/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 25, 2014

.

Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို အုပ်စုဖွဲ့ ရိုက်နှက်ရာတွင် ပါဝင်သော ပြိုင်ကား သုံးစီး သိမ်းဆည်းရမိ



ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းပေါ် ခြောက်မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သော ရှစ်ရက် ဖေဖော်ဝါရီ လ ၁၆ ရက်နေ့ နံနက် ၁နာရီ ၅၀ မိနစ်ခန့်က Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကား ငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ဘေ့စ်ဘော တုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ရိုက်နှက်မှုတွင် အသုံးပြုခဲ့သော ပြိုင်ကား သုံးစီးကို သိမ်းဆည်း ရမိ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။


အဆိုပါ ရိုက်နှက်မှုတွင် ပါဝင်သည်ဟု ဆိုသော Nissan Fairlady အဖြူရောင် ပြိုင်ကားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၅၀ ခန့်က မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်၊ တော်ဝင်ချယ်ရီ အိမ်ရာတွင် တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ၁၀ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် နေသူ ကိုထက် (ခ) ဇာနည် (ခ) ဇာနည်ထက်ဝေ၏ V 300 ARISOTO ပြိုင်ကားနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ်ခန့်က လှိုင်မြို့နယ် (၂) ရပ်ကွက်နေသူ ဝေယံလင်း၏ MAZDA RX-8 ခဲပုတ်ရောင် ပြိုင်ကားတို့ကို ၎င်းတို့၏ မိဘများက ရဲစခန်းသို့ ပို့အပ်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရ သည်။

လတ်တလောတွင် ပြိုင်ကား သုံးစီးကို သိမ်းဆည်း ရမိထားပြီး ကျန်ရှိသော ပြိုင်ကားများကို ဆက်လက် ဖော်ထုတ်နိုင်ရေး အတွက် စုံစမ်းလျက် ရှိကြောင်း၊ ယင်းအမှုတွင် ပါဝင်သည်ဟု သံသယရှိသူ အချို့မှာ အလည် လွန်နေသဖြင့် အမြန်ဆုံး ခေါ်ယူနိုင်ရန် စုံစမ်းလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

“အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကလေး တချို့ကလည်း မိဘကို ကြောက်ပြီး ရန်ကုန်မြို့ အပြင်မှာ အလည် လွန်နေတာလည်း ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ပြိုင်ကားများဖြင့် အုပ်စုဖွဲ့ ရိုက်နှက်သူများမှာ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် နေထိုင် ကြသော အသက် ၂၁ နှစ်ခန့် လူငယ် ငါးဦးခန့် ပါဝင်ကြောင်း ကနဦး စစ်ဆေးချက်များ အရ သိရှိ ရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁နာရီ ၅၀ မိနစ်ခန့်က ပြိုင်ကား ငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ် များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယ ရှိသူ ဇာနည်ထက်ဝေနှင့် ကိုကိုနိုင်တို့မှာ မကွေးတိုင်း ဒေသကြီး ပခုက္ကူဘက်သို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟု သတင်း ရရှိထားသဖြင့် တိုင်းဒေသကြီးချင်း ချိတ်ဆက်ကာ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသား သုံးဦးကို မင်္ဂလာဒုံ မြို့နယ်မှ လသာ မြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းလာ စဉ် ၇ မိုင် ကားမှတ်တိုင်တွင် ညာဘက် ပလက်ဖောင်း ဘေးရပ်ထားသော ဟွန်ဒါစီဗစ် ယာဉ်ကို ကျော်တက် မောင်းနှင်ရာ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် ပြိုင်ကား တစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည် ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင် ယာဉ်က ထပ်မံ ကျော်တက်ရန် ပြုစဉ် ဟွန်ဒါစီဗစ် ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့သဖြင့် ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

ထိုကဲ့သို့ ဖြစ်ပွားနေစဉ် ပြိုင်ကား နှစ်စီး ထပ်မံ ရောက်ရှိလာပြီး အငှားယာဉ်ကို စုစုပေါင်း ပြိုင်ကား ငါးစီးက ပိတ်ဆို့ ဝိုင်းထားသဖြင့် အငှားယာဉ်မောင်းက ယာဉ်ပေါ်မှ ဆင်းကာ တောင်းပန်စဉ် ပြိုင်ကားပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့် ရှိသော လူငယ် ငါးဦးက ဘေ့စ်ဘောတုတ်များ ၊ အုတ်ခဲများဖြင့် အငှား ယာဉ်မောင်းနှင့် ခရီးသည်ကို ဝိုင်းရိုက်ပြီး အငှားယာဉ်ကိုပါ ရိုက်နှက် ဖျက်ဆီးကာ ပြိုင်ကားများကို မောင်းနှင် ထွက်ခွာခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဟွန်ဒါစီဗစ် အမျိုးအစား ပြိုင်ကား နှစ်စီး အပါအဝင် စုစုပေါင်း ပြိုင်ကား ငါးစီးမှ လူငယ် ငါးဦး ရိုက်နှက်စဉ် အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား သုံးဦးအနက် နှစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ယာဉ်အတွင်း ကျန်ခဲ့သော အသက် ၂၆ နှစ်အရွယ် ကိုအင်ထိတ်ကြန်နှင့် ယာဉ်မောင်း ကိုသက်ဇင်ဝင်းတို့ နှစ်ဦးတွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အငှားယာဉ် ကိုယ်ထည်နှင့် ရှေ့နောက် လေကာ မှန်တို့ ကွဲအက် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ယင်းကဲ့သို့ ရိုက်နှက်မှု ဖြစ်ပွားသော နေရာမှာ ရဲကင်း အနီးတွင် ရှိသော်လည်း လာရောက် ဖျန်ဖြေပေးခြင်း မရှိကြောင်း၊ ယာဉ်နံပါတ်နှင့် ကားအမျိုးအစားများကို အသေးစိတ် မမှတ်သားနိုင်ဘဲ အသက်လုကာ ပြေးခဲ့ ရကြောင်း ရိုက်နှက်ခံရသူ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း ကိုသက်ဇင်ဝင်းက ပြောကြားသည်။

ငွေကြေး ချမ်းသာသူနှင့် အရာရှိကြီး (လူကြီး) များ၏ သားသမီးများ၏ အများစု စီးနင်းသော ပြိုင်ကား များမှာ အရှိန်ပြင်းကာ မောင်းနှင်ကြပြီး ရိုက်နှက်မှု အထိ ဖြစ်ပွားလာကြောင်း၊ ပြိုင်ကားများနှင့် ပတ်သက်၍ ကိုယ်တိုင် ကြုံတွေ့ရခြင်း မရှိသော်လည်း ကြားရုံနှင့်တင် မတရားသော လုပ်ရပ်တစ်ခုကို လက်မခံနိုင် ကြောင်း မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် တက္ကစီ ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ပြည်လမ်းမကြီးပေါ်တွင် ညဥ့်နက်ချိန် အုပ်စုဖွဲ့ ပြိုင်ကား မောင်းနှင်ကာ ခရီးသည်တင် အငှားယာဉ်ကို ဝိုင်းရိုက်ခဲ့သော ပြိုင်ကား မောင်းသူ လူငယ် တစ်စုကို (ပ) ၇၆/၁၄၊ ပုဒ်မ ၄၄၀/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

FROM-THE VOICE

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။