောင့်ကြည့် ထိန်း ကျောင်းနိုင်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အမည် စာရင်းအားပြည် ထောင်စုလွှတ်တော်သို့ပေးပို့အတည်ပြုချက်ရယူရသည်။ (ရွေးချယ်ရာတွင် နိုင်ငံတော် သမ္မတမှ (၃)ဦး၊ ပြည်သူလွှတ်တော်ဥက္ကဌ နှင့် အမျိုးသားလွှတ်တော်ဥက္ကဌများမှ (၃) ဦးစီရွေးချယ်သည်။) ပြည်ထောင် စုလွှတ်တော် အနေဖြင့် သ ဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည်စာရင်း တင်သွင်းလာသော အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား အရည်အချင်း မပြည့်မီကြောင်း အထောက် အထားခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည် ထောင်စုလွှတ်တော် အနေဖြင့် ငြင်းပယ်ပိုင်ခွင့်မရှိပေ။

ပြည်ထောင်စုလွှတ်တော်အနေဖြင့်အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအားဖွဲ့စည်းပုံအခြေခံအတွင်းပြဌာန်းထားသောပြစ်တင်ဆွဲဆိုခံရနိုင်သည်အကြောင်းအရာများနှင့်ငြိစွန်းလျင်ပြစ်တင်ဆွဲဆိုနိုင် သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တို့၏ဆောင် ရွက်ချက်များနှင့်ပတ်သတ်၍ အခြေခံဥပဒေနှင့်ညီညွတ်မှုရှိ/မရှိဆုံးဖြတ်နိုင်သည်။

အချုပ်ဆိုရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအား ပြင်မည်ဆိုလျှင် အဓိကစဉ်းစားရမည့်အချက်သည် (Structure) ကိုပြင်ချင်သည်လား၊ (Separation of powers and Reciprocal Check & Balance)ကိုပြင်ချင်သည်လား ဒါမှမဟုတ်(Essence)ကိုဘဲပြန်လည်ဖြည့်စွက်၊ပြင်ဆင်ချင်သလားဆိုသည် ကိုသုံးသပ်ရမည်ဖြစ်သည်။(Essence)ကို ပြောင်းမည်ဆိုလျှင် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ၏ (Structure) နှင့်(Separation of powers and Reciprocal Check & Balance) ပါပြောင်းရမည်ဖြစ်သည်။ (Essence)အားပြန်လည်သုံးသပ်ဖြည့်စွက်မည်ဆိုလျှင် ပထမဦးဆုံး အ နေဖြင့် နိုင်ငံသားများ အကြား ဘုံသဘောတူညီချက်၊သဘောထား(Common Ground)အားတည်ဆောက်ယူသင့် ပါသည်။

ဤသည်ပင်ဖွဲ့စည်းပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရဖြစ်မည်ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု သည်လည်း အဆိုပါအနှစ်သာရများအားအကောင်အထည်ဖော်ရန် ဦးတည်သောပြင်ဆင် မှုများပြုလုပ်ရပေလိမ့်မည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို ဟိုပုဒ်မဖြုတ် ဒီပုဒ်မဖြုတ်ခြင်းဖြင့် ချဉ်းကပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဥပဒေ၊ နည်းဥပဒေများ ကဲ့သို့ နားလည် ယူဆခြင်းသာ ဖြစ်ပေလိမ့်သည်။

(ဆောင်းပါးရှင် - နိုင်လင်းထွန်း)

( The Voice Journal Vol.9/No.36 တွင်ပါရှိသောဆောင်းပါးဖြစ်ပါသည်။)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။