/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 2, 2014

.

NLD ပါတီ၏ လက်မှတ် ၃.၃ သန်းမှာ လိမ်ညာထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေ



ဇွန်လ ၃၀ ရက်နေ့တွင် NLD ပါတီက ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ထောက်ခံ မဲ လက်မှတ် ၃.၃ သန်းမှာ မဖြစ်နိုင်ဘဲ လိမ်ညာထားခြင်းများ ပါဝင်နေဖွယ်ရာ ရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ပြောသည်။


“NLD ပါတီဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံတဲ့ လူထုလက်မှတ်တွေ ကောက်ခံခဲ့တဲ့နေရာမှာ သူ့ တစ်ပါတီတည်း လုပ်ရ ကိုင်ရတာ အခက်အခဲ ဖြစ်လို့ အကူအညီ တောင်းခံတဲ့အတွက် ကျွန်တော်တို့ ကူညီ ဆောင်ရွက်ပေးတယ်။ လူထုဟောပြောပွဲတွေ လုပ် တယ်။ အဲဒီ လူထု ဟောပြောပွဲတွေမှာ ရေးသားထားတဲ့ စာသားတွေကို ကြည့်လိုက်ပါ။ NLD ပါတီတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေလည်း ပါတယ်။ အတူတွဲပြီး လုပ်တာ။ အခု ကြေညာချက် ထုတ်တော့ NLD ပါတီ တစ်ခုတည်းကပဲ လုပ်သလိုမျိုး ကြေညာထားသေးတယ်။ ထောက်ခံမဲပေးတဲ့ လူစာရင်းတွေကို ကွန်ပျူတာမှာ ဇယားနဲ့ သွင်းပြီး ဒေတာဘေ့စ်လုပ်တယ်။ ဒီနေရာမှာ နာမည်တူတွေ၊ နာမည်မပါတဲ့သူတွေ၊ အချက်အလက် မပြည့်စုံတာတွေ အဖြစ် မခံနိုင်လို့ ကျွန်တော်တို့က စနစ်တကျ လုပ်တယ်။

အခု ကြေညာတဲ့ ဒေတာက ဘယ်က အထောက်အထားနဲ့ လုပ်ထားတာလဲ။ ဒါ ကျွန်တော်တို့ သိချင်တယ်။ ကျွန်တော်တို့ဆီမှာ စာရင်းဇယားတွေ အတိအကျ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူကို ညာတဲ့ ကြံ့ဖွံ့ပါတီလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် လက်မှတ်ပါ ပြီးရော မလုပ်နိုင်ဘူး။ သူတို့ လိုချင်တာက ၃၃ သိန်း၊ ၃၃ ရက်နဲ့ စားလိုက်တော့ တစ်ရက်ကို လူတစ်သိန်း ထိုးတယ်ပေါ့။ တစ်ရက် တစ်သိန်း ဘယ်မှာ ရှိသလဲ ပြော။ ဒါကို ပြောတော့ ကျွန်တော်တို့ကို လူရာမသွင်းဘူး။ လူထုကို လိမ်ညာတာ ဒီမိုကရေစီသမားတွေ အလုပ်မဟုတ်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဤကဲ့သို့ မဟုတ်မှန်သည့် စာရင်းများကိန်းဂဏန်းများကို တိုင်းသိပြည်သိ ထုတ်ပြန် ကြေညာရဲသည့် သတ္တိကို ချီးကျူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက် ဖုံးဖိလိမ်ညာပေးနေသည်ကိုလည်း သနားမိကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ပြည်သူလူထုကို မလိမ်ညာရဲကြောင်း ၄င်းက ပြောသည်။ “စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ကြံ့ဖွံ့ပါတီ လုပ်ခဲ့တဲ့ ပုံစံမျိုး၊ လွှတ်တော်ကို တင်ပြခဲ့တဲ့ ဦးအောင်သိန်းလင်း လုပ်ရပ်မျိုး ကျွန်တော်တို့ကတော့ လက်မခံနိုင်ဘူး။ ဒီကိန်းဂဏန်း တိကျမှန်ကန်တယ် ဆိုတာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် လူစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါ။ ပွင့်လင်းမြင်သာမှု ရှိရှိပေါ့။ ပြည်ပရောက် NLD ထောက်ခံသူတွေ၊ ပြည်တွင်းက ပါတီဝင်တွေ ပူးပေါင်းပြီး မရှိတဲ့လူနာမည်တွေ၊ သတ်မှတ်ချက်နဲ့ မပြည့်မီတဲ့သူတွေ အများကြီး ထည့်ထားတယ် ဆိုတာ ကျွန်တော်တို့ အတိအကျ သတင်းကြားရပါတယ်။ လူထုကို လက်တစ်လုံးခြား မညာပါနဲ့ လို့ ကျွန်တော်တို့ ပြောချင်တယ်။

NLD ပါတီရဲ့ လူစာရင်း မှန်တယ်ဆိုရင် အကုန်လုံး ထုတ်ပြန်ကြေညာလိုက်ပါ။ ကျွန်တော်တို့ လက်တွေ့ မြေပြင်မှာ တိုက်ဆိုင်ပြီး စစ်ဆေးပြမယ်” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆိုသည်။ “ကြေညာချက်ထဲမှာ ပါတာက ၅လပိုင်း ၂၇ ရက်ကနေ ၆ လပိုင်း ၁၉ ရက်နေ့ အထိ ဆိုတော့ တွက်ကြည့်ဗျာ။ ရက်ပေါင်း ၂၀ ပေါ့။ ရက်ပေါင်း ၂၀ အတွင်းမှာ လူပေါင်း ၃၃ သိန်း ဆိုတော့ စဉ်းစားကြည့်လေ။ တစ်ရက်ကို ပျှမ်းမျှ လူပေါင်း တစ်သိန်းခြောက်သောင်း ထိုးမှ ဒီကိန်းဂဏန်းကိုရမယ်။ တစ်သိန်းခွဲပဲ ထားပါတော့။ တစ်ရက်ကို လူတစ်သိန်းခွဲ လက်မှတ်ထိုးတာ ဖြစ်နိုင်ပါသလား။ ဘယ်မြို့ ဘယ်နေရာမှာ တစ်သိန်းခွဲအထိ ရှိခဲ့သလဲ မှတ်တမ်းမှတ်ရာတွေ ပြပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီး စည်းရုံးခဲ့တဲ့ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေး၊ မအူပင် နဲ့ တောင်ငူမြို့တွေမှာ အများဆုံး သောင်းဂဏန်းပဲ တက်ခဲ့တယ်။ နေပြည်တော်နားက မြို့တွေဆိုရင် ထောင်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါ လုံးဝ မဖြစ်နိုင်ဘူး လို့ ကျွန်တော် ပြောချင်တယ်။

NLD တာဝန်ရှိသူတွေကို ပြောချင်တာက မှန်တယ်၊ မညာဘူး ဆိုရင် လူစာရင်းကို ပြည်သူ သိအောင် အွန်လိုင်းမှာ တင်လိုက်ပါ။ ပွင့်လင်းမြင်သာမှု ရှိရှိ ပေါ့။ မှန်တယ် ဆို ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး” ဟု မြန်မာ အမျိုးသားကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“NLD ပါတီက ဦးအောင်သိန်းလင်းကို အပြစ်ပြောခဲ့တယ်။ အခု သူတို့ အဲဒီအတိုင်း လိုက်လုပ်နေပြီ။ ရက် ၂၀ ကိုလည်း ၃၀ လုပ်ထားတယ်။ လက်တွေ့မှာ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေ ပြထားတယ်။ လူများ ပြီးရော ဆိုတဲ့ ပုံစံမျိုး ရောကြိတ်ထားတာ တွေ့ရတယ်။ ပြည်သူကို မညာပါနဲ့။ ဒီလိုကိစ္စမျိုးမှာ လူထုကို ညာတဲ့ နိုင်ငံရေးပါတီဟာ ပါတီအကျိုးအတွက်လုပ်ချင်တာ လုပ်မယ် ဆိုတာ စဉ်းစားကြည့်လို့ရတယ်။ သတ္တိရှိရှိ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ကျွန်တော်တို့က တောင်းဆိုပါတယ်။ ရှက်တတ်ရင်ပေါ့ဗျာ။ မရှက်တတ်ဘူး ဆိုရင်တော့လည်း ကိစ္စ မရှိပါဘူး။

NLD ပါတီကသာ မြို့အလိုက် စာရင်းပေးမယ် ဆိုရင် ကျွန်တော်တို့ အမျိုးသားရေးအဖွဲ့တွေ မြို့တိုင်းမှာ ရှိတယ်။ မြေပြင်မှာ ဆင်းပြီး တိုက်ဆိုင်စစ်ဆေးလိုက်ရင် NLD ပါတီ ညာသလား၊ အမှန်လား သိရမှာပါ” ဟု ၄င်းက ပြောသည်။ NLD ပါတီ၏ ကြေညာချက်တွင် ရက်ပေါင်း ၃၀ ဟု ဖော်ပြထားသော်လည်း အမှန်တစ်ကယ်တွင် ရက်ပေါင်း ၂၀ သာ ရှိနေပြီး တစ်ရက်လျှင် ပျှမ်းမျှ လူပေါင်း တစ်သိန်းခြောက်သောင်း လက်မှတ်ထိုးသည် ဟူသော အချက်ကို အတော်များများက သံသယ ဖြစ်နေကြကြောင်း၊ NLD ပါတီမှ လူစာရင်းနှင့် အချက်အလက်များ ထုတ်ပြန်ပေးရန် လိုလားလျက် ရှိနေကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။