သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်သက်တမ်း နှစ်,နှစ်ကျော်လာခဲ့ပြီ။ ယခုအခါ အခြေခံပညာ
ကျောင်းများ၏ ကျောင်းဖွင့်ရာသီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။ အစိုးရသစ်သည် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပညာရေးအသုံးစရိတ်ကို ကျပ် သန်းခြောက်သိန်းကျော် သုံးစွဲခွင့်ပြုခဲ့ပြီး ၂ဝ၁၃၊ ၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင်မူ ကျပ်သန်း ကိုးသိန်းကျော်အထိ တိုးမြှင့်သုံးစွဲစေခဲ့သည်။
သို့သော် ထိုငွေပမာဏသည် မြန်မာ့ပညာရေးအတွက် လုံလောက်သည့် ငွေပမာဏမဟုတ်ဟု ပညာရှင်များ၊
လေ့လာသူများက ထောက်ပြဝေဖန်ကြသည်။ ၂ဝ၁၁ ခုနှစ် မြန်မာ့ပညာရေး အသုံးစရိတ် သည် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ပမာဏ၏ ၁ဝ.၈ ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့သည်ဟု ကမ္ဘာ့ဘဏ်စာရင်း များက ဖော်ပြသည်။
ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော စင်္ကာပူနိုင်ငံသည် ၂ဝ၁၁ ခုနှစ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်ကုန် ပမာဏ၏ ၂၇.၁ ရာခိုင်နှုန်းကို ပညာရေးအသုံးစရိတ်အဖြစ် အသုံးပြုခဲ့သည်။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံ ပညာရေး အသုံးစရိတ်သည် စင်္ကာပူနိုင်ငံထက်တစ်ဆကျော် နည်းပါးလျက်ရှိသည်။
ဤသို့သော ပညာရေးအသုံးစရိတ် နည်းပါးမှုများကြောင့် ကျေးလက်ရှိ အချို့သော အခြေခံ ပညာရေး ကျောင်းများ မှာ ဓနိမိုး၊ ထရံကာ မိုးယိုသည့်ကျောင်းအတွင်း ပညာသင်ကြားရစေခြင်း၊ သင်ရိုးညွှန်းတမ်း စာအုပ်များကို မဲဖောက်ကာ ခွဲဝေသုံးစွဲရစေခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ ထိုအခြေအနေများသည် ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း က ကျေးလက်ဒေသများရှိ အခြေခံကျောင်းများ၏ ပကတိအခြေအနေ ဖြစ်သည်။
အလားတူပင် ကျောင်းသားမိဘများ၏ စားဝတ်နေရေး မပြေလည်မှု၊ ဘွဲ့ရပြီးပါက အလုပ်အကိုင် အခွင့် အလမ်း ရှားပါးမှုတို့ကလည်း မြန်မာ့ပညာရေးကို နှောင့်နှေးစေခဲ့သည်။
ကျေးလက်ရှိ အခြေခံပညာရေးကျောင်းတစ်ခု၏ သူငယ်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၃ဝ ခန့် ရှိသော်လည်း စတုတ္ထတန်း ရောက်သည့်အခါတွင်မူ သုံးဦးမျှသာ ကျန်ရှိတော့သည်။
၂ဝဝ၈ ခုနှစ် ကမ္ဘာ့ဘဏ်၏ စာရင်းများအရ မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် မူလတန်းပြီးသည်အထိ ပညာသင်ယူသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၇ဝ ရာခိုင်နှုန်းသာရှိခဲ့သည်။ ဒေသတွင်း စင်ကာပူနိုင်ငံတွင် မူလတန်းပြီးသည်အထိ ပညာသင်ယူသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၉၉ ရာခိုင်နှုန်း ရှိသည်။ ဤသည်က အခြေခံပညာကျောင်းများ၏ အခြေအနေများ ဖြစ်သည်။
အဆင့်မြင့် ပညာရေးတွင်မူ သင်ထောက်ကူပစ္စည်းများ၊ ဆရာဆရာမများ မလုံလောက်ပါပဲလျက် ၁၉၈၈ ခုနှစ်
နောက်ပိုင်းမှစ၍ တက္ကသိုလ်များကို မြန်မာနိုင်ငံ တစ်နံတလျားဖွင့်လှစ်ခြင်းကလည်း မယောင်ရာ ဆီလူးခြင်းပင်
ဖြစ်သည်။ ယင်းအပြင် နိုင်ငံရေး အခြေအနေများနှင့် ဆက်နွယ်လျက် ကျောင်းတံခါးများကို မကြာခဏ ပိတ်ပစ်ခြင်း ကဲ့သို့သော အခြေအနေမျိုးကလည်း မြန်မာ့ပညာရေးသမိုင်းတွင် ရှိခဲ့သေးသည်။
ဤကဲ့သို့ အခြေခံပညာရေးအပြင် အဆင့်မြင့်ပညာရေးတို့ကို နှောင့်နှေးစေသည့် အချက်များကြောင့် ယနေ့ပြုပြင်
ပြောင်းလဲရေးလုပ်သည့်ကာလတွင် ကြုံတွေ့ရသည့် အခက်အခဲ တစ်ခုမှာ ကဏ္ဍအလိုက် ကျွမ်းကျင်သည့် ပညာရှင်များရှားပါးခြင်း ဖြစ်ပေါ်လာခဲ့သည်။
မိမိတို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရန်ဆိုပါက ပညာရေးအသုံးစရိတ် တိုးမြှင့်ရန်အပြင်၊ သင်ကြားမှု သင်ယူမှုစနစ်များ ပြောင်း ပစ်ခြင်း၊ ခေတ်မမီတော့သည့် သင်ရိုးများပြုပြင်ရေးဆွဲခြင်း၊ ဆရာ၊ ဆရာမများကို နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် ညီညွတ်သည့် သင်တန်းများ ပို့ချပေးခြင်းတို့ လိုအပ်မည် ဖြစ်သည်။ ဤသည်က ချက်ခြင်း လက်ငင်း မဖြစ်နိုင်သော် လည်း အစိုးရအနေဖြင့် မြန်မာ့အနာဂတ်အတွက် မလွဲမသွေ ပိုမိုရင်းနှီးမြှုပ်နှံ သင့်သည့်အချက်များ ဖြစ်ပါသည်။
Credit : http://www.mizzimaburmese.com/edop/editorial/11901-2013-06-06-05-36-10.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။