/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရန်ကုန်ရှိ လူဦးရေ ၆ သန်းခွဲတွင် လက်မှတ် ၇ သိန်းကျော်သာရ၍ ရရှိထားတဲ့ အရေအတွက်က ဘာမှမဟုတ်တော့ဘူး ဟု NLD တိုင်းဥက္ကဋ္ဌ ၀န်ခံ



ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ရှစ်သိန်းနီးပါး ရှိနေပြီဖြစ်သော်လည်း မဲပေးနိုင်သူ ဦးရေနှင့် နှိုင်းယှဉ်ပါက နည်းနေသေး၍ ဆန္ဒမဲ ပိုမိုရရှိရေး ဆောင်ရွက်ရန် ဇူလိုင် ၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင် များ စုံညီတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးတွင် NLD ရန်ကုန်တိုင်းဥက္ကဌ ဦးမြင့်ဌေးက တိုက်တွန်းပြောကြားသည်။


လက်ရှိတွင် ရန်ကုန်တိုင်း၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ၇၉ဝဝဝဝ ကျော်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၂၃ဝဝဝဝ ကျော်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၁၂ဝဝဝဝ ကျော်၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၁၁ဝဝဝဝ ကျော်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၃၂ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

“ဒီအရေအတွက်နဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီး ရနေပြီ။ ရှစ်သိန်းပြည့်ခါနီးပြီဆိုတဲ့ နားထောင် ကောင်းတဲ့ အနေအထား ရှိတယ်။ သို့သော်လည်း ရန်ကုန်တိုင်းမှာ ခန့်မှန်းခြေ လူဦးရေက ခြောက်သန်း ခွဲလောက်ရှိတယ်။ မဲပေးနိုင်တဲ့ အရေအတွက်က လေးသန်းလောက် ရှိတယ်။ အဲဒီအရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ရရှိထားတဲ့ အရေအတွက်က ဘာမှမဟုတ်တော့ဘူး” ဟု ဦးမြင့်ဌေးက ပြောကြားသည်။

“အနိမ့်ဆုံးအဆင့် ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ မဲပေးနိုင်တဲ့ အရေအတွက်နဲ့ ဆိုလို့ရှိရင် တကယ်ရသင့် တာက နှစ်သန်းလောက်ရသင့်တဲ့ အနေအထားပါ။ အခု ကျွန်တော်တို့ ရန်ကုန်တိုင်းက တစ်သန်းတောင် မပြည့်သေးပါဘူး။ တော်တော်ကြိုးစားရမယ့် အနေအထားပါ။ တစ်နိုင်ငံလုံးဆိုရင် ၁၆ သန်းကျော်လောက် ရမှ ကျွန်တော်တို့လိုချင်တဲ့ အနေအထားကို လွှတ်တော်ထဲမှာ ထည်ထည်ဝါဝါ ဒီကိစ္စကိုပြုပြင်ဖို့အတွက် တင်သွင်းနိုင်တဲ့ အနေအထားမျိုး ပိုပြီးတော့ ကောင်းလာပါလိမ့်မယ်။ ဒီအရေအတွက်ကို မပြည့်မီရင်တောင် တတ်နိုင်သမျှ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဦးမြင့်ဌေးက ဆိုသည်။

NLD နာယက ဦးတင်ဦးကလည်း လက်မှတ်ရေးထိုးသူဦးရေ ပိုများအောင် ဆောင်ရွက်ရန် ပါတီဝင်များအား တိုက်တွန်းခဲ့ပြီး “ဒီနေ့ချမှတ်တဲ့ ရည်မှန်းချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ သည် ပိတ်ဆို့ထားတာ ဖြစ်တဲ့အတွက် ဒါမပွင့်သမျှ ကာလပတ်လုံး အထဲကဟာတွေက ဘာမှဒီမိုကရေစီနည်းကျ လုပ်လို့မရဘူးဆိုတာ သိတာကြောင့်မို့လို့ ဒါကြီးပွင့်အောင် လုပ်ရမယ်” ဟု ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက် ပိုများလာရေးအတွက် NLD လူငယ် အဖွဲ့ဝင်များ ဝိုင်းဝန်းကူညီဆောင်ရွက်ရေး ညွှန်ကြားရန် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည့်အတွက် NLD ဗဟိုလူငယ် ညီလာခံကော်မရှင်က သက်ဆိုင်ရာ တိုင်း၊ ခရိုင်အသီးသီးမှ လူငယ် များအား ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် သက်ဆိုင်ရာ အမှုဆောင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ဦးမြင့်ဌေးက ပြောကြားသည်။

NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို ဇူလိုင် ၅ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် လက်မှတ်ရေးထိုးသူ သုံးသန်းကျော် ရှိပြီဖြစ်ကြောင်းနှင့် ယင်းသုံးသန်းကျော်ဆိုသည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နှိုင်းယှဉ်လျှင် အလွန်နည်းသည့် စာရင်းသာဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။