●နိဒါန်း●
ဒီမိုကရေစီသုခမိန်တစ်ဦး ဖြစ်သော လယ်ရီဒိုင်းမွန်း ၏ ပြီးခဲ့သည့်တနင်္ဂနွေနေ့က Orchid Hotel တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် အသွင်ကူးပြောင်း ရေးနှင့် ပဋိဥာဉ်လိုအပ်ချက်ကို မီးမောင်းထိုးပြသွား သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကိုယ်တိုင် ကိုယ်ကျဖြတ်သန်းနေရသော မြန်မာ နိုင်ငံ အတွက် တန်ဖိုးရှိလှသော အခွင့်အလမ်း တစ်ရပ် ဖြစ်သလို မြန်မာနိုင်ငံအပေါ် တတ်နိုင်သမျှ ၀ိုင်းကူစဉ်းစားပေးခဲ့ သော လယ်ရီဒိုင်းမွန်းကိုလည်း ကျေးဇူးတင်ရမည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ကမ္ဘာအရပ်ရပ်မှ အတွေ့အကြုံများနှင့်ယှဉ်၍ သုံးသပ် ပြောကြားသွားသည်မှာ “လာရင်းကိစ္စ” ကို မျက်မှောက် ပြုဖို့ တိုက် တွန်းသွားခြင်း ဟု တွေ့ရှိနိုင်သည်။
●အပြန်အလှန်လုံခြုံမှုစနစ်●
လယ်ရီဒိုင်းမွန်း ထောက်ပြသွားသည့် “အပြန်အလှန်လုံခြုံမှုစနစ်” မှာ Stakeholder အားလုံး သတိကြီး ကြီး ထား၍ သုံးသပ်ဆင်ခြင်ရမည့် ကိစ္စ ဖြစ်သည်။ အပြန်အလှန်လုံခြုံမှုစနစ်ကို ရယူနိုင်ရန် နိုင်ငံရေး ခေါင်းဆောင်များအကြား ဘုံသဘောတူညီသော နိုင်ငံရေးပဋိဥာဉ်တစ်ရပ် မရှိမဖြစ် လိုအပ်ပြီး ယင်း နိုင်ငံရေး ပဋိဥာဉ် ရရှိရန် လျှို့ဝှက်တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းများကို ဖြတ်သန်းရမည် ဟု လယ်ရီဒိုင်း မွန်းက ဆိုသည်။ အပြည့်အ၀ အနိုင်မရရှိနိုင်သော အပေး-အယူ ညှိနှိုင်းမှုတွင် သာသည် နာသည် အလေး မထားဘဲ ရေရှည်ဒီမိုကရေစီခိုင်မာစေရေးကို အလေးထားရန်၊ မြန်မာ့နိုင်ငံရေးပဋိဥာဉ်အတွက် ဖြစ်နိုင်ချေ တစ်ခုအဖြစ် အချိုးကျကိုယ်စားပြုမှုစနစ်သို့ စဉ်းစားသုံးသပ်ကြည့်ရန် လယ်ရီဒိုင်းမွန်းက အကြံပြုခဲ့သည်။
လယ်ရီဒိုင်းမွန်း၏ နမူနာဖြေရှင်းချက်ကို သုံးသပ်ကြည့်လျှင် “အနည်းဆုံးညှိ” ဖော်မြူလာဖြင့် Key Player များအကြား ဘုံတူညီချက်ရှာဖွေရန် ဖြစ်သည်။ တောင်အာဖရိကတွင် နိုင်ငံရေးပဋိဥာဉ်ရရှိရန် မင်ဒဲလားနှင့် ဒီကလပ်တို့ စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ဖြင့် ဖော်ဆောင်သွားသည် ဟု ဆိုသော်လည်း မြန်မာနိုင်ငံတွင် မူကား တောင်အာဖရိကလောက် ရိုးစင်း လွယ်ကူမည် မဟုတ်ပေ။ “အတိုက်အခံ”နှင့် “အာဏာရ” ဘက်နှစ်ဘက်တည်းကို အထူးပြု၍ လယ်ရီ ဒိုင်းမွန်းတွက်ချက်သွားခဲ့သော မြန်မာ့နိုင်ငံရေးပုစ္ဆာ၌ နှစ်ဘက် ထက်ပိုသော ဘက်များစွာ ရှိနေခြင်းသည် မြန်မာ့နွေဦး၏ တစ်မူကွဲပြားသော စရိုက်လက္ခဏာဟု ဆိုနိုင်ပေ လိမ့်မည်။
လယ်ရီဒိုင်းမွန်း ညွှန်းဆိုသည့် နိုင်ငံရေးပဋိဥာဉ်မှာ လက်ရှိမြန်မာ့နိုင်ငံရေးဆုံချက် ဖြစ်လာနေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် ပါဝင်နိုင်ရန် အရေးကြီးသည်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အများအားဖြင့် အာရုံပြုထားကြသည်မှာ “နိုင်ငံရေးပဋိဥာဉ် ထွက်ပေါ်လာရေး” မဟုတ်ဘဲ “ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါများ” ချမှတ်နိုင်ရေးကို ဦးတည်ထားပြီး မတူညီသော ရှုထောင့်များ ဖြင့် မတူညီသော အကျိုးစီးပွားများကိုသာ အခြေပြုထားကြောင်း တွေ့ရှိနိုင်သည်။
လယ်ရီဒိုင်းမွန်း၏ အယူ အဆမှာ နိုင်သူအကုန်ယူသဘော မဟုတ်ဘဲ အနိုင်နှင့် အရှုံး၊ အပေးနှင့် အယူ၊ ညှိနှိုင်းယူစေလိုသည့် သဘော ဖြစ်၍ တစ်ခုလုံးသဘောဆောင်သည်။ အပြန်အလှန်လုံခြုံမှု မပေးနိုင်သော ကိုယ်ပိုင်နိုင်ငံရေးအစီ အစဉ်များကို အခြေပြု၍ ရှာဖွေနေလျှင် နိုင်ငံရေးပဋိဥာဉ်တစ်ရပ် ရှာဖွေနိုင်ရေးမှာ မျှော်တိုင်းဝေးနေဦးမည့် အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။ ဤသည်ကို လယ်ရီဒိုင်းမွန်းက အချိန်မီလာရောက်၍ ထောက်ပြခဲ့ ခြင်းသာ ဖြစ်သည်။
●၂၀၁၅ အလွန် ဧကန်မဲ့မှု●
National Endowment for Democracy မှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် ဝါရင့် ဒါရိုက်တာ တစ်ဦး ဖြစ်သူ ဘရိုင်ယန်ဂျိုးဇက်၏ ၂၀၁၅ မြန်မာ့နိုင်ငံရေးစာတမ်းတစ်စောင်၏ အဆိုအရ ဦးတည်ရာ အရပ်မျက်နှာ တိတိကျကျ မသိရှိနိုင်သေးသော မြန်မာ့နွေဦး၏ အနာဂတ်သည် ခက်ခဲကြမ်း တမ်းပြီး ကြိုတင်မှန်းဆရန်လည်း မလွယ်ကူ ဟု ဆိုသည်။ မြန်မာ့နိုင်ငံရေးပဋိဥာဉ် ရှာပုံတော်သည် နိုင်ငံရေး အင်အားစုအားလုံးက လိုလိုလားလား နှစ်သက်လက်ခံနိုင်ဖွယ်ရာရှိပြီး အောင်မြင်ရန်လည်း အနီးစပ်ဆုံး ဖြစ်နိုင်သည် ဟု ၄င်းက ဆိုသည်။ အောင်မြင်ခဲ့ပြီ ဆိုလျှင်တော့ တောင်အာရှနှင့် အရှေ့ တောင် အာရှဒေသတွင်း၌ ပထမဦးဆုံးသော နိုင်ငံရေးပဋိဥာဉ်ဖြင့် အသွင်ကူးပြောင်းခြင်း ဖြစ်လာမည် ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံကဲ့သို့သော ရှုပ်ထွေးကျယ်ပြန့်လှသည့် အသွင်ကူးပြောင်းမှုတွင် သေချာပေါက် ဟူ၍ ခန့်မှန်းတွက်ဆနိုင်ခြင်း မရှိဘဲ ဧကန်မဲ့မှုများသာ ကြီးစိုးလာမည် ဟု ၄င်းကဆိုသည်။ အုပ်ချုပ်သူဘက်မှ စတင်ဖော်ဆောင်သော အသွင်ကူးပြောင်းမှုဆိုသော်ငြားလည်း ချောမွေ့ပြေပြစ်သော ကူးပြောင်းရေး တစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး အရပ်ရပ်နယ်ပယ်စုံ ဖြေလျှော့မှုများကြောင့် နိုင်ငံရေးပါဝါဗဟိုချက်အသစ် များ ပေါ်လာမည် ဟု ခန့်မှန်းထားသည်။
မြန်မာ့နွေဦးကို ရှုမြင်ရသော အနေအထားမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ဘက်စုံပြုပြင် ပြောင်းလဲလျက်ရှိပြီး စနစ်အသစ်၊ ယန္တရားအသစ်များ အကြား အပြန်အလှန်ထိန်းကျောင်းမှုများ ရှိနေခြင်း ကြောင့် ခန့်မှန်းရလည်း ပို၍ ခက်ခဲလာစေခဲ့သည်။ ဘရိုင်ယန်၏ ရှုမြင်ချက်သည် ဒီမိုကရေစီခိုင်မာသည့် အဆင့်သို့ မရောက်ရှိနိုင်တော့ဘဲ နိုင်ငံရေးဝင်္ကပါတွင် တ၀ဲလည်လည်ပိတ်မိနေမည့် အဆိုးကျော့ သံသရာကို သတိပေးထားခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ၀င်္ကပါတွင် ဖြစ်နိုင်ချေအရှိဆုံး အခြေအနေတစ်ရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားသည့် မူဝါဒများသည် ပင်လျှင် လက်တွေ့၌ လွဲမှားသွားစေနိုင်သော အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ဘရိုင်ယန်က ဆိုသည်။ အဓိကစိန်ခေါ်မှုမှာ အခြေအနေအားလုံးနှင့် ကိုက်ညီသော မူဝါဒများ ချမှတ်ကျင့်သုံးနိုင်ရေးနှင့် မျှော်လင့် မထားသည့် အခြေအနေများ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ လိုက် လျောညီထွေ အလိုက်သင့်ဖြေရှင်းဆောင်ရွက်နိုင်ရေး ပင် ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
●မြန်မာ့နိုင်ငံရေးဝင်္ကပါ●
မြန်မာနိုင်ငံရေးပဋိဥာဉ် ရှာပုံတော်ခရီးတွင် အရေးကြီးသည်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ လာရင်းကိစ္စ မပျောက်ပျက်ရေးပင် ဖြစ်သည်။ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို စည်းခြားထားနိုင်မှသာ Greed and Grievance ထောင်ချောက်မှ ရုန်းထွက်နိုင်မည် ဖြစ်သည်။ ကိုယ့်ပိုင်နိုင်ငံရေးအာဂျင်ဒါများထက် ဘုံနိုင်ငံရေးပဋိဥာဉ်ရှာဖွေနိုင်ရေးက အရေးကြီးကြောင်း သတိမထားမိလျှင် အထိုင်ဟောင်းကို ချည်တိုင် သဖွယ် ထင်မှတ်တတ်သော မြန်မာ့နိုင်ငံရေးဝင်္ကပါထဲ ပိတ်မိသွားမည့် သဘောဖြစ်သည်။
မြန်မာ့နိုင်ငံရေး ၀င်္ကပါအတွင်း သက်ဆင်းမိပြီ ဆိုလျှင် “သန်း(၆၀)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး” ဟူသော လာရင်းကိစ္စ ပျောက်ပျက်သွားသည့် အခြေအနေသို့ ဆိုင်ရောက်သွားမည်သာ ဖြစ်သည်။ ဤသည် ကိုလည်း လယ်ရီ ဒိုင်းမွန်းက နောင်လာမည့် လေးငါးနှစ်ကို မကြည့်ဘဲ ရေရှည်သဘောဆောင်သော ဒီမိုကရေစီခိုင်မာရေးကို ကြည့်ရန် သတိပေးပြောကြားသွားခဲ့သည်။ သန်း(၆၀)၏ ရှေ့လာမည့် ဆယ်နှစ်တာ တွင် ဘယ်အရာက အရေးကြီးဆုံးလဲ ဟူသည်ကို နိုင်ငံရေးခေါင်းဆောင်များက ဖြစ်လိုသော ဆန္ဒနှင့် ဖြစ်သင့်သော အမြော် အမြင်တို့ကို ကတ္တားခြား၍ ဆုံးဖြတ်ကြရမည် ဖြစ်သည်။
အချုပ်ဆိုရလျှင် လယ်ရီဒိုင်းမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ့နိုင်ငံရေးဝင်္ကပါအတွင်း တ၀ဲလည်လည် သက်ဆင်းကျရောက်စေမည့် “ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါ”နှင့် မြန်မာ့နိုင်ငံရေးဝင်္ကပါ အတွင်းမှ ရုန်းထွက် လွတ်မြောက်နိုင်စေမည့် “နိုင်ငံရေး ပဋိဥာဉ်ရှာပုံတော်” ဟူသော လမ်း(၂)သွယ်ရှိရာ၌ သန်း(၆၀)၏ လာရင်းကိစ္စကို မျက်မှောက်ပြုကြရန် သတိပေးလိုသည့် လာခြင်းကောင်းသောခရီးတစ်ခုပင် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
[Source : The Voice Weekly, Vol.9/No.52, 2014, Photo-Ya Nant Thit]
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။