/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 4, 2013

.

ပုံနှိပ်ဥပဒေမူကြမ်းအားလုံးဝ လက်မခံကြောင်း တစ်ညီတစ်ညွတ်တည်း ကန့်ကွက်

၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ပုံနှိပ်ဥပဒေ မူကြမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) ပါ လွတ်လပ်စွာ ဖြန့်ချိထုတ်ဝေခွင့် ရှိသည်ဆိုသော အချက်နှင့် ကွဲလွဲနေပြီး အာဏာရှင်စနစ် တည်ထောင်ရန်ရေး ဆွဲပြဋ္ဌာန်းခဲ့သော ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အသွင်ပြောင်းထားခြင်းသာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ အပါအ၀င် စာနယ်ဇင်းအဖွဲ့အစည်း အားလုံးနှင့် ဂျာနယ်လစ်များက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်လိုက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် အခန်းရှစ်ခန်းနှင့် ပုဒ်မ ၂၈ ခု ပါဝင်ပြီး သတင်းမီဒီယာအား ချုပ်ကိုင်နိုင်ရန်အတွက် ပုံနှိပ်ထုတ်ဝေခြင်းမှ ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ရိုးသားမှုမရှိသော ဥပဒေကြမ်းဖြစ်ကြောင်း စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ဂျာနယ်လစ်များက ကန့်ကွက်ပြောဆိုကြပါသည်။

ဥပဒေကြမ်းအရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဆောင်ရွက်လိုသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည်လည်းကောင်း၊ သတင်းအေဂျင်စီ ဖွင့်လှစ်ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသော မှတ်ပုံတင် အရာရှိ ထံတွင် လုပ်ငန်းအသိအမှတ်ပြုရန် လျှောက်ထားရမည် ဖြစ်သည်။ အဆိုပါ မှတ်ပုံတင်အရာရှိအနေဖြင့် အသိအမှတ်ပြု လက်မှတ်အား ရုပ်သိမ်းခြင်း၊ ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းနိုင်ကြောင်း ပါဝင်နေသဖြင့် ယခင်တည်ရှိခဲ့သော စာပေစိစစ်ရေး လက်ထက်က လုပ်ထုံးလုပ်နည်းများသာဖြစ်ကြောင်း ဂျာနယ်လစ်များက ဝေဖန်ထောက်ပြကြသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးခြင်းခံရသော ဦးအောင်ကြည်က စာနယ်ဇင်းအမြုတေကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကို ဖွဲ့စည်းစဉ်က မီဒီယာဥပဒေအား စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲကြမည်ဟု ပြောဆိုထားခဲ့ပြီး ယခုကဲ့သို့ စာနယ် ဇင်းလောကသားများ မသိအောင် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို ထုတ်ပြန်ခြင်းမှာ မရိုးသားခြင်း ပင် ဖြစ်သည်ဟုလည်း ဝေဖန်ကြပါသည်။

ယခုကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မီဒီယာလောကကို ထိန်းချုပ်ရန်အတွက် တစ်ဖက် သတ် ရေးဆွဲထားသည့် "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း" အား စာနယ်ဇင်းအဖွဲ့အစည်း အားလုံးက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပြီး ယင်းဥပဒေမူကြမ်းသည် မီဒီယာလွတ်လပ်မှုကို ထိန်းချုပ်မည့် ဥပဒေသာဖြစ်ကြောင်း၊ စာနယ်ဇင်းသမားများကို အကာ အကွယ်ပေးမည့် ဥပဒေမဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ ပြန်ကြားရေးက အခုလို ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းကို ထုတ်လိုက်တာဟာ ရှင်းရှင်းပြောရရင် စာနယ်ဇင်းကောင်စီကို မထီမဲ့မြင်ပြုတဲ့ သဘောရောက်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဂုဏ်သိက္ခာရော၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရော၊ ဥပဒေကြမ်း ရေးဆွဲနေတာရောကို ၀ိရောဓိဖြစ်စေတယ် . . .

မြန်မာဂျာနယ်လစ်သမဂ္ဂ (MJU) ၏ ကြေညာချက်တွင် "ဥပဒေကြမ်းသည် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေပါသည်ဆိုသော အစိုးရ၏ မူဝါဒနှင့် ဆန့်ကျင် စွာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်များကို တွေ့မြင်နေရပြီး အထူးသဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ရုပ်သိမ်းဟန်ပြုပြီး ယခင်ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနမှ အစဉ်စွဲကိုင်ခဲ့သည့် စည်းကမ်းများကို အခန်း(၃)၊ ပုဒ်မ ၇ တွင် ထည့်သွင်းရေးဆွဲလာသည်ကို အထင်အရှား တွေ့မြင်နေရပါသည်" ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဥပဒေမူကြမ်း၏ အခန်း (၃)၊ ပုဒ်မ ၇ တွင် "ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် အောက်ပါအချက် တစ်ရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာများကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရ - (က) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာစေမည့် အကြောင်းအရာများ ဖော်ပြခြင်း၊ (ခ) တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော် လည်းကောင်း၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန်သော် လည်းကောင်း လှုံ့ဆော်ခြင်း၊ (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ (ဃ) ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူယစ်ဆေးဝါးမှုနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးလှုံ့ဆော်ခြင်း၊ (င) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဖောက်ဖျက် ရာရောက်သည့် အရေးအသားစာများ ထုတ်ဝေခြင်း" ဟူ၍ ပြဋ္ဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်များသည် န၀တ၊ နအဖ လက်ထက်တစ်လျှောက်လုံးတွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးမှ ထုတ်ပြန်ထားသော မူဝါဒဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်သော မူဝါဒများဖြစ်ကြသည်။ ထို့အပြင် အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များတွင်ပါဝင်သော ပုဒ်မများသည်လည်း စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်နေသော သတင်းမီဒီယာ နယ်ပယ်အတွက် ပြင်းထန်လွန်းနေသည် ဟု မြန်မာဂျာနယ်လစ်သမဂ္ဂ၏ ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ကလည်း "ဥပဒေ၏ အခန်း (၁) တွင် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၏ အဓိပ္ပာယ်ဖော်ပြချက် မပါရှိပါ။ သို့ရာတွင် အခန်း (၂) နှင့် အခန်း (၄) တို့တွင် ဖော်ပြထားချက်များအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသည် ယခင်စာပေစိစစ်ရေးနှင့် များစွာခြားနားမှု မရှိခြင်းကို တွေ့ရသည်။ ထို့အပြင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်တိုက် (အရေးပေါ် အာဏာများ) အက်ဥပဒေတို့ကို အသွင်ပြောင်းထားခြင်း တစ်မျိုးဟု မိမိတို့ရှုမြင်သည်။ သတင်းသမားများအတွက် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊ စာရေးဆရာများ ကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများ တွေ့နေရပါသည်" ဟု ၎င်းတို့၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် "တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာနိုင်ခြင်း၊ ယင်းအပေါ် လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည် လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး Pre-Censorship မဟုတ်သော်ငားလည်း Post-Censorship သာ ဖြစ်နေပါသည်။ ယခု ဥပဒေကြမ်းအရ ဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာ များသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့ သုံးသပ် သည်" ဟု (MJA) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကလည်း "သတင်းစာလွတ်လပ်ခွင့်သည် မီဒီယာလောကသားများ အတွက် သာမက ပြည်သူများနှင့်လည်း သက်ဆိုင်ပြီး အထူးသဖြင့် ယင်းဥပဒေကြမ်းသည် ပြည်သူများနှင့် သတင်းမီဒီယာသမားများ၏ ဆန္ဒသဘောထားကို တောင်းခံရယူခြင်း မရှိဘဲ တစ်ဖက်သတ်ရေးဆွဲခြင်းဟု မှတ်ယူ၍ထိရောက်သော ကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်" ၎င်းတို့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်စီစဉ်ညွှန်ကြားမှုဖြင့် ဖွဲ့စည်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်တိုင် သဘောတူညီခဲ့သော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေရေးဆွဲရန် တာဝန်လွှဲအပ်ခံထားရသည့် သတင်းမီဒီယာကောင်စီက မတ်လ ၂ ရက်နေ့တွင် အစည်းအဝေးကျင်းပပြီး အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား သဘောမတူကြောင်း ကန့်ကွက်လွှာအား နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

"မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော်သမ္မတရုံးရယ်၊ ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ အဓိကကတော့ နိုင်ငံတော်သမ္မတရုံးရဲ့ Mandate နဲ့ ဖွဲ့ထားတာပါ။ ဒါ့အပြင် ပုံနှိပ်နဲ့ထုတ်ဝေသူများ ဥပဒေကြမ်းဆွဲဖို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကိုယ်တိုင် ကျွန်တော်တို့နဲ့ ပထမဆုံးတွေ့တဲ့ပွဲမှာ၊ ပထမဆုံး ပြန်ဖွဲ့တဲ့နေရာမှာ အခြေခံမူဘောင် ပေးထားတယ်။ အဲဒီပေးထားတဲ့အထဲမှာ သတင်းစာ ထုတ်ဝေတာရော၊ ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေတာရော၊ ပုံနှိပ်သမားရော၊ ထုတ်ဝေသူတွေ အတွက်ရော ရေးဆွဲဖို့အချက်တွေက အဲဒီထဲမှာ ပါပြီးသား။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ က ရေးဆွဲနေတဲ့ ပုံနှိပ်နဲ့ထုတ်ဝေသူများ ဥပဒေကြမ်းထဲမှာ အဲဒါပါပြီးသားဖြစ်တဲ့ ကြားထဲကနေ ပြီးတော့ ပြန်ကြားရေးက အခုလို ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းကို ထုတ်လိုက်တာဟာ ရှင်းရှင်းပြောရရင် စာနယ်ဇင်းကောင်စီကို မထီမဲ့မြင်ပြုတဲ့ သဘောရောက်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဂုဏ်သိက္ခာရော၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရော၊ ဥပဒေကြမ်းရေး ဆွဲနေတာရောကို ၀ိရောဓိဖြစ်စေတယ်။ ဆန့်ကျင်ဘက် ဖြစ်စေတယ်။ ဂုဏ်သိက္ခာကို ထိခိုက်တယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေက ပြောပါသည်။

ဆက်လက်ပြီး "မီဒီယာလောကသားအားလုံး ကန့်ကွက်သူမရှိဘဲ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို မထီမဲ့မြင်လုပ်ခြင်းဟာ မီဒီယာလောကသား အားလုံးကို မထီမဲ့မြင်လုပ်ခြင်းနဲ့ အလားသဏ္ဌာန် တူတယ်။ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းကိုလည်း အဟန့်အတား ဖြစ်တဲ့သဘော သက်ရောက်တယ်။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် Stakeholder အသီးသီးသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ အဲဒီလိုသွားနေလို့ နိုင်ငံတကာက ချီးကျူးထောပနာပြုနေတဲ့၊ မျက်နှာပွင့်နေတဲ့ မျက်နှာတွေကို အိုးမဲသုတ်တဲ့သဘော သက်ရောက်တယ်" ဟု ၎င်းက ပြောပါသည်။ ဥပဒေကြမ်းသည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေပါသည်ဆိုသော အစိုးရ၏မူဝါဒနှင့် ဆန့်ကျင်စွာ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသည့် ရည်ရွယ်ချက်များ ကို တွေ့မြင်နေရပြီး အထူးသဖြင့် ၁၉၆၂ ခုနှစ်ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ရုပ်သိမ်းဟန်ပြုပြီး ယခင်ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးဌာနမှအစဉ် စွဲကိုင်ခဲ့သည့် စည်းကမ်းများကို အခန်း (၃)၊ ပုဒ်မ ၇ တွင် ထည့်သွင်းရေးဆွဲလာသည်ကို အထင်အရှား တွေ့ မြင်နေရ . . .

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား မီဒီယာလောကသားများကို အသိမပေးဘဲ တစ်ဖက်သတ် ရေးဆွဲခဲ့ခြင်းမှာ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးလိုခြင်း ဖြစ်ပြီး ၎င်းတို့ရေးဆွဲထားသော ဥပဒေကြမ်း၏ အခန်း (၈) ပုဒ်မ ၂၇ တွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် (က) ၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ၀န်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်" ဟု ထည့်သွင်းထားခြင်းမှာ မြန်မာနိုင်ငံ၏ သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်မည် ဆိုခြင်း အား ပြသသော သဘောပင်ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။

"နိုင်ငံသားတစ်ယောက် အနေနဲ့ရော မီဒီယာအသိုင်းအ၀ိုင်းက အနေနဲ့ပါ ဒီပုံနှိပ်နဲ့ ထုတ်ဝေရေးမူကြမ်းကို သဘောမတူကြောင်း ထုတ်ဖော်ပြသသွားမှာပါ။ ဥပဒေစည်းကမ်း ဘောင်တွေနဲ့ ဥပဒေကြောင်းအရလည်း ကန့်ကွက်သွားဖို့ လိုအပ်တယ်။ ပြည်သူ့လွှတ်တော်ကို ဒီလိုမျိုးသဘောမတူကြောင်း အချက်အလက်တွေ၊ သတင်းတွေပေးပို့ပြီး ကန့်ကွက်လို့ရသလို မီဒီယာလောကသားအချင်းချင်း ညှိနှိုင်းပြီးတော့ သဘောမတူကြောင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးပြီး လုပ်ပါမယ်။ လုပ်တဲ့အခါမှာ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်မှသာလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေး (MJU) ကလည်း ပြောကြားပါသည်။

အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းအား လွှတ်တော်သို့ ပေးပို့လာပါက ဝေဖန်ဆွေးနွေး မှုများ ပြုလုပ်နိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းညွန့်က ဆိုသည်။

"ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်ကို ပို့လာတဲ့အခါမှာ လူ့အခွင့်အရေး ကြေငြာစာတမ်းရယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ အချက်တွေကို ထောက်ပြဆွေးနွေးဖို့ ရှိပါတယ်။ မီဒီယာတွေရဲ့ ဝေဖန်ခွင့်ကို ပိတ်ဆို့ထားတဲ့ ဥပဒေပါအချက်တွေနဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်/ထုတ်ဝေ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ထပ်တူဖြစ်နေတဲ့ အချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ စတင်ရှာဖွေနေပါတယ်" ဟု ပြောကြားပါသည်။

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကမူ "ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် စည်းကမ်းချက်တွေထဲမှာပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တခြားတည်ဆဲဥပဒေများ အရ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ဖောက်ဖျက်တဲ့ အရေးအသားများ ထုတ်ဝေခြင်းမပြုရ လို့ပါတဲ့ အချက်ကိုတော့ နည်းနည်းပြောချင်ပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံရေးပါတီကြီးတွေ အပါအ၀င် တိုင်းရင်းသားတွေကိုယ်တိုင် လက်မခံနိုင်တဲ့ အချက်တွေ ပါနေပါတယ်။

အဲဒီအချက်တွေကို ပြုပြင်ဖို့လိုကြောင်း ပြည်သူက တောင်းဆိုလာရင် အဲဒီတောင်းဆိုတဲ့ သတင်းတွေ ကိုရော မီဒီယာတွေက မရေးရဘူးလား။ ရေးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး အရေးယူမှာလား။ နောက်တည်ဆဲ ဥပဒေတွေမှာလည်း လက်မခံနိုင်တဲ့ ဥပဒေတွေ ရှိတယ်။ အဲဒါတွေကို သတင်းစာတွေမှာရေးရင် သတင်းစာတွေကို ပိတ်ပစ်မှာလား။ အဲဒီလိုလုပ်ဖို့ သဘောဆိုရင်တော့ အဲဒီအချက်ကို လုံးဝလက်မခံနိုင်ပါဘူး" ဟု ဝေဖန်လိုက်သည်။

"မီဒီယာထက် စာမျက်နှာထက်မှာ ပုံနှိပ်ဖော်ပြမှု ရေးသားမှုတစ်ခုခုကြောင့် ရေးသားခံရတဲ့သူ နစ်နာတယ်ဆိုရင် တရားမကြောင်းအရရော ပြစ်မှုကြောင်းအရပါ အရေးယူတရားစွဲရမယ်လို့ ရာဇသတ်ကြီး ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ မဟုတ်တာရေးရင် မဟုတ်တာလုပ်တဲ့သူ ဖြေရှင်းရမျှာပါ့။ တည်ဆဲဥပဒေအရ အတိအလင်း ပြဋ္ဌာန်းပြီးသား ဥပဒေရှိရက်နဲ့ မလိုအပ်တဲ့ ဥပဒေတွေထုတ်ပြီး စတုတ္ထမဏ္ဍိုင်ကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်နေချင်တာ မဖြစ်သင့်ပါဘူး။ နောက်ပြီး ဒီလို မီဒီယာကို ထိန်းချုပ်တဲ့ ဥပဒေမျိုးတွေက ဒီမိုကရေစီလို့ ကြေညာထားတဲ့ နိုင်ငံတွေမှာ လုံးဝမရှိပါဘူး" ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောသည်။

"လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ ဥပဒေကြမ်းပဲ ဖြစ်တယ်။ မလိုအပ်ဘဲ ဒီဥပဒေကြမ်းကို ဘာလို့ထုတ်တာလဲဆိုတာ နားမလည်နိုင်ပါဘူး။ ထိန်းချုပ်ဖို့ကြိုးစားတယ်လို့ နားလည်တယ်။ ဒါကြောင့် ကန့်ကွက်ရတာပါ။ ပုံနှိပ်ထုတ်ဝေခြင်းလို့သာ ရေးထားပေမယ့် ဒီအထဲမှာ Website တွေ၊ အေဂျင်စီတွေရယ် သတင်းဌာနတွေရော အားလုံးပါနေတယ်။ အဲဒါတွေက တကယ်တော့ သဘာဝမကျပါဘူး။ နောက်တစ်ချက်က မှတ်ပုံတင်တဲ့နေရာမှာ လုပ်ငန်းအနေနဲ့ မှတ်ပုံတင်တာမျိုး မဟုတ်ဘဲနဲ့ ၆၂ ဥပဒေမျိုးနဲ့ သိပ်မကွာတဲ့ ဖော်ပြချက်မျိုးနဲ့ စာစောင်တစ်စောင်ချင်းသော် လည်းကောင်း၊ သတင်းဌာန တစ်ခုချင်းသော် လည်းကောင်း မှတ်ပုံတင်တယ်ဆိုတာ ပြောသွားတဲ့ ခေါင်းစဉ်နဲ့ မကိုက်ညီဘူး။ သက်တမ်းတွေကို သတ်မှတ်ထားတာကလည်း သဘာဝမကျပါဘူး" ဟု မြန်မာဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

"ပြန်ကြားရေးဝန်ကြီး အကူးအပြောင်းမှာ စာနယ်ဇင်းလောကသားတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အတွက် Media Law ရေးဆွဲဖို့ ပူးပေါင်းပါလို့ တိုက်တွန်းခဲ့တဲ့အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) မှာ ပါဝင်ခဲ့တာပါ။ အခုလိုမျိုး စာနယ်ဇင်းကောင်စီ (ယာယီ) တောင် မသိရဘဲ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဥပဒေကြမ်းကို ရုတ်တရက် ထုတ်ပြန်ခဲ့တာဟာ ရိုးသားမှု မရှိဘူးလို့ ထင်ပါတယ်။ ဒီဥပဒေကြမ်းထဲမှာ အရင်စာပေစိစစ်ရေး လက်ထက်က အသုံးပြုခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ ပါဝင်နေတာ တွေ့ရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီလိုလုပ်ရပ်ကြောင့် ပြည်ထောင်စု အစိုးရ အပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားနိုင်ပါတယ်" ဦးဇော်သက်ထွေးက ပြောပါသည်။ ယခုကဲ့သို့ စာနယ်ဇင်းအဖွဲ့အားလုံးနှင့် ဂျာနယ်လစ်များက တစ်ဖက်သတ်ရေးဆွဲထားသည့် ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်ကန့်ကွက်နေသော်လည်း အချို့သော ပုံနှိပ်ထုတ်ဝေသူများကမူ ဥပဒေ မူကြမ်းကို လက်ခံနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးအား တွေ့ဆုံပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

"ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ အရင်ကလို Proxy Journalist တွေကို လူထုက လက်မခံတဲ့အခါ သူတို့နဲ့ ခေတ်အဆက်ဆက် ပေါင်းစားခဲ့တဲ့ ခရိုနီထုတ်ဝေသူ တချို့ကို အသုံးချပြီး ပုံနှိပ်ထုတ်ဝေရေး ဥပဒေကို အသက်သွင်းဖို့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ ကြိုတင်လက်ဝါးချင်းရိုက်ပြီး ဒီဥပဒေမူကြမ်းကို ကြေငြာခဲ့တယ်" ဟု အမည်မဖော်လိုသူ ပုံနှိပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

"နေပြည်တော်ကို ဒီဥပဒေ မထွက်ခင် တစ်ပတ်က ခေါ်ပြီး ကြိုတင်ဆွေးနွေးမှုတွေ ရှိတယ်။ အခုလည်း စာနယ်ဇင်းကောင်စီရဲ့ လုပ်ရပ်တွေကို အနှောင့်အယှက်ပေးဖို့ ကြံစည်မှုတွေ လုပ်ခဲ့တယ်" ဟု အဆိုပါလုပ်ငန်းရှင်က ဆိုပါသည်။

"ဒီအဖွဲ့က ပုံနှိပ်ထုတ်ဝေသူ အားလုံးကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့လည်း ပုံနှိပ်ထုတ်ဝေသူပါပဲ။ သူတို့က အခွင့်အရေးသမား သက်သက်ပါ။ ကိုယ့်မီဒီယာလောကကို မကာကွယ်ဘဲ အခုလိုမျိုးတွေ လုပ်ရင် ဒီလောကက သူတို့ကို ၀ိုင်းပယ်ကြပါလိမ့်မယ်" ဟု Eleven Media Group ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ဆိုပါသည်။

ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါအချက်ကို ထိန်းချုပ်မည်ဆိုပါက နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြော ဆိုနေသော သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရှိလာနိုင်မည်မဟုတ်ကြောင်း ဂျာနယ်လစ်များက ဆိုပါသည်။

"အခု ပုံနှိပ်ဥပဒေမူကြမ်းမှာ စာနယ်ဇင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ထိပါးစေတဲ့ အချက်တွေ ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိရင် ဒီမိုကရေစီဆီကို သွားနေတဲ့ လမ်းကြောင်းက ဖြောင့်ဖြူးမှာ မဟုတ်ဘူး။ သမ္မတကြီး အမြဲပြောနေတဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန် တဲ့အုပ်ချုပ်ရေး ဖြစ်လာဖို့ဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိဘဲ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန် တဲ့အုပ်ချုပ်ရေး ရှိလာမှာ မဟုတ်ဘူး။ သမ္မတကြီးရော ဒေါ်အောင်ဆန်းစုကြည်ပါ ပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မရှိဘဲ တရားဥပဒေစိုးမိုးမှု ရှိလာမှာ မဟုတ်ဘူး။ အဂတိတရားလိုက်စားတာ၊ လာဘ်ပေးလာဘ်ယူမှု စတဲ့စတဲ့ အချက်တွေကို စာနယ်ဇင်းက ဖော်ထုတ်မှ ဒီလာဘ်ပေးလာဘ်ယူကိစ္စတွေ လျော့နည်းလာမယ်။ စာနယ်ဇင်းတွေက ချမပြဘဲ စာနယ်ဇင်းတွေကို ထုတ်ဖော်ပြောဆိုခွင့် မရှိအောင် ထိန်းချုပ်ထားမယ်ဆိုရင် ဒီအဂတိတရား လိုက်စားမှုတွေက ရှိနေဦးမှာပဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိရင် နိုင်ငံကလည်း ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး" ဟု The Messenger သတင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ကိုသူရအောင်က ပြောပါသည်။

ဒေါက်တာခင်မောင်ညိုက "ဥပဒေကြမ်းမှာ ထုတ်ဝေခွင့်လျှောက်ထားပြီး ဘယ်ကာလအကြာမှာ လိုင်စင်ထုတ်ပေးရမယ်ဆိုတာ မပါဘူး။ အခကြေးငွေ ဘယ်လောက်ပေးသွင်းရမယ် ဆိုတာလည်း မပါဘူး။ ဒါတွေ တိတိကျကျဖြစ်ဖို့ လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်တယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်တာတွေ ပါသလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမြဲတမ်း မမှန်နိုင်ဘူး။ အဲဒါကို ပြင်ဆင်နိုင်ဖို့ တင်ပြရာကနေ တရားဥပဒေစိုးမိုးမှုကို ထိခိုက်လာနိုင်တာတွေ ရှိနိုင်တယ်။ တည်ဆဲဥပဒေကို ဖောက်ဖျက်တဲ့ သဘောမျိုးလည်း ပါလာနိုင်တယ်။ ဒီလိုသတ်မှတ်ထားတာ စာပေလွတ်လပ်ခွင့်ကို ဘောင်ကျဉ်းသွားစေတယ်" ဟု ပြောကြားသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။