/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 12, 2012

.

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေးအဖွဲ့တို့ ညှိနှိုင်းဆွေးနွေး

နိုင်ငံသားတစ်ဦးသည် မိမိ၏နိုင်ငံသား အခွင့်အရေးကို အပြည့်အဝ ရရှိစေချင်ကြကြောင်း၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိအောင် မိမိတို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေးပွဲ ရလဒ်များကို အောက်ခြေအဆင့်အထိ သိရှိနားလည်ရန် လိုအပ်ကြောင်းဖြင့် ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ် လားရှိုးမြို့ ရွှေလီရတနာခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေးအဖွဲ့တို့၏ သဘောတူညီချက်များ လက်တွေ့အကောင်အထည် ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က တိုင်းပြည်အတွင်း တည်ငြိမ်မှု၊ အေးချမ်းမှု ရရှိလာသည့်အတွက် အကြောင်းကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် တိုင်းရင်းသား ညီအကိုမောင်နှမများ ဥပဒေဘောင်အတွင်း ပြန်လည်နေထိုင် လုပ်ကိုင်နိုင်အောင် နိုင်ငံတော်က ဝိုင်းဝန်းပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်းဖြင့် ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (SSPP) မှ အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်က မိမိတို့အနေဖြင့် ပြည်ထောင်စုမှ ရာသက်ပန် မခွဲထွက်ဘဲ၊ ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ နောက်မလှည့်ဘဲ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက မိုင်းကောင်မြို့နယ်ခွဲနှင့် မိုင်းရှူးမြို့နယ်များအတွင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်၏ တပ်ဖွဲ့ဝင် မိသားစုများ အပါအဝင် စုစုပေါင်း လူဦးရေ ၃၅၀၀ ကျော်ကို နေရာချထားပေးနိုင်မည့် အခြေအနေများ၊ တပ်ဖွဲ့ဝင် မိသားစု၏ စားဝတ်နေရေး၊ ကူးသန်းသွားလာရေး၊ လူမှုဘဝ မြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်တိုနှစ်ရှည် သီးနှံများ စိုက်ပျိုးနိုင်ရန် မြေလွတ်မြေရိုင်းများ ဖော်ထုတ် စိုက်ပျိုးသွားမည့် အစီအစဉ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

နိုင်ငံတော်အနေဖြင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (SSPP)/ ရှမ်းပြည်တပ်မတော် (SSA) တို့နှင့် ပဏာမ သဘောတူညီချက်များ ရရှိပြီး ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ အတူလက်တွဲ ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။