မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှာ တင်ဒါအောင်မြင် သွားတဲ့ Telenor Group ဟာ ပြည်တွင်း၊ ပြည်ပက မြန်မာ လူမျိုးတွေကို အဓိကရည်ရွယ်ပြီး အလုပ် အကိုင် ခေါ်ယူနေပါတယ်။
မြန်မာအစိုးရက ချပေးတဲ့ လိုင်စင်ရရှိပြီးတာနဲ့ ၈ လ အတွင်း လုပ်ငန်း အကောင်အထည် ဖော်ရ မှာ ဖြစ်လို့ စီမံခန့်ခွဲ နိုင်တဲ့ အုပ်ချုပ်မှုအဆင့်တွေကို အရင်ဦးဆုံးခေါ်နေကြောင်းလည်း Telenor Myanmar ရဲ့ Public Relationship မမွန်မြတ်သူက ပြောပါတယ်။
“Telenor Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်းမှာ အသုတ် ၃ သုတ်ခွဲပြီး ဝန်ထမ်းတွေကို ခေါ်ယူသွားဖို့ရှိပါတယ်။ ဒီနေ့ကနေစပြီး ပထမဆုံး အသုတ် စပြီးတော့ ခေါ်ပါတယ်။ ရာထူးနေရာ ၂၅ ခုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်တွေကို စပြီးတော့ ခေါ်သွားမယ်လို့ သိရပါတယ်။”
ဝန်ထမ်းဦးရေ ၃၀၀၀ အထိခေါ်ယူသွားမှာဖြစ်ပြီး နည်းပညာပိုင်းဝန်ထမ်း ၁၀၀၀ နဲ့ Sale and Marketing ဝန်ထမ်းတွေ၊ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်း ၂၀၀၀ ခန့်အပ်သွားမယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းက လူတွေတင်မကဘဲ ပြည်ပနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာ လူမျိုးတွေကို ခေါ်ယူမှာဖြစ်တဲ့ အတွက် လစာနှုန်းတွေ ကတော့ ကျေနပ်နိုင်လောက်တဲ့ နှုန်းထားတွေ ပေးမှာဖြစ်တယ်လို့လည်း Telenor Myanmar ရဲ့ အရာရှိက ကပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသုံးပြုမယ့် ဆက်သွယ်ရေး ကွန်ယက်တွေအတွက် HUAWEI ကုမ္ပဏီ၊ Errisons ကုမ္ပဏီ၊ VIPO ကုမ္ပဏီတို့နဲ့ နားလည်မှု MOU ထိုးထားပြီး နောက်ဆုံးပိတ်ရွေးချယ်မှာကတော့ HUAWEI နဲ့ Errisons တို့ထဲက ရွေးချယ်ဖို့အတွက် စီစဉ်ထားတဲ့အကြောင်း Telenor Myanmar ရဲ့ Chief Financial Officer Mr.Petter ကဆိုပါတယ်။ ဖုန်းခေါ်ဆိုမှုနှုန်းထားတွေ အတွက် လက်ရှိမှာတော့ ၂၅ ကျပ်လို့ သတ်မှတ်ထားပြီး နောက်ပိုင်းမှာ ဈေးနှုန်း လျော့ပေးတာတွေ လုပ်လာနိုင်တယ်လို့ အကြီးအကဲက ပြောတဲ့ အကြောင်း မမွန်မြတ်သူက ရှင်းပြပါတယ်။
“အခုလောလောဆယ်တော့ ၂၅ ကျပ်လို့ပဲ ပြောချင်ပါသေးတယ်တဲ့၊ တယ်လီနော စတင်လည်ပတ်ပြီးတော့ ရောင်းချနိုင်တဲ့ အဆင့်ရောက်ရင်တော့ ဘယ်လိုမျိုး promotion တွေနဲ့ ဘယ်လိုမျိုးရောင်းချ သွားမယ် ဆိုတာ သိရပါလိမ့်မယ်။ အဲဒီအတွက် ကြောင့် ၂၀၁၄ ခုနှစ် ဒုတိယ ၄ လပါတ်အထိ စောင့်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်”
မြန်မာနိုင်ငံဟာ Telenor ရဲ့ ၁၃ ခုမြောက် ဈေးကွက်ဖြစ်လာမှာဖြစ်ပြီး ဝန်ထမ်းတွေအတွက် လုပ်ငန်း ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှု အရည်အသွေးတွေ မြှင့်တင်ပေးမယ့် Telenor Myanmar Academy ကို ရန်ကုန် မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီသင်တန်းကျောင်းမှာ ဝန်ထမ်းတွေအပြင် ပြင်ပက ပြည်သူတွေ တက်ရောက် နိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူတဲ့ အခါမှာ နော်ဝေ အခြေစိုက် Telenor Group နဲ့ Ooredoo ကုမ္ပဏီတို့ ရွေးချယ်ခံခဲ့ရတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
Credit : http://abbsoluteright.blogspot.com/2013/08/telenor.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။