/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

အင်းလေးအင်းနှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည်ဟု ကြေညာ



အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေး ကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင် ရောင်း ချရန် ကြေညာထားကြောင်း သိရသည်။ ရှမ်းပြည် နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းရှိ ဂရန် အင်း/တင်ဒါ ပိုက်ချက်များအား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်သဖြင့် မည်သူမဆို ၀ယ်ယူလိုပါက ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံး တောင်ကြီးမြို့ တွင် လေလံတင် ရောင်းချ မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။


ဂရန်အင်းများတွင် အင်းလေးအင်း၊ စံကားအင်း၊ တင်ဒါပိုက်ချက်များတွင် ကိုးမိုင်တံတားဝပိုက်ချက်၊ ငါးရှဥ့်ဖြူ တံတားအောက်ပိုက်ချက်၊ ရွှေရန်ပြေ တံတားအောက်ပိုက်ချက်တို့ ပါဝင်သည်ဟု ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။''ကျွန်တော်တို့ ဒေသမှာ အင်းလေးအင်းဆိုတာ မရှိဘူးလေ။ မြန်မာနိုင်ငံမှာ အင်းလေးအင်းဆိုတာ မရှိဘူးလေ။ ဒါပေမယ့် အင်းလေလံပေးလို့ရအောင် အင်းလေးကန်ကို အင်းလေး အင်းလို့ အမည်ပြောင်းထားတာ။ ဂရန်အင်းတွေလို့ အမည်ပေးလိုက်တဲ့ နေရာမှာ အင်းလေးအင်း လို့ ရေးထားတယ်။ အဲဒါအင်းလေးကန်ကို ပြောတာ''ဟု အင်းလေးဒေသမှ ဒေသခံတစ်ဦးက ဇွန် ၁ ရက်နေ့က ပြောပြသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် တို့အတွင်း တည်ရှိကာ အာဆီယံ အမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သည်။''အာဆီယံအဆင့် ထိန်းသိမ်း ထားတယ်လို့ ဆိုကတည်းကကိုက ကျွန်တော်တို့က နိုင်ငံရဲ့ တကယ့်အရေးကြီးတဲ့ ဒေသ တစ်ခုဖြစ်တယ်။ ကျွန်တော်တို့က သယံဇာတတွေကို နေရာအနှံ့မှာ ထင်သလိုသုံးလို့ မရဘူးလေ။ ကျွန်တော်တို့ရဲ့အမွေ၊ ထိန်းသိမ်းထားဖို့လိုတယ်။ နိုင်ငံတော်ကနေ ဒီဟာကို တကယ်တမ်း လိုအပ်လို့ ထိန်းသိမ်းထား တဲ့နေရာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အခွန်အတုတ်တွေ၊ အမြတ်အစွန်း ရရှိဖို့ထက် အမွေကို ဆက် ထိန်းနိုင်ဖို့က အရေးကြီးနေတာပေါ့။ နောက်တစ်ခုကလည်း အဓိကက ဒေသခံတွေ ကလည်း သူတို့ဒီမှာ လုပ်ကိုင်စားသောက်တဲ့ အခါမှာလည်း လေလံယူပြီးတော့မှ သူတို့နားလည်မှုတွေ လွဲပြီးတော့မှ လုပ်တဲ့ ဟာမျိုးတွေလည်း ရှိတာကိုး။ အာဆီယံအဆင့် သတ်မှတ်ထားတဲ့ သဘာဝ ထိန်းသိမ်းနယ်မြေထဲကနေ ပြီးတော့မှ လေလံတင် ရောင်းချခြင်းက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်'' ဟု အင်းလေးဒေသ၌ သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှု လျော့ချတဲ့ နေရာမှာလည်း သူတို့ဆီက အခွန်အတုတ်ကို ယူနေမယ့် အစား သူတို့ရေရှည် အသုံးချနိုင်ဖို့ အတွက်ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီးတော့မှ ထိန်းသိမ်း မှုလေးတွေရအောင် ဆောင်ရွက်မယ်ဆိုရင် . . .

အင်းလေးဒေသသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ ရာတွင် သစ်တောပြုန်းတီးမှု၊ ရေပြင်ညစ်ညမ်းခြင်း မြင့်တက်လာမှု၊ ရေပြင်ဧရိယာ ကျဉ်းမြောင်းလာ မှု၊ ရေအနက် ယခင်ကထက် လျော့လာမှု၊ ယခုနောက်ပိုင်း ကြုံတွေ့ရသည့် ပူပြင်းခြောက်သွေ့ချိန် တွင် ရေအ၀င် နည်းပါးမှု စသည်တို့ဖြစ်ကြောင်း သိရှိရသည်။

အင်းလေးကန်သည် ၁၉၃၄ ခုနှစ်တွင် ကန်အကျယ်အ၀န်း ၁၀၄ စတုရန်းမိုင်ရှိပြီး ၂၀၀၅ ခုနှစ်တွင် အကျယ်အ၀န်း ၈၇ ဒသမ ၅၄ စ တုရန်းမိုင် ရှိခဲ့သည်။ ယခုအခါ ပြန်လည်တိုင်းတာချက်အရ ဧရိယာ ၆၃ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အင်းလေးကန်အား ယခင်ကလည်း ငါးလုပ်ငန်းရာသီအတွက် လေလံဆွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်များ အတွင်း အင်းလေးကန်၊ အင်းလေးဒေသ ၀န်းကျင်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပတ်သက်၍ ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် ပြန်လည်သုံးသပ်ရမည့် အခြေအနေ ဖြစ်သည်ဟု သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။

''လုပ်ငန်းရှင်တွေက လေလံကို ဆွဲရုံပဲ ဆွဲလိုက်တယ်လေ။ ဆွဲပြီးတော့မှ သူတို့လေလံမှာ စည်းကမ်း ချက်တွေက အများကြီးပဲ။ ဒါပေမယ့် အဲဒီစည်းကမ်းချက်တွေကို လိုက်နာ၏၊ မလိုက်နာ၏ ဆိုတာကိုရော ဘယ်သူတွေက လိုက်ပြီးတော့မှ ဆောင်ရွက်သလဲပေါ့။ စည်းကမ်းချက် ၁၅ ချက်နဲ့ ထုတ်ပြန်လိုက်တယ်။ အဲဒီဟာတွေကို ဘယ်သူတွေကနေပြန်ပြီး ကြီးကြပ်ပေးသလဲ ဆိုတာပေါ့ဗျာ'' ဟု အင်းလေးဒေသမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူက ပြောကြားသည်။

''ရေလုပ်သားလေးတွေရဲ့ ဘ၀ဟာ တကယ်လည်း ဆင်းရဲတာတွေ များတာပေါ့။ ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှု လျော့ချတဲ့ နေရာမှာလည်း သူတို့ဆီက အခွန်အတုတ်ကို ယူနေမယ့်အစား သူတို့ရေရှည် အသုံးချနိုင်ဖို့ အတွက်ကို သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီးတော့မှ ထိန်းသိမ်းမှုလေးတွေ ရအောင် ဆောင် ရွက်မယ်ဆိုရင် အင်းလေးဒေသမှာရှိတဲ့ ရေလုပ်သားတွေရဲ့ ဘ၀မြင့်တင်ရာ ရောက်မှာပေါ့။ အခုက ဒီဟာ အပေါ်မှာကိုပဲ အကျိုးအမြတ် ထုတ်ချင်တဲ့သူက များသလို ဖြစ်နေတာပေါ့'' ဟု ၎င်းကဆက် လက် ပြော ကြား ခဲ့သည်။

အင်းလေးဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့်မတူဘဲ စံချိန်တင် ရေကျ ဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့သည်။ ၂၀၁၃ ခုနှစ် နွေရာသီအတွင်းတွင်လည်း ရေ ၀င်ချောင်းများ ရေနည်းပါး ကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်။

မိုးနည်းပါးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဆက်စပ်ကာ မြေဆီလွှာ တိုက်စားပို့ချခြင်း၊ အနည်အနှစ် ကျ ဆင်းမှု များပြားလာခြင်း စသည့် အကြောင်းအချက်များသည် အင်းလေးကန်အတွင်းသို့ စီးဝင်သော ချောင်း များတွင် ရေနည်းပါးမှုကို အဓိက ဖြစ်ပေါ်စေခဲ့သည်။အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နော်ဝေနိုင်ငံ အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ စသည်တို့က ကူညီပံ့ပိုးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

''နိုင်ငံတကာမှာ တကယ့်ကို အရေးကြီးတဲ့ ဒေသတစ်ခုအဖြစ် မဖြစ်မနေ ထိန်းရမယ့် ဒေသအဖြစ် သတ်မှတ်ပြီး ထိန်းနေတဲ့ အချိန်မှာ ကျွန်တော်တို့က အခွန်အခလေးကိစ္စနဲ့ ဒါကိုဆက်လုပ်နေမယ်ဆို ရင် ဒေသခံတွေမှာ နားလည်မှုတွေက လွဲကုန်တာပေါ့ဗျာ။ ဘယ်လောက်ပဲ အာဆီယံအဆင့်၊ ကမ္ဘာ့အ ဆင့်ပြောပြော လေလံပစ်တဲ့လူကတော့ လေလံပစ်နေတာပဲဆိုတော့'' ဟု သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဆောင်ရွက်နေသူက ပြောပြခဲ့သည်။

EMG
နာမည်ကျော် အင်းလေးကန်မြင်ကွင်းကို မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။