/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 14, 2013

.

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ် ၁၄ ရက်နေ့ မိန့်ခွန်း

သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာ ပြုခြင်း အခမ်း အနား မှာ မိန့်ခွန်း တရပ်ပြောဆိုခဲ့ပြီး တိုက်ရိုက်လွှင့်ထုတ်တာဖြစ်ပါတယ်။



အစိုးရ ၀န်ကြီးသစ်တွေ ကတိသစ္စာ ပြုတဲ့ အခမ်းအနားမှာ အခုလို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောခဲ့ တာဖြစ်ပါတယ်။ 


အပြည်အစုံကို ဧရာဝတီက ပြန်လည်မျှဝေ လိုက်ပါတယ်။

၁၄-၈-၂၀၁၃)

အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ

ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး အဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။

ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။

ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။ 

မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်း ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေ ဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။

မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှု အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင် ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကို တင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ရပါတယ်။

ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီ တာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ် ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေး လဲလှယ်မှု စနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ် ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး ပြောင်းလဲပေး ခဲ့ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည် ဖော် ဆောင်ရွက်နေပါတယ်။ 

ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမား တဲ့ ဈေးကွက်လည်း ရှိပါတယ်။ 

သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။ 

ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ 

လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ် လုပ်နိုင် ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက် လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလို တဲ့ ရေ ကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်း အောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။