/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 4, 2013

.

ဦးဆန်းဆင့် အစ္စလာမ် ဘာသာရေး အဖွဲ့ ခေါင်းဆောင် များနှင့် ဆွေးနွေး

သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သရေစည်သူ ဦးဆန်းဆင့် အစ္စလာမ် ဘာသာရေး အဖွဲ့ ခေါင်းဆောင် များနှင့် ဆွေးနွေးပွဲ တွင် ပြော ကြား ခဲ့သည့် အမှာစကား

ရန်ကုန်။ ။ (၂၇-၂-၂၀၁၃) ရက်နေ့ နေ့လယ် (၂) နာရီတွင် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်းဆင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက် လမ်း၊ အမှတ် (၁၈၃) ရှိ အစ္စလာမ် သာသနာရေး ရာ ကောင်စီ ဌာနချုပ် ရုံးသို့ လာရောက်၍ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီး၏ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။ ထိုသို့ တွေ့ဆုံ ပွဲတွင် ဝန်ကြီး ဦးဆန်းဆင့်မှာ အောက်ပါ အတိုင်း အမှာစကား ပြောကြား ဆွေးနွေး ခဲ့ ပါသည်။ အခုလို ကျွန်တော်တို့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း များမှ တာဝန်ရှိ သူများကို သာသနာရေး ဝန်ကြီး ဌာနက တွေ့ဆုံတဲ့ ပွဲမှာ ကြွရောက် လာကြတဲ့ ဘာသာရေး အကြီးအကဲ ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး၊ အလ္လာဟ် အရှင်မြတ်ရဲ့အမိန့်ကိုနာခံ တမန်တော်ရဲ့မေတ္တာ တရား သစ္စာ တရားကို နာခံကြတဲ့ လူကြီးမင်းများ အားလုံး လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး မင်္ဂလာတွေ ရရှိ ခံစားနိုင် ပါစေလို့ ကျွန်တော် မေတ္တာ ပို့ပါတယ်။

ကျွန်တော် အခုလို တွေ့ဆုံရတာ အလွန်ပဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဘာသာရေး အဖွဲ့ အသီးသီးက ခေါင်းဆောင် များနဲ့ တာဝန်ရှိ သူများသည် နဂို ကတည်းက ကျွန်တော် တို့နှင့် ရင်းနှီးပြီး သူများ ဖြစ်ပါတယ်။ အထူးတော့ မိတ်ဆက်စရာ မလိုတော့ ပါဘူး။ ကျွန်တော့် အနေနဲ့ ကတော့ ကျွန်တော် ဧရာဝတီ တိုင်းသား တစ်ဦး ဖြစ်ပါတယ်။ ကျုံပျော်မြို့ နယ်မှာ မွေးပါတယ်။ ရေကြည် အသုတ်မှာ ကြီးပါတယ်။ ကျွန်တော် တပ်မတော် ထဲကို တက္ကသိုလ် ကနေ ကူးပြောင်း သွား ကတည်းက နှစ်ပေါင်း (၄ဝ) ကျော် တာဝန် ထမ်းဆောင်ခဲ့ ရာမှာ (၂ဝ၁ဝ) မှာ ကျွန်တော့်ရဲ့ မွေးရပ် တိုင်းကနေ ရွေးချယ်ခံရ တာဖြစ် ပါတယ်။ ဧရာဝတီ တိုင်းမှာ ရေကြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကနေပြီးတော့ တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန် (၂) နှစ် ထမ်းဆောင် ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပွင့်ပွင့် လင်းလင်း ပြောရရင် အုပ်ချုပ်မှု အာဏာရ ခေါင်းဆောင် တစ်ဦးထက် ပြည်သူ လူထုရဲ့ အကျိုးကို ထမ်းဆောင် ရတဲ့ ဥပဒေကို ကာကွယ် ထမ်းရွက်တဲ့ ခေါင်းဆောင် ဖြစ်ချင် တာ အမှန်ပါပဲ။ သို့သော် လိုအပ်ချက် အရ ပြည်ထောင်စု အဆင့်မှာ တာဝန် ပေးတဲ့ အတွက် ပြည်ထောင်စု ဝန်ကြီး တာဝန်ကို ယူခဲ့ရတဲ့ အတွက် ယခင် ဧရာဝတီ တိုင်း ဒေသကြီး တစ်ခုတည်း အစား ပြည်ထောင်စု တိုင်း ဒေသကြီး ပြည်နယ် အားလုံးကို ကိုယ်စားပြု ရမှာဖြစ်တဲ့ အတွက် ပိုပြီး ကျယ်ပြန့် တယ်လို့ ကျွန်တော့် အနေနဲ့ ခံယူမိ ပါတယ်။ ဒါ့ကြောင့် ကနေ့ အုပ်ချုပ်မှု ပိုင်းမှာ ဆောင်ရွက် ရမှာဖြစ် ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဥပဒေ ပိုင်းနဲ့ အုပ်ချုပ် ရေးပိုင်း ပုံသဏ္ဌာန် အဆင် သဏ္ဌာန် လေးတော့ ကွာခြား ပါတယ်။ ဥပဒေပိုင်း ကတော့ ဥပဒေရဲ့လွတ်လပ်ခွင့်၊ ဥပဒေရဲ့ အကျိုးပြု မှုကို လွတ်လွတ် လပ်လပ် ဆောင်ရွက် နိုင်တယ်။ အုပ်ချုပ်မှု ပိုင်းကျတော့ အုပ်ချုပ် မှုပိုင်း ဆိုင်ရာ ဆောင်ရွက် ရမယ့် ဘောင်လေးတွေ ကန့်သတ်ချက် လေးတွေ ရှိနေသေး တယ်လို့ ပြောချင် ပါတယ်။ ဒါရှိကို ရှိရတာ ပါပဲ။ ဘယ် ဒီမိုကရေစီ နိုင်ငံမဆို မှာလည်းဘဲ ကွဲပြားမှု တွေရှိနေ ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီ စနစ်သည် Reform အခုန သံအမတ်ကြီး လည်း ပြောတယ်။ ကူးပြောင်း နေတဲ့ အချိန် ဖြစ်တယ်။ သို့သော် လည်းပဲ ကျွန်တော်တို့ ခံယူ ပါတယ်။ မြန်မြန် ကူးပြောင်းဖို့ လိုတယ်လို့။ ဒါကြောင့် ကျွန်တော်တို့ နောက်ကလည်း တွန်းပါတယ်။ ရှေ့က လည်း ဆွဲတင်ဆောင်ရွက် နေပါတယ်။ သို့သော်လည်းပဲ ကျွန်တော် တို့ရဲ့ ဒီမိုကရေစီ အလေ့အကျင့် နည်းခဲ့တဲ့ အတွက် ကနေ့ (၂)နှစ်ကာလ ရှိသွားသော် လည်းပဲ တချို့နေရာ တွေမှာ တော်တော် လေးကို အခက် အခဲတွေ ဖြစ်နေတယ်။ အခုန ညွှန်မှူး အငြိမ်းစားကြီး ပြောသွားခဲ့ သလိုပါပဲ Rule of the law ပီပြင်ပြီလား။ နောက် ဥပဒေတွေ အသက်ဝင် လာပြီလား။ နောက် ဥပဒေ စိုးမိုးမှု ရှိပြီလား ဆိုတဲ့ မေးခွန်းတွေ ဆက်ပြီး မေးလို့ရ ပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော် တို့ အောက်ခြေမှာ Rule of the law ဥပဒေ တွေ အသက်ဝင်ခြင်း၊ ဥပဒေ စိုးမိုးခြင်း တွေ နည်းသေးတယ် ဆိုတာ ပြောလို ပါတယ်။

မနေ့ကပဲ ကြည့်လေ မအူပင်မှာ လယ်သမားတွေ ရေနက်ကွင်း ကိစ္စ ပြဿနာ ဖြစ်ရင်းနဲ့ လာပြီး ထိန်းကျောင်းတဲ့ ရဲတပ်ဖွဲ့ ဝင်များနဲ့ ပြဿနာ ဖြစ်ပါတယ်။ ကိုယ်ထိ လက်ရောက် တွေ ဖြစ်တဲ့ အနေအထား။ အင်တာနက် ပေါ်မှာ ပါပြီးသား အကြောင်း အရာဖြစ်တဲ့ အတွက် ကြောင့် အကျယ် ချဲ့ပြီး မပြောတော့ ပါဘူး။ ဒီလိုတွေ ဖြစ်ပါတယ်။ ကနေ့ ဒီမိုကရေစီ ကျင့်သုံးခွင့် ရပြီ ဆိုတော့ လည်းပဲ ကျွန်တော်တို့ အပြည့်အဝ မရသေးတဲ့ အတွက် ဒီလို ထိခိုက် မှုတွေ၊ ပွတ်တိုက် မှုတွေ၊ ရန်မှုတွေ ရှိနေ သေးတယ် ဆိုတာကို အထူး ပြောစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့က Reform လုပ်ချင် တယ်။ ဥပဒေ ကြောင်းအရ သွား ချင်တယ်။ သို့သော် လည်းပဲ မပြောင်းလဲ ချင်တဲ့ သူနဲ့၊ ယခင် အတိုင်းကို ပုံသေ အချိုးကျ နေပြီး ဒီအခေါက်ကို မဖြေချင် တဲ့သူတွေ အုပ်ချုပ်မှု ထဲမှာ ရှိသေး သလို ပြည်သူတွေ ထဲမှာလည်းပဲ ဒီမိုကရေစီ ဆိုတာကို ထဲထဲဝင်ဝင် မသိသေးတဲ့ အားနည်းချက် တွေရှိ ပါတယ်။ ဒါ့ကြောင့် မို့လို့ အခု ဖြစ်ပွားနေတဲ့ ပြဿနာ တွေမှာ ဒါတွေပါ ပါတယ်။ ကနေ့ ဘာသာရေး အရ လွတ်လပ်ခွင့်၊ ပြီးရင် ပြောဆို လုပ်ကိုင်ခွင့် တွေသည် လွတ်လွတ် လပ်လပ် လုပ်ကိုင် ခွင့်တွေ ရှိရမယ့် အချိန် ရောက်ပြီဖြစ် သော်လည်းပဲ ကျွန်တော်တို့ အနေနဲ့ ထိန်းကျောင်း ပြီးတော့ ချိန်ဆ နေရတယ် ဆိုတာကို ပြောချင်တဲ့ သဘောပါ။ ကျွန်တော်က ပြည်သူ့ ကိုယ်စားလှယ် တစ်ယောက် ဖြစ်ခဲ့တဲ့ အတွက် အုပ်ချုပ်မှု ပိုင်းကို ရောက်သော် လည်းပဲ ပြည်သူတွေက ရွေးချယ် ပေးတဲ့၊ လွှတ်တော် က ရွေးချယ် ပေးတဲ့၊ သမ္မတကြီးက nominate ပြုတယ်။ ရွေးချယ်ပေး တာသည် ပြည်သူ ပါ။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ ပြည်သူ့ဝန် ထမ်းရမှာဖြစ် တဲ့အတွက် ကျွန်တော်တို့ ဌာနမှာ Mind sense ပါပြောင်းပြီး ဆောင်ရွက် သွားပါမယ်။

ဒါကြောင့် မို့လို့ ကျွန်တော်တို့ ဘာလုပ်ရ မလဲဆိုတာကို သိရအောင် တင်ပြချင် ပါတယ်။ သာသနာရေး ဝန်ကြီးဌာန ရဲ့ လုပ်ငန်း တာဝန်မှာ ကျွန်တော် တို့ရဲ့ ရည်ရွယ်ချက်က

(၁) ဘာသာ အသီးသီး လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိရန် (ဒါအခြေခံ ဥပဒေမှာ ပါပြီးသားပါ)၊
(၂) ထေရဝါဒ ဗုဒ္ဓ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွား ထွန်းကား စေရန်၊
(၃) အပြည်ပြည် ဆိုင်ရာ သာသနာရေး ကိစ္စရပ်များ ကူညီဖြေရှင်း နိုင်စေရန်၊
(၄) မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာ ရှင်သန် ပေါ်ထွန်းလာ စေရန် (ဒါကျွန်တော် တို့ အားလုံး ဘာသာ အသီးသီးသာ ကွဲသော် လည်းပဲ “မြန်မာလူမျိုး တိုင်းရင်း သားများ” ဖြစ်တယ်။ ဒါကြောင့် မို့လို့ ရိုးရာ ယဉ်ကျေးမှုတွေ ရှင်သန် ထွန်းကားဖို့ ဆိုတဲ့အချက် ဒါကို ကျွန်တော်တို့ ရည်ရွယ်တယ်။

ထိုနည်း လည်းကောင်းပဲ ကျွန်တော် တို့ရဲ့ မူဝါဒ

(က) မြန်မာနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင် ပြုရန်၊
(ခ) ဘာသာ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်ရန်၊
(ဂ) ဗုဒ္ဓဘာသာ သံဃာတော်များ အချင်းချင်း ညီညွတ်ရန်၊
(ဃ) ပြဋ္ဌာန်း ထားသော တရား ဥပဒေ အတိုင်း ဆောင်ရွက်ရန်၊

ကျွန်တော်တို့ ဥပဒေတွေ ပြဋ္ဌာန်း ထားပြီးပါပြီ။ ကျွန်တော်တို့ ဒီကနေ့ သွားတာက Rule of the law ဖြစ်ပါတယ်။ အဓိက က ဘာလဲ။ (၂ဝဝ၈)ခုနှစ်က ကျွန်တော်တို့ အားလုံး မဲပေးခဲ့တဲ့ Resemble အရ ပေါ်ပေါက် လာတဲ့ (၂ဝဝ၈) ဥပဒေကို ကျွန်တော်တို့ အားလုံး လိုက်နာရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသကြီး /ပြည်နယ် လွှတ်တော် ဥပဒေ များကို သိရှိပြီး လိုက်နာဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ဥပဒေတွေကို သိအောင်လုပ်ဖို့ လိုပါတယ်။ လိုက်နာဖို့ လိုပါတယ်။ ပြီးရင် တည်ဆဲ ဥပဒေတွေ ရှိပါတယ်။ (၄ဝ၃) ခုရှိပါတယ်။ ဒါတွေကိုလည်း လိုက်နာပြီး၊ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ အမိန့် ညွှန်ကြားချက် များကိုလည်း လိုက်နာဖို့ လိုပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲမှာ ရောက်ရှိ နေကြတဲ့ ဘာသာရေး ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များကို ကျွန်တော် မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ သွားမှာက ဥပဒေ အတိုင်းဖြစ် ပါတယ်။ ယခင် တပ်မတော် အုပ်ချုပ်ရေး ကာလက အမိန့် ညွှန်ကြားချက် အရ ဆောင်ရွက်ခဲ့တာ များပါတယ်။ ဒီအဖွဲ့ တွေထဲမှာ ကျွန်တော် ကဏ္ဍ အသီးသီးမှာ ပါဝင် ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း မှာဆိုရင် အရေးအခင်း ကာလတွေမှာ ကျွန်တော် တာဝန်ထမ်းဆောင် ခဲ့ရတာ ဖြစ်တဲ့ အတွက်၊ အခြေခံ ကျကျ အောက်ခြေကို ရောက်ပြီးဖြစ် တဲ့အတွက် ဒါတွေကို ကျွန်တော် သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ သွားမယ့် ပြည်သူ့ အစိုးရသည် လွှတ်တော် တွေ ပေါ်ပေါက်ပြီး ဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်တွေ ကပြဋ္ဌာန်းတဲ့ ဥပဒေတွေ အတိုင်း လိုက်နာပြီး ဦးဆောင်ပြီး သွားရမှာ ဖြစ်ပါတယ်။

တင်ပြ ဆွေးနွေး ခဲ့တာ အားလုံးကို ခြုံပြီးကြည့်မယ် ဆိုရင် အဓိက (၃) ချက်ပါပဲ။

နံပါတ် (၁) အချက်က ကျွန်တော်တို့ ဘာသာရေး ဆိုင်ရာ ဆောင်ရွက်ချက် များနဲ့ ပတ်သက်လို့ တချို့ နေရာလေး တွေမှာ လိုအပ်ချက် လေးတွေ ရှိနေသေးတယ် ဆိုတဲ့အချက်။ ဒုတိယ အချက်က ဘာသာ တစ်ခုနဲ့ တစ်ခု ထိခိုက်ပြီး တော့မှ ပုတ်ခတ်မှုတွေ ဖြစ်ပါတယ်။ ဒါတွေကို အရေးယူ ပေး ဖို့။ နောက်တစ်ခု ကတော့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ ချစ်ကြည်ဖို့ အတွက်ကို ဘာသာ ပေါင်းစုံ ချစ်ကြည် ရင်းနှီးမှုနဲ့ ပတ်သက်လို့ ဖွဲ့စည်း ထားတဲ့ အဖွဲ့ကြီးက တကယ့်ကို ထိထိ ရောက်ရောက်နဲ့ အရှိန်အဟုန်နဲ့ ဆောင်ရွက် ပေးပါဆိုတဲ့ အချက် (၃) ချက် အကျဉ်းချုံးပြီး ရပါတယ်။

အသေးစိတ် အချက်တွေ ကျွန်တော့်ကို စာနဲ့တင်ထား တာရှိပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ ပြောကြား ခွင့် မရနိုင် ပါဘူး။ တချို့လည်း အခုမှ ကျွန်တော် လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့် အနေနဲ့ တင်ပြ ဆွေးနွေးချင် တာကတော့ ဒီနေ့ကျွန်တော်တို့ ဆောင်ရွက် နေရတဲ့ ဖြစ်ပေါ်နေတဲ့ အဖြစ် အပျက်တွေ၊ မှန်ပါတယ်။ အခု ဘာသာရေး အသင်း အဖွဲ့ ခေါင်းဆောင်ကြီး များနဲ့ တာဝန်ရှိ သူများ သိကြသလို ဘေးမီးတွေ၊ သွေးထိုးမှုတွေ၊ မလိုတဲ့ သူတွေရဲ့ ဆောင်ရွက် ချက်တွေ၊ ပယောဂတွေ ရှိနေတယ် ဆိုတာ အမှန်ပါပဲ။ ပယောဂတွေ ရှိတဲ့အတွက် ကြောင့် တည်ငြိမ် အေးချမ်းတဲ့ အခြေ အနေတွေ ရှုပ်ထွေး လာအောင် နောက်ပိတ်ဆုံး ပျက်စီးခြင်း ဖြစ်အောင် ကြံရွယ်နေတယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက် ပါတယ်။ လူကြီးတွေ လည်း သဘောပေါက် ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ဖို့ လိုသလဲ။ ဥပဒေနဲ့ အညီ ကျွန်တော်တို့ သာသနာရေး ဝန်ကြီး ဌာန ကတော့ သာသနာရေး ဆိုင်ရာ အဖွဲအစည်း များနဲ့ ပူးပေါင်းပြီး တော့မှ ကြီးတဲ့ ပြဿနာကို ငယ်ပြီးတော့ တဖြည်းဖြည်းနဲ့ လျော့နည်း ပပျောက် သွားအောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါလက်တွဲ သွားမှာပါ။ ဒီမှာလည်းပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၈) မှာပါတဲ့ နိုင်ငံသားနှင့် နိုင်ငံသားရဲ့ အခွင့်အရေးနဲ့ တာဝန်တွေ ရှိတယ်။ ဒီအခွင့် အရေးတွေ ခံစားရသလို နိုင်ငံသား တွေမှာ တာဝန်တွေ ရှိတယ်။

အားလုံး ချစ်ကြည်ရင်းနှီး ပြီးတော့မှ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး တွေကို မထိ ပါးအောင် အားလုံးမှာ တာဝန် ရှိတယ်ဆိုတဲ့ အချက် ကျွန်တော်တို့ ပူးပေါင်း လုပ်သွားမှာပါ။ အတတ် နိုင်ဆုံး ဦးဆောင် ပြီးတော့မှ ဆောင်ရွက် သွားဖို့ အတွက်လည်း ကြိုးစား သွားမှာဖြစ် ပါတယ်။ တစ်ခု တော့ရှိပါတယ်။ ပြဿနာ တစ်ခုဖြစ် လာပြီဆိုရင် အေးအေး ဆေးဆေး တည်တည် ငြိမ်ငြိမ်နဲ့ ဖြစ်နိုင်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက် အရှိန်အဟုန်တွေ၊ ဒေါသ အရှိန် အဟုန်တွေ၊ အာဃာတ အရှိန် အဟုန်တွေ၊ မကျေ နပ်ချက်တွေကို တဖြည်းဖြည်း လျှော့ပြီး တော့မှ၊ မတူတဲ့ အမြင်တွေကို လျှော့ ပြီး တော့မှ သည်းခံပြီး ညှိဖို့လည်း ကျွန်တော် ပြောချင် ပါတယ်။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ စနစ်ကို သွားနေတဲ့ အချိန်မှာ၊ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့မှာ ပြုပြင်စရာတွေ အများကြီး လိုနေသေးတဲ့ အတွက်ကြောင့်၊ ဒီ အခက် အခဲ တွေက အောက်ခြေမှာ ရှိနေသေးတဲ့ အတွက်ကြောင့် မအောင်မြင်တာ လေးတွေ ရှိနေ ပါတယ်။ ဟန့်တားတာ တွေရှိတယ်။ အထစ် အငေါ့ဖြစ် နေသေးတာတွေ ရှိတဲ့အတွက် ဒီနေ့ ဒါလည်း ဧရာဝတီ တိုင်းရဲ့ သာဓက ပါပဲ။ မနေ့က မအူပင် မလက်တိုမှာ ဖြစ်တဲ့ ပြဿနာ လည်းဒါပဲ။ ဒါဘာလဲ ဆိုတော့ ညှိနှိုင်း ဖြေရှင်းရင်း၊ ဖြေရှင်းရင်းနဲ့ မပြေလည်တဲ့ ဟာတွေ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့ မပေးဘဲနဲ့ တဖြည်းဖြည်းကြီး ထွားလာတဲ့ သဘောပါပဲ။ ဒီကနေ့ ကျွန်တော် တို့က ဒီအဖြစ်မခံ ပါဘူးဆိုပေမယ့် အခုတင်ပြတဲ့ အချက်တွေကို ကြည့်ရင် ဘာသာ တစ်ခုကို တစ်ခု ပုတ်ခတ် စော်ကားပြီး ဒီလိုဖြစ်လာ ပြီးတော့မှ ဒီလိုဖြစ်တဲ့ဟာ တွေကို သွေးရိုး သားရိုးမ ဟုတ်ဘူး ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့က ဘာလုပ်ရမယ်။ အနာကို သိအောင် လုပ်ပြီးတော့မှ တည့်တဲ့ ဆေးကို ကျွန်တော်တို့ လုပ်ရပါမယ်။ ဆေးမြီတို လုပ်လို့ မရတော့ဘူး ဆိုတာ ကျွန်တော် တို့လည်း မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြန်ဆုံး ပေါင်းစပ်ညှိနှိုင်း အဖြစ်မှန်ကို ဖော်ထုတ်ပြီး တော့မှ ဒီဟာကို ဘယ်သူ လုပ်သလဲ ဆိုတာကို ကျွန်တော်တို့ သာသနာရေး ဝန်ကြီးဌာန အနေနဲ့ တရား ဥပဒေ ကြောင်းဆိုင်ရာ၊ အုပ်ချုပ် မှုပိုင်း ဆိုင်ရာကို ဆောင်ရွက်တဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနနဲ့ ညှိနှိုင်း ပေါင်းစပ်ပြီး ဆောင်ရွက် သွားရမှာ ဖြစ် ပါတယ်။

ဘာဖြစ် လို့လဲဆိုတော့ ၉၈/၉၉ မှာ ဗလီတွေ ဖျက်တယ် ပြုတယ်။ ပြီးတော့မှ မွတ်စ်လင်မ် အိမ်တွေ မီးရှို့တယ်။ ဒီတုန်းက တုတ်တွေ၊ ဓားတွေ၊ ရဲတင်းတွေနဲ့ အကြမ်းဖက် တဲ့ဆီသွားတဲ့ အခါမှာ ကျွန်တော် စစ်ဒေသမှူး နဲ့လည်း ပါခဲ့တယ်။ ဒု တိုင်းမှူး အနေနဲ့ တာဝန်ယူခဲ့ ရတာ ကိုလည်း ရှင်း ပြမယ်။ ကျွန်တော် တာဝန် ထမ်းဆောင်တဲ့ ကာလဟာ ပြောရ လို့ရှိရင် အပြင်း ထန်ဆုံး ကာလ ဖြစ်ပါတယ်။ သွေးထက် သံယိုမှု အနည်းဆုံးနဲ့ အပျက်အစီး အနည်းဆုံး ဖြစ်အောင် ဆောင်ရွက် နိုင်ခဲ့ ပါတယ်။ စဖြစ်တာ ဘယ်မှာ လဲ။ မိုးကောင်း ဘုရားနားက ရန်ကင်း ဗလီမှာ စဖြစ်တာ။ ကျွန်တော်နဲ့ ဗိုလ်ချုပ်ကြီး တင်ဦးက ကံဘဲ့ ဆရာ အတတ်သင်မှာ ရှိနေတယ်။ ကျွန်တော်က တာမွေ ဗလီ ဆိုတော့ တာမွေဗလီကို သွားတယ်။ ဟိုရောက်မှ ရန်ကင်း ဗလီကို ပြန်ပြေးရတယ်။ အထဲမှာ မီးစပြီးတော့ လောင် နေပါတယ်။ ကျွန်တော်တို့ အချိန်မီ တား နိုင်ခဲ့ပါတယ်။ ကြီးကြီးမားမား မဖြစ်အောင် ကျွန်တော် တို့ ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အစဉ် အလာ ကောင်းတွေရှိ ပါတယ်လို့ ပြောချင်တာပါ။

ဒါကြောင့် မို့လို့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်။ တည်ငြိမ် အေးချမ်းမှု ပျက်ပြားတဲ့ အဆင့် မရှိအောင် ကျွန်တော်တို့ သက်ဆိုင်ရာ ကလည်း ပဋိပက္ခ အသွင်အပြင် ရောက်အောင် ဖန်တီး နေတဲ့ ဟာတွေကို လေ့လာ ဖော်ထုတ် ပြီးတော့မှ၊ အထင်အမြင် လွဲမှားနေမှုတွေကိုလည်း ကျွန်တော်တို့ကိုယ်တိုင် လိုက်ပြီးတော့မှ ဆရာတော်၊ သံဃာတော် များကို ကျွန်တော်တို့ သံဃာ့ အစည်းအရုံး များနဲ့ တိုင်ပင်ပြီး တော့မှ မဖြစ်သင့် တာတွေ မဖြစ်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိ တယ်လို့ လည်း ခံယူပါတယ်။ ကျွန်တော်တို့က လိုက် စည်းရုံး ပြောသလို တစ်ဖက် ကလည်း အုပ်ချုပ်မှု ပိုင်းပါ လက်တွဲပြီးတော့ ဆောင်ရွက်ရ မှာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ တစ်ခု တည်းနဲ့ မရပါဘူး။ ဒီမှာပါတဲ့ ဘာသာရေး အသင်းအဖွဲ့ တွေ လူမှုရေး အသင်းအဖွဲ့ တွေ၊ ရပ်မိ ရပ်ဖ တွေ၊ ပြီးလို့ရှိရင် အုပ်ချုပ်ရေး ပိုင်းဆိုင် ရာမှာ ထွေအုပ် တွေ၊ လုံခြုံရေး အရ အကာအကွယ် ပေးရမယ့် ပုဂ္ဂိုလ် တွေပါ ညှိနှိုင်း ပေါင်းစပ်ပြီး တော့မှ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ကြီးကြီး မားမား ပြဿနာ မရှိဘဲနဲ့ ဒါတွေဟာ ကင်းဝေး သွားမယ့် အခြေ အနေ ရှိပါတယ်။

ဒါကြောင့် မို့လို့ စိုးရိမ် သောကကြီးပြီး တော့မှ ကာကွယ်ဖို့ လုပ်ရင်း လုပ်ရင်းနဲ့ ပိုပြီးတော့မှ မဖြေရှင်း နိုင်တာတွေ ဖြစ်ပြီး မကြီးထွား စေချင်ဘူး ဆိုတာတွေ လည်း ကျွန်တော် တွေ့ကြုံ ခဲ့တဲ့ အတွေ့ အကြုံတွေ ပေါ်မှာ မူတည်ပြီး တော့မှ ဒီမှာရှိတဲ့ ခေါင်းဆောင်ကြီး များနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေနဲ့ သားသမီး များ၊ ဘာသာဝင် လူငယ် လူရွယ်များ ကိုလည်းပဲ ထိန်းကျောင်း ပေးပါ။ ကျွန်တော်တို့ ကလည်း ဒါကို မဖြစ်အောင် လုပ်ပေးမယ်။ ဘာလို့လဲ ဆိုတော့ ဒါဖြစ်သင့်တဲ့ ကိစ္စမဟုတ် ဘူးလေ။ အခြေခံ ဥပဒေမှာ လည်း အချင်းချင်း ညီညွတ် ရမယ်လို့ ပြောပြီး သားပါ။ ကိုယ်ထိ လက်ရောက် ပြုတယ်။ ပုတ်ခတ်တယ်။ တိုက်ခိုက်တယ် ဆိုရင်လည်း ဥပဒေတွေ ရှိပြီး သားပါ။ ဥပဒေ နဲ့အညီ အရေးယူ ပါမယ်။ Rule of the law အရ တရား ဥပဒေ စိုးမိုးအောင်၊ ဥပဒေ စိုးမိုးမှု ရှိအောင် လုပ်လိုက် လို့ရှိရင် မကြီးထွား တော့ပဲနဲ့ တဖြည်းဖြည်း လျော့ပါး ပပျောက် သွားမယ် ဆိုတာ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ဒါကြောင့် မို့လို့ ယုံယုံ ကြည်ကြည်နဲ့ ဆောင်ရွက် ပေးပါ။ ကျန်တဲ့ အခုန တင်ပြတဲ့ အချက် တွေသည်၊ အချို့ ကိစ္စတွေသည် နေရာပေါ်မှာ မူတည် နေတာလည်း တွေ့ရ ပါတယ်။

တချို့ အများစု ဘာသာဝင် တွေရှိတဲ့ နေရာတွေမှာ ဘာဖြစ် နေသလဲ ဆိုတော့ သူတို့ နေရာဒေသ တွေမှာ ရှိနေတဲ့ လူထုအများစု သဘောတူညီ မှုမရရင် ကျွန်တော်တို့ဟာ ချက်ချင်း မလုပ်ဘဲနဲ့ ကျွန်တော် တို့ ထိန်းသိမ်း ရတာတွေ၊ ဂရုစိုက် ရတာတွေ၊ ဆင်ခြင် ရတာတွေ ရှိတတ် ပါတယ်။ ဘာဖြစ်လို့ ကျွန်တော် ပြောရလဲ ဆိုတော့ ဒီနေ့ သွားနေတာ ဒီမိုကရေစီ နိုင်ငံ။ ကျွန်တော်တို့ လက်ငါးချောင်း မတူပါဘူး။ ဒီအဖွဲ့ကြီး ငါးဖွဲ့မှာလည်း အားလုံးတစ်ညီ တစ်ဖတ်တည်း ဆိုတာ ဖြစ်ကို မဖြစ်နိုင်ပါ။ အများ ဆန္ဒကို ကိုယ်က သဘော တူသည်ဖြစ်စေ၊ မတူ သည်ဖြစ်စေ၊ ကြိုက် သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ လွှတ်တော်မှာ မဲခွဲတဲ့အခါ လက်ညှိုး ထောင်တယ်။ မဲပေးတယ်။ စက်ခလုပ် နှိပ်တယ်။ ဘယ်နည်းနဲ့ ပဲဖြစ်ဖြစ် အများ ဆန္ဒကို ယူပြီးတော့မှ ဥပဒေတွေ ပေါ်ထွက်တယ်။ အများ ဆန္ဒ ကို လိုက်နာ ရပြီးတော့ အနည်းစုကို အလေးထား တာပါ။ ကနေ့ ကျွန်တော်တို့ သွားတာ ဒီမိုကရေစီ စနစ်နဲ့ ပြည်သူ့ အစိုးရ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ သွားမှာ ဖြစ်ပါတယ်။

တစ်ခါ တစ်ရံမှာ ချက်ချင်း လုပ်ချင်ပေမယ့် ဒီအရ Right ဆိုတာရှိပေမဲ့ ချက်ချင်း လုပ်လိုက်ရင် ကနေ့ ပြည်သူ အကုန်လုံးက အမြင်မကျယ် သေးဘူးလို့ ပြောချင်ပါတယ်။ တချို့ အယူသီးတာ ရှိတယ်။ ဘာသာရေး အစွဲလန်း ကြီးတာ တွေရှိတယ်။ ဒီလို ဖြစ်နေတာတွေ ရှိတာကြောင့် ချက်ချင်း လုပ်လိုက် လို့ရှိရင် အများရဲ့ မကျေနပ်ချက် တွေဖြစ် လာမယ်။ တစ်ယောက်နဲ့ တစ်ယောက် အာဃာ တတွေ ပြင်းထန် လာပြီးတော့မှ ကိုယ်ထိ လက်ရောက် အလွန် အကျွံတွေ မဖြစ်စေချင် တာကြောင့် တချို့ နေရာလေး တွေမှာ ထိန်းထိန်း သိမ်းသိမ်း လုပ်ရမယ့် အချိန်လေးတော့ စောင့်ရမယ့် အခြေအနေ လေးတွေ ရှိနေ ပါတယ်။ ဖြစ်ပျက်တဲ့ ပြဿနာတွေ ကိုလည်းပဲ မှန်မှန် ကန်ကန်နဲ့ ဆက်သွယ် ဆောင်ရွက် ပေးပါ။ ကျွန်တော်တို့ ဝန်ကြီးဌာန မှာလည်း ဘာသာရေး အဖွဲ့ကြီး (၅) ဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက် နိုင်အောင် တာဝန်တွေ သီးသန့် ထပ်ပေးပါ့မယ်။ တစ်ခါတစ်ရံ နေပြည်တော်မှာ ဝန်ကြီးနဲ့ ဒါမှမဟုတ် ဒု ဝန်ကြီးနဲ့ ချက်ချင်း မတွေ့ရ နိုင်တဲ့အခါ ဘယ်သူနဲ့ ဆက်သွယ် ရမှန်းမသိ မဖြစ်ရအောင် ဆက်သွယ် ဆောင်ရွက် နိုင်အောင် လည်းပဲ တာဝန်ပေးပြီး ဘာသာရေး အဖွဲ့ကြီး များနဲ့ ချိပ်ဆက် ပေးထား ပါမယ်။ အချိန်မရွေး အဖြစ်မှန် သတင်းမှန် တွေကို အသိ ပေးပါ။တစ်စုံ တစ်ရာ ဖြစ်လာ ခဲ့ရင် အုပ်ချုပ်မှု အာဏာ၊ တရား စီရင်ရေး အာဏာကို ဆောင်ရွက် နိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပူးပေါင်း ညျှိနှိုင်းပြီးတော့ ဆင့်ကဲ ဆင့်ကဲ တင်ပြပြီး ဆောင်ရွက် သွားမှာဖြစ် ပါတယ်။

ကျွန်တော်တို့ သာသနာရေး ကတော့ အဓိက တာဝန် အရှိဆုံးပါ။ သို့သော် လည်းပဲ ကျွန်တော်တို့ သာသနာရေး ကကြီးပဲ လုပ်လို့မရ တာတွေ အများကြီး ရှိတဲ့ အတွက်ကြောင့် ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက် ရမယ့်ဟာတွေ ရှိနေပါတယ်။ အခုန ဘာသာရေး ခေါင်းဆောင်ကြီး တစ်ဦးက ပြောသွား တာရှိပါတယ်။ ကျွန်တော်တို့ သာသနာရေး ဝန်ကြီး ဌာနကို မိဘလို ဖြစ်ပါတယ်တဲ့ ကျွန်တော်တို့ ဒီနေ့ အုပ်ချုပ်ရေး တာဝန် ထမ်းဆောင် နေသော သူများသည် ပြည်သူ့ရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြည်သူ သည်သာ အမိအဖ ဖြစ်ပါတယ်။ ဒါလေး ကျွန်တော် ပြောချင်ပါတယ်။ ပြည်သူ့ တာဝန်တွေကို ထမ်းဆောင် ဖို့အတွက် ကျွန်တော်တို့ မှာတာဝန်ရှိ တယ်လို့ ခံယူပြီးသားပါ။ ဟိုတုန်း ကလည်း ခံယူ ပါတယ်။ ဟိုတုန်းက ကျွန်တော်တို့ ဝန်ထမ်း ကျင့်ဝတ်မှာ ရှိတယ်။ “သူ့မြေမှာနေ၊ သူ့ရေ သောက်၊ သူ့အမွေး ပေါက်ရမယ်”ဆိုတဲ့ ဝန်ထမ်းကျင့်ဝတ် ရှိပါတယ်။ ဒီမှာ ဝန်ထမ်းက ထွက်တဲ့ ညွှန်မှူး ဟောင်း ကြီးတွေ ပါပြီးသား။ ဝန်ထမ်းရဲ့ နီတိ ကျင့်ဝတ် ထဲမှာ ပါပြီသား။ ပြည်သူ့ တာဝန်၊ အဲဒီ ဒေသရဲ့ တာဝန်ကို ထမ်းရမှာ ဝန်ထမ်း တွေရဲ့ တာဝန်ဖြစ်တဲ့ အတွက် ကြောင့် ကျေကျေ ပွန်ပွန် ထမ်းရွက် နိုင်ဖို့ အတွက် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့က အာဏာပိုင်၊ ပြီးတော့ ကျွန်တော် တို့က ကယ်တင်ရှင် မဟုတ်ပါဘူး။ ကျွန်တော် တို့သည် ပြည်သူက ပေးတဲ့ တာဝန်ကို ထမ်းဆောင် ရမှာဖြစ်တယ်။ ပြည်သူတွေ ကျွန်တော်တို့ ဌာနနဲ့ ဆက်ဆံတဲ့ နေရာမှာ အခက် အခဲတွေ မဖြစ် ရအောင် ကျွန်တော်တို့ ပြင်ပါမယ်။ နောက် တချို့ အကန့် အသတ်၊ အတားအဆီး၊ လုပ်ထုံး လုပ်နည်းများ နေတာတွေ ရှိတယ်။ ဟို ထောက်ခံ ချက်တွေ၊ ဒီထောက်ခံ ချက်တွေ၊ ဟဂ်ျသွားချင်တဲ့ ထောက်ခံချက်၊ ပြီးတော့ ဘာလုပ် ချင်တဲ့ ထောက်ခံချက်၊ ရှင်ပြု ပဉ္စင်းခံက အစ၊ နောက် သတင်းစာမှာ ကြော်ငြာ ထည့်တာက အစ ကျွန်တော် တို့ ဆီက ထောက်ခံချက် တောင်းရတာ တွေရှိတယ်။ သက်ဆိုင်ရာ ဌာနနဲ့ အုပ်ချုပ်ရေး အဖွဲ့က ထောက်ခံရင်ပြီးတဲ့ကိစ္စ ကျွန်တော်တို့ သာသနာရေးကို လာလာပြီး ယုနေရတာတွေဖြစ်နေတယ်။ တချို့နေရာတွေသည် ထိန်းရင်း ထိန်းရင်းနဲ့ အကန့်အသတ်တွေ၊ အကန့်တွေများပြီး ပြည်သူတွေ ဒုက္ခရောက်ရတဲ့ အခြေအနေတွေ၊ ဖြေလျှော့ပေးရမယ့် အနေအထားတွေ မြင်နေပါပြီ။ ဒါကို ကျွန်တော်တို့ အပိုင်းက ဆောင်ရွက်သွားပါမယ်။ ဒီအပြင် ကျွန်တော်တို့ ဌာနအနေနဲ့ စီးပွားရေး ကိစ္စ၊ စီးပွားရေး လုပ်ငန်း တွေမှာ ဝင်ရောက်ပြီး ဆက်နွယ် တဲ့ဟာ တွေလည်း မဆောင်ရွက် တော့ပါဘူး။

ဒါပွင့်ပွင့် လင်းလင်း ပြောလိုက် တာပါ။ ကျွန်တော်တို့က သက်ဆိုင်ရာကို အားပေးပြီး ကူညီပေး တာပဲရှိရမယ်။ ကျွန်တော်တို့ ဝင်ရောက်ပြီး စွက်ဖက် ဆောင်ရွက်တဲ့ ကိစ္စများ ရှိနေရင် လည်း အချိန် မရွေး ကျွန်တော့်ကို ကိုယ်တိုင် သော်လည်း ကောင်း၊ စာရေး၍ သော်လည်းကောင်း ဆက်သွယ် အကြောင်း ကြားပေးပါ။ ညှိနှိုင်းပေးပါ။ ဒါတွေကို ဥပဒေနဲ့ အညီ ပြင်ဆင် သွားဖို့အတွက် ရည်ရွယ် ထားပြီး ဖြစ်ပါတယ်။ ကျွန်တော် နောက်ဆုံး ပြောချင်တာ ကတော့ “ကျွန်တော်တို့ကို ကူညီပါ”။ ကျွန်တော်တို့ ကလည်း ကနေ့ အဖွဲ့အစည်း အသီးသီးနဲ့ အများ ပြည်သူရဲ့ အခက်အခဲ တွေကို ဥပဒေနဲ့ အညီ ကူညီဖြေရှင်း ဆောင်ရွက် သွားပါမယ်။ ဥပဒေနဲ့ မညီတာတော့ လုံးဝ ကူညီမှာ မဟုတ်ဘူးလို့ ပြောပါရစေ။ ကျွန်တော် လည်း ဥပဒေနဲ့ မညီတာရှိရင် ကျွန်တော် ပြင်ပါ့မယ်။ ကျွန်တော်တို့ အပိုင်းကလည်း ဥပဒေနဲ့ မညီတဲ့ အားနည်းချက် တွေရှိရင် လည်း အချိန်မရွေး ထောက်ပြ ကြပါလို့ ကျွန်တော် ဖိတ်ခေါ် ပါတယ်။ ဒီလို ထောက်ပြတဲ့ အတွက်ကိုလည်း အာဃာ တတွေ၊ အမြင်မှားတဲ့ မကြည် လင်တဲ့ ဟာတွေ ကျွန်တော် တို့မှာ မရှိပါဘူး။ ကျွန်တော် ပွင့်ပွင့် လင်းလင်း ရိုးရိုး သားသား ဖြစ်သလို ဘာသာရေး အသင်းအဖွဲ့ များကလည်း ပွင့်ပွင့် လင်းလင်း ရိုးရိုး သားသားနဲ့ ဆက်ဆံ စေချင်ပါတယ်။ ရှိခဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ပြောတာပါ။ ကျွန်တော်တို့ ဝန်ကြီးဌာန ပိုင်းကလည်း ကျွန်တော်နဲ့ တကွ ဝန်ထမ်းများ ရိုးသား ပွင့်လင်းစွာနဲ့ ဆောင်ရွက် သွားမှာ ဖြစ်သလို ဘာသာရေး ဆိုင်ရာ အကြီးအကဲ များကလည်း ကျွန်တော်တို့ ဌာနပေါ်မှာ ပွင့်ပွင့် လင်းလင်း ရိုးရိုး သားသား မည်သည့် ကိစ္စမဆို ဆက်ဆံ ပေးပါ။ ဒါဆို ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ရှင်းပြီးတော့ လုပ်ရ ကိုင်ရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။

ကျွန်တော် နိဂုံးချုပ် ပြောလိုတာက အခုလို တွေ့ဆုံဖို့ စီစဉ်တော့ ကျွန်တော်ပြော လိုက်ပါတယ်။ အရှိ အတိုင်းပဲ သွားမယ်။ ရှိတဲ့ နေရာမှာပဲ တွေ့ဆုံပြီး တော့မှ တကယ့် အနှစ်သာရ ရှိချင်တာပါ။ အခမ်း အနားတွေ၊ အပြင် အဆင်တွေ ဘာဆိုဘာမှ မလုပ်ပါနဲ့။ ကျွေးတာ မွေးတာ တွေလည်း မလုပ်ပါနဲ့။ ရေနွေးကြမ် လေးနဲ့ ရေသန့်လေး ပဲတိုက်။ ကျွန်တော်တို့ ဘာမှ မလိုချင်ဘူး။ ကျွန်တော် ပြောပြီးသားပါ။ ကျွန်တော်တို့ အတွက်နဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ် စေလိုပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော် တို့က အရှိ အတိုင်း ပွင့်ပွင့် လင်းလင်း ဆောင်ရွက် သွားမယ်။ ရိုးရိုး ရှင်းရှင်းနဲ့ ဆောင်ရွက် သွားရမယ်။ ကနေ့ ပွင့်လင်း မြင်သာတဲ့ ခေတ် ဖြစ်နေတဲ့ အတွက် ဒီအတိုင်း ကျင့်သုံးသွားဖို့ ကျွန်တော် တို့လည်း ပြုပြင်သွား ပါ့မယ်။ပြည်သူကို ပြင်ခိုင်း ပြင်ခိုင်းပြီး ကျွန်တော်တို့ မပြင်ဘူး ဖြစ်နေရင် ကျွန်တော်တို့ မှားသွား မှာပေါ့။ ကျွန်တော်တို့ ကစပြီး ပြင်ရမယ်လို့ ခံယူတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကိုယ်တိုင် စတင်ပြီး ပြုပြင်နေ ပါတယ်။ ဒီလိုပြုပြင် မှုမှာ အားလုံး ဝိုင်းဝန်းပြီး ကူညီပေးပါလို့ တင်ပြ လိုပါတယ်။

ဒါကြောင့်မို့လို့ အခုလို တွေ့ဆုံခြင်းသည် ကျွန်တော် တို့ရဲ့ အောင်မြင်ခြင်း အစဖြစ် ပါတယ်။ ကမ္ဘာ့ ပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ ဟင်နရီ ဖော့ဝဒ်က ပြောခဲ့ပါတယ်။

Coming together is beginning, Keeping together is progress, Working together is a success.

အခုလို လာရောက် တွေ့ဆုံခြင်း သည် အစဖြစ် ပါတယ်။ အခုလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်းနဲ့ ဆောင်ရွက် လို့ရှိရင် တိုးတက်မှု ဖြစ်လာပါ လိမ့်မယ်။ ပူးပေါင်း ဆောင်ရွက် သွားကြမယ် ဆိုရင် အောင်မြင်မှု သည် မလွဲဧကန် ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယုံယုံ ကြည်ကြည်နဲ့ ကျွန်တော်တို့ အားလုံး ပူးပေါင်း ဆောင်ရွက် ပေးပါလို့ မေတ္တာ ရပ်ခံရင်း နိဂုံးချုပ် အပ်ပါတယ်။ အားလုံး မင်္ဂလာပါ ခင်ဗျား။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။