/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

NLD ကိုချစ် တဲ့ပြည်သူတွေ ဒါတွေကိုသိရဲ့လား



ကျုပ် ဟိုနေ့က NLD ပါတီထဲ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့တွေ ပြန်လည်ရွေးခံခွင့်ပြုခဲ့လို့ အမှားကြီးမှာခဲ့တာ ကို တင်ပြခဲ့ပါတယ်။ ဒီနေ့တော့ NLD ကိုချစ်ကြလို့ ဒေါ်စုကို အထောက်အကူပြု ဖို့ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးကြဖို့အတွက် တတ်သိနားလည်ကြတဲ့ ပါတီဝင်တွေ၊ အတွေ့ အကြုံရှိ တဲ့ ပုဂ္ဂိုလ်တွေကို အမေစုနားကို ကပ်မရ အောင် နည်းမျိုးစုံနဲ့ ကန်ချခဲ့ကြတာတွေ ကို ပြော ပါ့မယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စုရော ပါတီထဲ ထဲထဲ ဝင်ဝင်လုပ်ကြတဲ့ပုဂ္ဂိုလ်တွေ သိသင့်သလောက်တော့ သိကြပါလိမ့်မယ်။ ပါတီတွင်းညီလာခံတွေ လုပ်ကြတဲ့အခါမှာ ပါတီအကျိုးကို တိကျမှန်ကန်စွာ လုပ်ဆောင်ကြတဲ့ သူတွေတော်တော်များပါတယ်။ ဒီအထဲကနေ ဘာတစ်ခုမှ စုံစမ်းမေးမြန်းခြင်းမရှိပဲ ပါတီဝင်အဖြစ်ကနေ ဗဟိုညီလာခံပြီးဆုံးသည်အထိ ဆိုင်းငံ့ခံခဲ့ရတဲ့ ပါတီဝင်တွေကို မှတ်မိကြသေးရဲ့လား။ ကျုပ်လက်လှမ်းမီသမျှ ပြန်ပြောပါမယ်။ 

ပုသိမ်က ဦးညွန့်လှိုင်တို့အဖွဲ့၊ မန္တလေးက ဦးကိုကိုအောင်တို့အဖွဲ့၊ မြင်းခြံက Dr ဝင်းသူတို့အဖွဲ့၊ ရန်ကုန်က ဦးခင်မောက်ရှိန်၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့အဖွဲ့၊ တံတားဦးက Dr အောင်စိုးမြင့်တို့အဖွဲ့၊ နောက် မြောင်းမြ၊ ကော့သောင်း၊ ရွှေပြည်သာ၊ မြဝတီ၊ မြစ်ကြီးနား၊ နေပြည်တော်လယ်ဝေး၊ ရေစကြို၊ ကယားပြည်နယ် အများကြီးပေါ့ဗျာ။ နောက် ရှေ့နေကြီး ဦးအောင်သိန်းကို သိကြတယ်မဟုတ်လား။ ဒေါ်စုအကျယ်ချုပ်နေကတည်းက ဒေါ်စုရဲ့ကိစ္စအဝဝနှင့် NLD ရဲ့အကျိုးကို အမြဲဆောင်ရွက်ခဲ့တဲ့သူလေ။ ဒီလိုလူမျိုးကိုတောင်မှ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေ ဝိုင်းဝန်းချိုးနှိမ်ခဲ့ကြတာ။ ဒေါ်စုကပြောတယ်တဲ့ ဒီရပ်ကွက်မှာ ဦးအောင်သိန်းထက်တော်တဲ့လူတွေ အမျုားကြီးရှိလို့နေမှာပေါ့တဲ့။ ကဲ ကောင်းကြရောလား။

ကျုပ်သိတဲ့ မန္တလေးနှင့် မြင်းခြံကအဖွဲ့အကြောင်းကိုလည်း ပြောပါဦးမယ်ဗျာ။ မန္တလေးက ဦးကိုကိုအောင်တို့၊ ဦးဝင်းလှိုင်တို့ဟာ NLD ရပ်/ကျေးရုံးတွေဖွင့်ဖို့ ပြည်သူတွေကြောက်နေကြတဲ့အချိန်မှာ ဘဲဥအစရှာမရ ဖြစ်နေကြတဲ့အချိန်မှာ နေ့ရော ညပါ ကြိုးစားလိုက်ကြရတာ။ မြင်းခြံက Dr ဝင်းသူတို့၊ Dr ဝင်းနိုင်တို့၊ ကိုကြည်ဝင်းတို့ဟာလည်း ဒီအတိုင်းပါပဲ။ ရပ်ကျေးရုံးတွေဖွင့်၊ ပါတီဝင်တွေစုဆောင်း၊ ဟာသပညာရှင် နှုတ်ခမ်းမွေးဦးပါပါလေးတို့နဲ့တွဲပြီး နေရာအနှံ့မှာ စည်းရုံးရေးလုပ်ခဲ့ကြတာတွေ၊ မန္တလေးတစ်တိုင်းလုံး သိကြမှာပါ။ ဒီလိုလုပ်ကြတော့ ပါတီဝင်တွေက သူတို့ကို ထောက်ခံကြတယ်လေ။ ဒီတော့ တနင်္ဂနွေ သားရဲ့တပည့်တွေ၊ ဆရာမွေး တပည့်မွေး မွေးပြီး သူတို့ပါတီတွင်း နေရာပြန်ရရေး မတရားကြိုးပမ်းနေတဲ့ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေ ကျဆုံးခန်းရောက်တော့တာပေါ့။ ဟော ဒါနဲ့ အင်္ဂါသားနှင့် တနင်္ဂနွေသားတို့ပူပေါင်းပြီး အပြစ်မရှိတဲ့ ပါတီကောင်းကျိုးကို ဆောင်ရွက်နေတဲ့သူတွေကို ပါတီဝင် အဖြစ်ကနေ ဆိုင်းငံ့ပါလေရော။ NLD ပါတီကြီး ဖြစ်မှဖြစ်ရလေနော်။

လူရွှင်တော် နှုတ်ခမ်းမွေးဦးပါပါလေးဆိုတာ လူတိုင်းသိကြမှာပေါ့။ ၈၈ ကတည်းက ဒေါ်စုရဲ့လက်စွဲပဲဟာ။ ဟာသပညာရှင်ဆိုတော့ လူထုကချစ်ကြတယ်မဟုတ်လား။ ထောင်တန်းကျပြီး အနစ်နာလည် ခံခဲ့ကြတာကိုး။ ဦးပါပါလေးပါတဲ့ ရုံးဖွင့်ပွဲဆိုတော့ လူထုက ပုရွက်ဆိတ်အုံ ကျနေတာပဲ။ ဒါကိုအခွင့်ကောင်း ယူပြီး နိုင်ငံရေးသမားတွေက စည်းရုံးရေးလုပ်ရမယ်လေ။ သိတယ်ဟုတ်။ အဲဗျာ ကျုပ်တို့မန္တလေးက ဘာနိုင်ငံရေးအသိမှမရှိတဲ့ မွတ်ဆလင်မကြီးက ဦးပါပါလေးတို့ကို ရုံးဖွင့်ပွဲမလာရအောင် နည်းမျိုးစုံနဲ့ လုပ်ပါလေရော။ ဒေါ်စုသိရဲ့လား၊ ကျွတ် ကျွတ် ကျွတ်…။ ဆရာမွေး တပည့်မွေး မွေးပြီး သူတို့ ပါတီတွင်း နေရာပြန်ရရေး မတရားကြိုးပမ်းနေတဲ့ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့တွေ ကျဆုံးခန်း ရောက်တော့ တာပေါ့။

ဒါကြောင့်မို့ ဆရာတော်ဦးဝီရသူကမိန့်တယ်။ NLD ဟာ ဝတ်အသင်းသာသာပဲရှိတယ် တဲ့။ ကျုပ်က ဆရာတော့်ကိုပြန်လျောက်လိုက်ပါတယ်။ ဝတ်အသင်းလောက်တောင် အဆင့်မရှိပါဘူး ဘုရား လို့။ ကဲ ကျုပ်ပြောပါမယ် NLD ပါတီရဲ့ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ ရုံးတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ရုံးစနစ်များ၊ ပါတီစည်းကမ်းများ ရှိကြသလား၊ လိုက်နာလုပ်ဆောင်မှုရော ရှိကြသလား။ တစ်နိုင်ငံလုံးအတိုင်းအတာကို ပြောတာပါ။ ဗဟိုကို ကျုပ်ရောက်သွားတော့ ဗဟိုညီလာခံကျင်းပရေးကော်မရှင်အဖွဲ့တွေနဲ့တွေ့တယ်။ မန္တလေးတိုင်းကနေ ဗဟိုကိုတင်ထားတဲ့စာလေး (၂)စောင်ကိုရှာတာ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိကြာတယ်။ လုံးဝမတွေ့ခဲ့ပါဘူး။ ဒါလောက်ဆိုလျှင် သဘောပေါက်ပါလိမ့်မယ်။ ရုံးလုပ်ငန်းတွေ ကိုကျွမ်းကျပ်တဲ့ပုဂ္ဂိုလ်တွေ ကျုပ်တို့ NLD မှာ အများကြီးးရှိပါတယ်။ လုပ်ချင်စိတ်ရှိသူတွေ၊ လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ စုံလို့။

ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို မူလရှိပြီးသားလူတွေက သူတို့နေရာပျောက်မှာစိုးလို့၊ ဒေါ်စုကို သူတို့လိမ်ချင်တိုင်း လိမ်လို့ မရမှာစိုးလို့ နည်းမျိုးစုံနဲ့ကန်ချတယ်။ ဒီတော့ ပါတီထိပ်တန်းနေရာတွေမှာလည်း ပြဿနာတွေ မျိုးစုံနဲ့။ ဟုတ်မဟုတ် အသေအချာစဉ်းစားစေချင်ပါတယ်။ အခု ပါတီဗဟိုညီလာခံကြီးပြီးသွားပြီ။ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာတော့ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ ဟုတ်ပါတယ်နော်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဒေါ်စုက ဥက္ကဋ္ဌ။ ဟုတ်ပြီ ဒု ဥက္ကဋ္ဌက ဘယ်သူလဲ၊ အတွင်းရေးမှူးတွေက ဘယ်သူလဲ၊ ဘဏ္ဍာရေးအဖွဲ့တွေက ဘယ်သူလဲ။ နေရာနှင့် တာဝန် သတ်သတ်မှတ်မှတ် ဘာဖြစ်လို့ မရွေးချယ်နိုင်တာလဲ။ သဘောပါတယ်နော်။ ဒါတွေဟာ NLD အတွက် ဘယ်လောက်အရေးကြီးလဲ။ ပြည်သူချစ်တဲ့ပါတီဖြစ်တဲ့အတွက် ဘယ်လောက်အရေးပါမလဲ။ နောက် ဒေါ်စုအလုပ်မအားရဘူး၊ ပင်ပန်းတယ် မှန်ပါတယ်။ အဓိကကျတဲ့အချက်ကိုစဉ်းစားမိကြလား။ ဒေါ်စုအနားမှာ အားကိုးလောက်တဲ့ ရုံးလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့ ဦးစီးအရာရှိတွေလိုတယ်နော်။ 

အခုတော့ တတ်သိနားလည်ပြီး တော်တဲ့လူတွေကို ဒေါ်စုနားမရောက်အောင် နည်းမျိုးစုံနဲ့ ကန်ချ နေကြတယ်။ ပါတီတွင်း ကိုယ်လုပ်ချင်တာ လုပ်လို့ရအောင် ပါတီရဲ့စည်းကမ်း နည်းလမ်း ဥပဒေ တွေကိုလည်း ဘာတစ်ခုမှ တိတိကျကျလုပ်ထားတာမရှိခဲ့လေတော့ NLD အတွက် ရင်လေးမိတယ်။ ဒါတွေကို ဒေါ်စုနှင့် ထိပ်တန်းပါတီခေါင်းဆောင်တွေ သိကိုသိရမယ်။ အချိန်နဲ့တပြေးညီလည်း ပြင်ရမယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဒီပါတီတွင်းမှာတောင် စည်းစနစ်တကျ၊ ဒီမိုကရေစီနည်းတကျ မအုပ်ချုပ်နိုင်ရင် ၂၀၁၅ ခုနှစ် သမ္မတဖြစ်ချင်တဲ့ ဒေါ်စုရော၊ ဝန်ကြီးတွေဖြစ်ချင်နေကြတဲ့ ပုဂ္ဂိုလ်တွေရော ဝေလားဝေးပဲမောင်တို့။ ကျုပ်က အပုပ်ချတာမဟုတ်ပါဘူး။ ထောက်ပြတာပါ။ NLD ပါတီကြီးကို ထမရအောင်လုပ်ထားကြတဲ့ အချက်တွေထဲ ဒါလဲ တစ်ချက်ပါနေပါတယ် ကွယ်တို့ရေ။ ဆက်လက်တင်ပြပါမယ်။

From: ဇာနည်ဘွား

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။