ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်သွားတဲ့ အဖွဲ့ဟာ ဟိုပင်မြို့ကနေ ၉ မိုင်ကွာဝေးတဲ့ မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ ကို ရောက် ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ထဲကနှစ်ဦးဖြစ်တဲ့ ကိုအောင်မင်းနိုင်ဟာ ရေကျောက်ပေါက်တဲ့ ဝေဒနာခံစားနေရပြီး ကျန် တစ်ယောက်ကတော့ အူကျဝေဒနာ ခံစားနေရတာကြောင့် ဒီကနေ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး မှာ ဆေး ကုသမှု ခံယူနေရတယ်လို့လဲသိရပါတယ်။
မြစ်ကြီးနားမြို့နဲ့ မိုင် ၁၀၀ လောက်ကွာဝေးတဲ့ မိုးညှင်းမြို့နယ် ဆေးရုံကတဆင့် မတ်လ ၁ ရက်မနေ့ည ၁၁ နာရီလောက်မှာ မြစ်ကြီးနားဆေးရုံကို သယ်ဆောင်ဆေးကုသ ပေးနေရတာလို့ လူနာနှစ်ယောက်နဲ့ အတူ လိုက်ပါလာတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပြပါတယ်။
"လောလောဆယ်အနေအထားကတော့ ကိုအောင်မင်းနိုင်ကတော့ ညကဆရာဝန်များရဲ့ပြောကြားချက်အရ ကတော့ ရေကျောက်ပုံစံလို ဖြစ်တဲ့အခါကြတော့ ဖျားတာတို့ နာတာတို့တော့ရှိမယ်၊ ဒီအနာတွေကို ဗိုင်းရပ် ပိုးတွေမှာဆို ပိုးသတ်ဆေးတွေ ထိုးပေးထားတဲ့ အနေအထားရှိတယ်ဗျ၊ မနက်ပိုင်း အခြေအနေမှာတော့ ဒီမျက်နှာမှာပေါက်နေတဲ့ အဖုလေးတွေကတော့ နည်းနည်းပြန်ပြီးချောက်သွားတဲ့အပိုင်း ရှိတယ်ဗျ၊ နည်းနည်းတော့ သက်သာတဲ့ပုံစံလေးတော့ တွေ့ရတယ်ခင်ဗျ၊ ကိုပြည့်ဖြိုးအောင်ရဲ့ အခြေအနေကတော့ လက်ရှိအခြေအနေကတော့ ဆရာဝန်တွေက ဘာမှပြောကြားခြင်း မရှိသေးဘူး ခင်ဗျ၊ လောလောဆယ်အနေအထားကတော့ သူတို့က ဒီဆေးရုံမှာပဲထားပြီးတော့ စောင့်ကြည့်ရမယ့် အနေအထားခင်ဗျ"
အဲ့ဒီလမ်းလျှောက်အဖွဲ့ထဲမှာ သံဃာတော်၊ သီလရှင်နဲ့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း တစ်ရာကျော် ပါဝင်ပြီး ဒီကနေ့မနက် ၇ နာရီလောက်မှာ ကချင်ပြည်နယ် ဟိုပင်မြို့ကနေ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
ထုံးရေပေါက်ကျေးရွာက ရာမဝိမလဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး ညနေပိုင်းမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီ ၂၁ ရက်နေ့ကစပြီး ရန်ကုန်ကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။