/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

တက္ကစီများကို ရောင်းချသည့် CNG ဈေး ပြင်ဆင်သတ်မှတ်မည်

အများပြည်သူအတွက် သက်သာ ချောင်ချိမှု မရှိစေဘဲ ယာဉ်ပိုင်ရှင် လူအနည်းစုကိုသာ အကျိုးရှိ စေသဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed) ဈေးနှုန်းကို ပြင်ဆင် ရောင်းချ သွားမည် ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင်သတင်းထုတ်ပြန်လိုက်သည်။


ယင်းကဲ့သို့ ပြုလုပ်ရန် စီစဉ်ခြင်းမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ ယခုနှစ် ဧပြီလတွင် CNG ငှားယာဉ် များကို စက်သုံးဆီ အသုံးပြုမောင်းနှင်သော အငှားယာဉ်များ နှင့် ဈေး နှုန်းတစ်ပြေးညီ သတ်မှတ်ကာ မီတာဖြင့် ပြေးဆွဲစေမည်ဆိုပါက ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများ နည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချသင့်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြလာခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ တင်ပြချက်အတိုင်း ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများနည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချခြင်းကို မပြုလုပ် သေးသော်လည်း ပထမအဆင့်အနေဖြင့် အငှားယာဉ်များကို ရောင်းချသည့် CNG ဈေးကို သင့် တင့် မျှတသော ဈေးနှုန်းအဖြစ် ပြင်ဆင်ရောင်းချခြင်းကို မကြာမီစတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“CNG နဲ့ဆွဲရတာ အုံနာကြေးက များတယ်ဆိုပေမယ့် ဆီခ သက်သာတယ်၊ ပတ်ဆွဲနိုင်တယ်။ ဈေးမြင့်မယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ တကယ်ဆို အားလုံးကို CNG ရအောင် လုပ်ပေးရမှာ။ အဲဒါကမှ တကယ့် အဖြေ” ဟု CNG အငှား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ခြင်းမှ ရရှိသည့် ဝင်ငွေအား နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များတွင် သုံးစွဲခြင်း သို့မဟုတ် သဘာဝဓာတ်ငွေသုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများတွင် သုံးစွဲသွားမှ သာ အများပြည်သူ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

CNG ယာဉ်များမှာ ဈေးမြင့်သကဲ့သို့ ယာဉ်မောင်းများက ငှားရမ်း မောင်းနှင်လျှင်လည်း နေ့စဉ် (အုံနာ ကြေး) ကြေး မြင့်မားသဖြင့် ခရီးသည်များကို ဈေးလျှော့ချ ယူနိုင်ခြင်း မရှိသောကြောင့် အများပြည် သူ များအတွက် အကျိုးထူးခြားမှုမရှိကြောင်း ရောင်နီဦး အငှာယာဉ် ဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

ယင်းကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း များနှင့် CNG ဈေးများ ကွာဟမှုကြောင့် မီတာစနစ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း၊ နိုင်ငံတကာတွင်လည်း CNG ဈေးမှာ သက်သာသောကြောင့် ဈေးကွာဟ ချက်ကို ညှိနှိုင်းနိုင်မည်မဟုတ်သဖြင့် အငှားယာဉ်များ အားလုံးကို CNG ပေးနိုင်မှ သာလျှင် ပြဿနာများ အဆင် ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။