/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ကိုယ်စားလှယ် ၉၀၀ ခန့် တက်ရောက်


World-Economic-Forum-on-East-Asia-Naypyitaw

အရှေ့အာရှ ကမ္ဘာ့စီးပွါးရေး နှီးနှောဖလှယ်ပွဲ (WEF) ကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပရာ ရာပေါင်းများ စွာသော ကမ္ဘာ့ခေါင်း ဆောင် များနှင့် စီးပွါးရေး လုပ်ငန်းရှင် ထိပ်သီးများ တက်ရောက်လျက် ရှိကြသည်။


နေပြည်တော်ရှိ MICC တွင် ပြုလုပ်ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF on East Asia) ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က စတင်ပြုလုပ်နေရာ တက်ရောက်လာကြသော နိုင်ငံတကာ ကိုယ်စားလှယ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) သုံးရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှာ ကိုယ်စားလှယ်ပေါင်း ၉၀၀ ခန့် တက်ရောက်ဆွေးနွေးကြသည်။

MICC တွင် သုံးရက်ကြာကျင်းပမည့် စီးပွါးရေး နှီးနှောဖလှယ်ပွဲသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ် ၉၀၀ ခန့် တက်ရောက်ပြီး WEF ၏ လူဦးရေအများဆုံး တက်ရောက်သော အစည်းအဝေးဖြစ်ပြီး ထိုပမာဏကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် အလွန်အမင်းစိတ်ဝင်စားမှုကို ပြသနေသည်ဟု WEF ၏ အာရှဒေသဆိုင်ရာ အကြီးအကဲ ဆူရှန့်ပါလာကူသီရောင်း (Sushant Palakurthi Rao) အား ကိုးကား၍ AFP သတင်းတရပ်တွင် ရေးသားထား သည်။

လွန်ခဲ့သော ၂ နှစ်က သမ္မတဖြစ်လာခဲ့ပြီးနောက် ဦးသိန်းစိန်သည် ထူးခြားမြန်ဆန်လှသော စီးပွါးရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ ပြုလုပ်ပြီး ကမ္ဘာကို အံ့အားတသင့်ဖြစ်စေခဲ့ပြီး အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းသွားစေခဲ့သည်။

ထို့နောက် နိုင်ငံခြားတိုင်းပြည်များအဖို့လည်း မြန်မာနိုင်ငံသည် စီးပွါးရေးလုပ်ငန်းများအတွက် အလားအလာ ကောင်း များရှိသည့်နိုင်ငံအဖြစ် မျက်စိကျလာစေခဲ့သည်။

“အရေးပါတဲ့ ပုဂ္ဂိုလ်အများအပြားက သမ္မတနဲ့ တွေ့ဘို့ ကြိုးစားနေကြတယ်” ဟု အစိုးရ အရာရှိတဦးက ပြောသည်။

ဈေးပေါသော လုပ်သားဈေးကွက် ရှိနေသည့်အပြင် သန်းပေါင်း ၆၀ မျှသော စားသုံးသူ အသစ်များ ရှိနေသည့် ဈေးကွက်ကြီးက နိုင်ငံခြားကုမ္ပဏီများအတွက် ဆွဲဆောင်မှုတရပ် ဖြစ်နေသည်။

ထိုအထဲတွင် ကိုကာကိုလာလည်း ပါဝင်ပြီး အင်္ဂါနေ့က ပုလင်းသွတ်စက်ရုံသစ်တခုကို မှော်ဘီမြို့တွင် ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် အင်္ဂလိပ်-ဒတ်ခ်ျကုမ္ပဏီဖြစ်သော ယူနီလီးဗား ကလည်း ပြည်တွင်းဈေးကွက် အတွက် ရေချိုးခန်းသုံးနှင့် အိမ်သာသုံးပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံတရုံကို ရန်ကုန်မြို့တွင် မကြာမီ ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ ဇွန်လကုန်တွင် အဆိုပါစက်ရုံ၌ လုပ်သားအင်အား ၁၅၀ ခန့် ရောက်ရှိ လုပ်ကိုင်စေရန် ရည်ရွယ်ထားပြီး ယင်းတို့ အနက်အချို့မှာ ထိုင်းရှိစက်ရုံများမှ ပြောင်းရွှေ့ရောက်ရှိလာမည့် သူများ ဖြစ်သည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်သူများ၏အပြောအရ မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်မည့် စီးပွါးရေး လုပ်ငန်းများ အနေဖြင့် ပွင့်လင်းမြင်သာမှု မရှိသော ဥပဒေအဆောက်အအုံ၊ အခြေခံ အဆောက်အအုံ ချို့တဲ့မလုံလောက်မှု၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်စလုံးတွင် ကျွမ်းကျင်မှု နည်းပါးနေသေးခြင်း စသော အခက်အခဲ အတားအဆီး များနှင့် ကြုံတွေ့ရလိမ့် ဦးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမည့် စီးပွါးရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုအချို့ကို မီးမောင်းထိုး ပြထားသည့် ကြေငြာချက်တရပ်ကိုလည်း ယခုနှီးနှောဖလှယ်ပွဲတွင် တွေ့ရှိရသည်။ နိုင်ငံခြား ဧည့်သည် များအတွက် ငွေထုတ် စက်များ မရှိသေး၊ ခရိဒစ်ကဒ်များအ သုံးပြု၍မရသေး၊ ဘလက်ဘယ်ရီနှင့် အခြား မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် 3G ကွန်ယက်မရသေး ဆိုသော အချက်များကို အဆိုပါကြေငြာချက် တွင် ထည့်သွင်း ရေးသားထားသည်။

ထိုသို့စိန်ခေါ်မှုများရှိနေလင့်ကစား မြန်မာအရာရှိများကတော့ အားတက်နေကြသည်။

“ဒါ ကျနော်တို့ပွဲပဲ။ ဒါ ကျနော်တို့ ကမ္ဘာကို လုပ်ပြလိုက်တာပဲ” ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဝန်ကြီး ဦးဌေးအောင် အား ကိုးကား၍ AFP သတင်းက ရေးသားသည်။

ကျန်ရှိ နိုင်ငံရေး အကျဉ်းသား အားလုံးကို မကြာမီ လွှတ်ပေးပါမည်ဟု သမ္မတဦးသိန်းစိန် က ဖိုရမ် မကျင်းပမီ ယမန်နေ့က တိုင်းပြည်သို့ ရေဒီယိုမှ ကြေညာ ပြောကြားခဲ့သည်။

ထောင်တွင်းတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀ ခန့် ကျန်သေးသည်ဟု နိုင်/ကျဉ်းအရေး ဆောင်ရွက် နေသူ များက ပြောသည်။

http://www.mizzimaburmese.com/news/business/11895-2013-06-05-11-40-35.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။