/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, August 14, 2013

.

ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၌ ပြင်ဆင်လိုသည့် အချက်များကို အမျိုးသားလွှတ်တော်တွင် NLD လွှတ်တော်ကိုယ်စားလှယ်များအား ဆွေးနွေးစေမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မီဒီယာ ဥပဒေကြမ်းများအတွက် စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ခဲ့ကြောင်း သတင်းရ ရှိ သည်။


ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း နှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ)အနေဖြင့် ပြင်ဆင်လိုသည့် အချက်များကို သြဂုတ် ၁၃ ရက်က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ် အေး ချမ်းရေး ကော်မတီ ရေးရာဆောင်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံရာတွင် စာနယ်ဇင်းကောင်စီမှ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ အပါ အ၀င် အဖွဲ့ဝင် ၁၀ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ် သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးအောင်ကြည်ညွန့်တို့က ပုံနှိပ်နှင့်ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

စာနယ်ဇင်းကောင်စီ (ယာယီ) မှ မူလက ရေးဆွဲခဲ့သော မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြင်ဆင်ချက် ၁၇ ချက်ကို ပြင်ဆင်ရေးဆွဲရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ ၁၇ ချက်သည် မီဒီ ယာလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်သဖြင့် မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း၊ ထိုအခါ ပြန်ကြားရေး ၀န်ကြီးဌာနမှ မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေး ရန် ငြင်းဆန်ခဲ့သဖြင့် မိမိတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှတစ်ဆင့် တင်သွင်းရန် ရည် ရွယ်ထားကြောင်း၊ မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနအပေါ် ယုံကြည်မှု လွန် ကဲမှုကြောင့် တစ်ပတ်ရိုက်ခံခဲ့ရကြောင်း မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်က အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်သို့ ရောက်ရှိနေသည့် ပုံနှိပ်နှင့် ထုတ်ဝေ ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ မိမိတို့ စာနယ်ဇင်းကောင်စီ အနေဖြင့် လက်မခံနိုင်ကြောင်း၊ အဆို ပါ ဥပဒေကြမ်းပါ မှတ်ပုံတင်ခွင့်များနှင့် ကန့်သတ်မှုများ ရှိနေကြောင်း၊ ထို့သို့ လွတ်လပ်စွာ ရေးသားခွင့်ကို ထိန်းချုပ်လိုသည့် ဥပဒေများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဆွေးနွေးဆောင်ရွက်ပေးပါရန် တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား လွှတ်တော်တွင် မိမိတို့ပါတီဝင် ငါးဦးရှိကြောင်း၊ ၎င်းတို့အနက်မှ တစ် ဦးမှာ ခရီးသွားနေသဖြင့် ကျန်လေးဦးကို စာနယ်ဇင်းကောင်စီမှ ပြင်ဆင်လိုသည့် အချက်များနှင့် ပတ်သက် ၍ လေ့လာစေမည်ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လေးဦးအားပါတီမူဝါဒအတွင်း မှ လွတ်လပ်စွာ ဆွေးနွေးစေမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့ပါတီ အနေဖြင့် ယခင်က နားလည်ထားသည်မှာ ယခုအမျိုးသားလွတ်တော်သို့ ရောက်ရှိနေ သည့် ပုံနှိပ်နှင့် ထုတ်ဝေရေးဆိုင်ရာ ဥပဒေကြမ်းသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့ သဘောတူညီမှု ရရှိပြီးဖြစ်ကာ လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေဖြစ်သည်ဟု ယူဆခဲ့ကြောင်း၊ ကန့် ကွက်ရမည်ဟု နားမလည်ကြောင်း၊ ထို့ကြောင့် မကန့်ကွက်ဘဲ ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအတွက် တောင်းပန်ပါကြောင်း၊ နောက်နောက်တွင် ယခုလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် မိမိတို့အား ကြိုတင်အ သိပေးမှုများ ပြုလုပ်ပေးစေလိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် သတင်းလွတ်လပ်ခွင့်သည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင်များသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မီဒီ ယာ ဥပဒေကြမ်းများအတွက် နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးက "ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့အတူ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဦးဌေးဦးနဲ့ သူရဦးအေးမြင့်တို့လည်း ဆွေးနွေးပွဲကို တက်ရောက်ကြပါ တယ်။ သူရဦးရွှေမန်းကတော့ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အချိန်မရတဲ့အတွက် အသေးစိတ် မဆွေးနွေးနိုင်ခဲ့တာပါလို့ ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ တဲ့အခါ ဒီရလဒ်အတိုင်း ပေါ်လာခဲ့လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်လည်ဆွေးနွေးဖို့ ကိုယ်စားလှယ် တစ်ယောက်က တင်ပြလာခဲ့မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် နာယကတစ်ဦး အနေနဲ့ ခွင့်ပြုသွားမယ် ပြောပါတယ်။ ပါတီစွဲ မထားဘဲ လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြတယ်လို့လည်း ဆိုပါတယ်။ တွေ့ဆုံချိန် ၁ နာရီခွဲလောက်ရှိပြီး သူရဦးရွှေမန်းနဲ့ ဆွေးနွေးရတာ အပြုသဘော ဆောင်တဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ အခုလို လုပ်နေတာဟာ စာနယ်ဇင်း လောကအတွက် မဟုတ်ပါဘူး။ ပြည်သူပြည်သားတွေ အတွက်ပါ" ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တစ်ဦးက "ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ သူရဦးအေးမြင့်က ပြောတာက သူ့စိတ်ထဲမှာ မှတ်ပုံတင် အရာရှိဆိုတာ ဖျက်ပြီးပြီလို့ ထင်နေတာ။ ဒါကို နဂိုကတည်းကလည်း မကြိုက်ခဲ့ဘူး။ ဒီဟာမပါဘူးလို့ပဲ သူထင်နေတာ။ ဒီဥပဒေကြမ်းအတွက် ပြန်ကြားရေးကလုပ်တဲ့ ဆွေးနွေး ပွဲ ကို ဦးရဲထွန်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) နဲ့ ဦးခိုင်မောင်ရည် (NDF) တို့နှစ်ဦးကို တက်ခိုင်း ပေမယ့် အချိန်မရလို့ အပြည့်မတက်နိုင်ခဲ့ဘူး။ မအားလပ်တဲ့ကြားက တက်ရတော့ မဆွေးနွေးနိုင်လိုက်ဘူး။ အဲဒီအခါကျတော့ ပြန်ကြားရေးရဲ့ ဦးဆောင်မှုအောက်မှာ ဒီဥပဒေကြမ်းကြီး မျောသွားခဲ့ရတယ်။

စာနယ်ဇင်းကောင်စီနဲ့ ဆွေးနွေးထားတာတွေထဲက အပိုတွေ ပါသွားရတယ်။ ပယ်မယ်ဆိုတဲ့ အချက်တွေ ပါသွားတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး ပြောပါတယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးအောင် ကြည်က ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အကုန်ပြေလည်သွားပြီပြောလို့ ယုံလိုက်မိတာလို့ ပြောပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။