/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 28, 2012

.

အုတ်ဈေးတက်ပြီး အဝယ်များ၊ ရောင်းစရာ ပစ္စည်းရှား


အုတ်ဈေးမြင့်တက်နေပြီး လက်ရှိတွင် ဝယ်လိုအားများနေသော်လည်း အရောင်းပစ္စည်း အလုံအလောက်မရှိကြောင်း အုတ်ကုန်သည် တစ်ဦးက ပြောသည်။

”အရင်လလောက်က ၉ဝ ပဲရှိတဲ့ တိုက်ကြီး ရှစ်ပေါက်အုတ်က အခု ၁၃ဝ ဖြစ်သွားပြီ။ လှော်ကား DC လက်အုတ်က ၁ဝဝ ထိ တက်သွားတယ်။ ဒီလိုမျိုးဈေးတွေ တက်သွားပေမယ့်လည်း အခုရာသီက ဆောက်လုပ်ရေး အလုပ်များတဲ့ ရာသီဆိုတော့ အဝယ်များပြီး ပစ္စည်းကနည်းနေတော့ ဝယ်သလောက် မရောင်းနိုင်ဘူး” ဟု ၄င်း က ပြောသည်။

လက်ရှိတွင် တညင်းကုန်းစက်ရုံထုတ် ၁ဝ ပေါက်စက်အုတ်မှာ ၁၂၇ ကျပ်၊ ရှစ်ပေါက်အုတ်မှာ ကျပ် ၁၁ဝ ဈေးဖြင့် ငြိမ်နေကြောင်း၊ မှော်ဘီ၊ တိုက်ကြီးနှင့် လေးထောင့် ကန်တို့မှ ပုဂ္ဂလိက အုတ်ဖုတ်လုပ်ငန်းများမှာ ရပ်ဆိုင်းရသောကြောင့် ဖေဖော်ဝါရီလပိုင်းတွင် ၇၅ ကျပ်သာ ရှိခဲ့သော Sky, KBZ အုတ်တို့သည် ၉၅ ကျပ်နှင့်ကျပ် ၉ဝ ထိမြင့်တက်လာကြောင်း အုတ်ဈေးကွက် အတွင်းမှ သိရသည်။

”အခုပုဂ္ဂလိကထုတ် အုတ်တွေက သင်္ကြန်ပြီးလို့ရှိရင် ဈေးကွက်ထဲအဝင်ပြတ် သလောက်ဖြစ်သွားမှာ တညင်းကုန်း စက်ရုံထုတ်တွေ၊ ကွန်ကရစ်အုတ်တွေနဲ့ ပဲခူးဘက်က ဝင်မယ့် အုတ်တွေပဲ ဈေးကွက်ထဲ ကျန်နေမှာထင်တယ်”ဟု အုတ် သဲကျောက်အရောင်းကုန်သည် တစ်ဦးက ပြောသည်။

”ဈေးကွက်အတွင်း ရောင်းချနေသော ကွန်ကရစ်အုတ်များမှာ မီးဖုတ်ရွှံ့အုတ်များလောက် အရည်အသွေးကောင်းမွန်ခြင်း မရှိသောကြောင့် အောက်ခံဖောင်ဒေးရှင်း အ သုံးပြုခြင်းနှင့် ခြံစည်းရိုးကာခြင်းများ အတွက်သာ အများဆုံးအသုံးပြု လျက်ရှိပြီး မီးဖုတ်အုတ်များနှင့်နှိုင်း ယှဉ်ပါက ၁ဝ ပုံ ၂ ပုံမျှသာ ဝယ်အားရှိကြောင်း သိရသည်။

”ဒီကွန်ကရစ်အုတ်တွေက တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေ အဖြစ်နဲ့ပဲ လုပ်နေသေးတာများတယ်။ တကယ်လို့များ စနစ်တကျထုတ်လုပ် ထားတဲ့၊ အရည်အသွေးအာမခံတဲ့ အုတ်တွေအဖြစ် လုပ်ကိုင်လာမယ်ဆိုရင် အုတ်ဈေးကွက်ထဲမှာ ကွန်ကရစ်အုတ်တွေက နေရာရလာမှာပါ” ဟု ဆောက်လုပ်ရေး ကန်ထရိုက်တစ်ဦးက ပြောသည်။

”အုတ်ဈေးများ တက်နေသော်လည်း သဲမှာ ဈေးကွက်အတွင်းသို့ အဝင်များသောကြောင့် ယခင်လက သဲနုတစ်ကျင်းကျပ် ၈ဝဝဝနဲ့ အကြမ်းတစ်ကျင်း ကျပ် ၁ဝဝဝဝ ရှိခဲ့သော်လည်း ယခုအခါ အနုတစ်ကျင်း ကျပ် ၅၅ဝဝ၊ အကြမ်းတစ်ကျင်း ကျပ် ၈ဝဝဝ အထိ ကျဆင်းသွားပြီး ကျောက်စရစ်မှာ တစ်ကျင်း ကျပ် ၅၈ဝဝဝ ဖြင့် ဈေးငြိမ် လျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အုတ်သဲကျောက် ဈေးကွက်အတွင်းမှ သိရသည်။

ညွန့်ဝင်း
ဓါတ်ပုံ- ဝေယံမိုးမြင့်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။