/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

သက်တမ်း တစ်နှစ်ကျော်သာ ကျန်သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအပြီးတိုင် ရရှိရန် မျှော်မှန်းဟု ဦးအောင်မင်းပြော

၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး အပြီးတိုင်ရရှိရန် မျှော်မှန်းကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။


၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်က တာဝန်ယူခဲ့ပြီး သက်တမ်းကုန်ဆုံးရန် တစ်နှစ်ခွဲခန့်အလိုတွင် သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT-Nationwide Ceasefire Coordination Team)နဲ့ ခုနစ်ကြိမ်ဆွေးနွေးပြီးပြီ၊ လက်ရှိ အစိုးရသက်တမ်းမှာပဲ ဒီကိစ္စကို အောင်မြင်မယ်လို့ ကျွန်တော်ထင်တယ်”ဟု ၀န်ကြီးက ပြောသည်။

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန်္ဒနယ် အမှတ်(၁)၊ ကိုယ်စားလှယ် ဦးခက်ထိန်နန်က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နေသူများကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအပြီးတွင် ဦးအောင်မင်းက မီဒီယာအချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းကဲ့သို့ မျှော်မှန်းချက်ကိုပြောကြားခဲ့သော်လည်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)၊ (တအာင်း)ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အဖွဲ့ (တီအင်န် အယ်လ်အေ)တို့ မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ညှိနှိုင်းလျက်ရှိသော မူကြမ်းပါ ၃၁ ချက်ကို လာမည့်ဇူလိုင်လတွင် ဆွေးနွေးမည်ဟု ဦးအောင်မင်းက ပြောသည်။

ဦးခက်ထိန်နန်က ယခုကြိုးစားလျက်ရှိသော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သတ်သော စည်းမျဉ်းစည်းကမ်းများရေးဆွဲသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ အစိုးရနှင့် တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့စည်းများ၏ငြိမ်းချမ်းရေးနှင့် ပတ်သက်သော Text (မူကြမ်း) နှစ်ခုကို Singel Text (မူကြမ်း) တစ်ခုတည်း ဖြစ်အောင် ကြိုးစားညှိနှိုင်းနေသည်မှာ ဒုတိယမူကြမ်း (second draft)အဆင့်ရောက်ပြီဟု ပြောသည်။

လုံလောက်သော ယုံကြည်မှုတည်ဆောက်နိုင်ရန်၊ မကြာခဏထိတွေ့ ပြောဆိုမှုများ ပြုလုပ်ရန်၊ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ခန့်ကို တစ်ပတ်လျှင်တစ်ဖွဲ့နှင့်သာ တွေ့မည်ဆိုပါက လေးလခန့်ကြာမှသာ တစ်ကြိမ် တွေ့ဆုံခြင်းသည် အစိုးရအဖွဲ့ အားနည်းချက် ဖြစ်သည်ဟု မေလ ၄ ရက်က နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည် ဆုပေးပွဲ အခမ်းအနားအပြီးတွင် မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ဖူးသည်။

နိုင်ငံတကာတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများတွင် အဆင်မပြေပါက အစည်းအဝေးတွင်း ထပြန်သွား တတ်ကြသော်လည်း လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးတွင် ယင်းကဲ့သို့ ထပြန်လေ့မရှိသည့်အပြင် ရှေ့ဆက်လုပ်ငန်းများကိုလည်း ဆုံးဖြတ်ထားမှုများကို ကြည့်ခြင်း အားဖြင့် အောင်မြင်သည့် ဆွေးနွေးပွဲအဖြစ် သုံးသပ်ရမည်ဟုလည်း ၀န်ကြီးဦးအောင်မင်းက ဆိုသည်။

အင်န်စီတီတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့သည် တစ်ဖက်စီ ရေးဆွဲထားသော မူကြမ်းတစ်စောင်စီကို ဧပြီလဆန်းကပိုင်းက မူကြမ်းတစ်စောင်တည်း(Single Text) အဖြစ် ရေးဆွဲနိုင်ခဲ့ပြီး ပါဝင်သည့်အချက် များ ပြန်လည်ညှိနှိုင်းနေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်ရှိနေခြင်းသည် နောင်နှစ်ပေါင်း ဆယ်စုနှစ်ခန့် ကြာလာလျှင် ထိခိုက်မှုများ ကြီးကြီးမားမား ခံစားလာရနိုင်သည့်အတွက် အလျင်အမြန် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ရန် အစိုးရကို တိုက်တွန်းခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောခြင်းဖြစ်သည်။

အဆိုတင်သွင်းခြင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက လာရောက်နားထောင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။