အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမသွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့အခါကျတော့ ကိုယ့်လူတို့ အလိုလို သဘောပေါက်သွားကြမှာပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိသွားတဲ့ သတင်း ကလေး တစ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိ လိုက်မှာပါ။ တခြားဟုတ်ပါရိုးလားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့် သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီးသကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတက်လာကြတဲ့ လယ်သမားတွေကိုမြင်ပြီး ကျုပ်ရဲ့ ဘ၀င်မှာ ပြုံးစိစိ နှစ်သက်သဘောကျဖြစ်ခဲ့ရသဗျ။
နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော် ဘန်ကောက်ကို ချီတက်သွားတဲ့ဥစ္စာ။ ကျုပ်က ဘာသဘော ကျစရာရှိသတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာရှိတာပေါ့။ ဘယ့်နှယ့် သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာ ချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီးဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်းသဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့်ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ ကြတယ်ဗျာ။
သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆိုတဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန် ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေး မဆပ်တော့ ထိုင်းလယ်သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ် ကွာခြားတာတစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိတယ်ခင်ဗျ။ ပြေလည်ရာ ပြေလည်ကြောင်း ချက်ချင်းပဲဆောင်ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေအတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြား ချက်ကတော့ဗျာ။ အံ့သြစရာ။
ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကို အားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကို ထနေတာပဲ မဟုတ်လား။
ခုနကပြောခဲ့တဲ့ ထိုင်းလယ်သမားတွေ အစိုးရဆီက စပါးအကြွေးမရတဲ့ အဖြစ်လောက်များတော့ ကျုပ်တို့မြန်မာလယ်သမားတွေက သနားတယ်။ ဒီမှာ အစိုးရက မြေပါသိမ်းသွားလို့မို့ လုပ်စရာလယ်၊ နေစရာမြေတောင် မရှိတော့တဲ့ဘ၀တွေ။ လွန်ခဲ့တဲ့သုံးနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကျုပ်တို့လယ်သမားတွေ လမ်းပေါ်ထွက်ဆန္ဒမပြတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲဗျာ။ သတင်းစာတွေထဲမှာ လယ်သမားတွေနဲ့ ဆက်စပ်ပတ်သက်ရာ သတင်းမပါတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာပြည်တစ်လွှား မြေသိမ်းခံလယ်သမားတွေရဲ့ အသံတွေဟာ အခုအချိန်မှာ ဆူညံမြည်ဟည်း ကျယ်လောင်ပေါက်ကွဲ နေဆဲပဲခင်ဗျ။
မြန်မာပြည်အရပ်ရပ်မှာတော့ လယ်သမားတွေရဲ့အန်တုအုံကြွ တွန်းလှန်ဆန္ဒပြပွဲတွေကတော့ ရပ်မသွားဘူး။ အာဏာပိုင်အချို့ရဲ့ မြေသိမ်း၊ ရွာဖျက်၊ ဇာတ်လမ်းတွေကလည်း ဆက်လို့သာဖြစ်မြဲပဲ။ ဒီကြားထဲ ကျုပ်တို့အစိုးရက စေတနာဗရပွနဲ့ လယ်သမားအကျိုးစီးပွား မြှင့်တင်ကာကွယ်ရေးဆိုတဲ့ အဖွဲ့ ကလေးများတောင် ဖွဲ့ပေးလိုက်သေးဗျ။ နို့ပေတဲ့ သိတယ်မဟုတ်လား။ မြန်မာ့လယ်သမားအောက်ခြေမှာ ပြားမြဲပြားလျက်သာပဲ။
သို့ဖြစ်လို့မို့ ကျုပ်တို့လယ်သမားတွေ ဆန္ဒပြမလား။ ပြလည်းပြပဲ။ ထွန်တုံးတိုက်ပွဲနွှဲမလား။ နွှဲလည်းနွှဲပဲ။ အစိုးရက တယ်ဂရုစိုက်တာမှတ်လို့။ ဒီကြားထဲမှာ ဘောင်တော့ကျော်မလာနဲ့ ကိုယ့်လူ။ အရေးယူဖို့ကတော့ အဆင်သင့်ပဲ။ ဒီရက်ပိုင်းတွေအတွင်းမှာ လယ်သမားအချို့ ကိုယ့်လယ်ကိုယ်ဝင်ထွန်လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အမှုတွေက နည်းမှမနည်းဘဲဟာ။ တစ်နေ့က ဒေးဒရဲမြို့နယ်ထဲမှာ ဟိုယခင် စားကျက်မြေထဲ ကျွဲဝင်ကျောင်းမိတဲ့ လယ်သမားတွေ တရားစွဲခံရတယ်ဆိုပဲ။ ကျုပ်တို့ရဲ့ ဒီမိုကရေစီခေတ် ဥပဒေကတော့ ကျွဲလား၊ နွားလား၊ လူလား ဘာမှခွဲခြားတာမှမဟုတ်ဘဲနော။ ဆိုတော့ကာ ကိုယ့်ဘေးကိုယ်သာကြည့်လို့ ရှောင်ကြရတော့မှာပေါ့ခင်ဗျာ။
ကျုပ်စိတ်ထဲဗျာ။ စဉ်းစားမိနေတာတော့ ကြာပြီဗျ။ အစောကပြောခဲ့သလိုပေါ့ဗျာ။ ဒီနေ့ဒီအချိန်မှာ တစ်နိုင်ငံလုံး ကြိမ်မီးအုံးမျှလှုပ်လှုပ်ရွရွဖြစ်နေတဲ့ လယ်ယာမြေပြဿနာဟာ တကယ့်ကို အကြီးကြီးခင်ဗျ။ ရှေ့ရေးနောင်ရေးကို တွေးကြည့်ရင်လည်း ဒီနေ့ဖြစ်ပျက်နေတဲ့ မြေသိမ်း၊ ယာသိမ်းကိစ္စတွေကို နတ်လူသာဓုခေါ်စရာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ရင် တစ်ချိန်မှာ ၀မ်းနည်းပူဆွေးစရာကိစ္စတွေ ဖြစ်ပေါ်လာမှာပဲ။ သို့ကလိုဖြစ်လို့မို့ မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံပါလို့ ယုံကြည်ဂုဏ်ယူစွာပြောဆိုနေတဲ့ အစိုးရအနေနဲ့ မိဘပြည်သူ ကြည်ဖြူတဲ့အစိုးရဖြစ်ရပါစေ့မယ်လို့ အာမဘန္တေအကြိမ်ကြိမ်ခံထားတဲ့ အစိုးရ အနေနဲ့ တမင်ခေါင်းလွဲ အချိန်ဆွဲနေတာဟာ ဘာကြောင့်များလဲပေါ့ဗျာ။
အဲဒါပဲဗျာ။ ကျုပ်စဉ်းစားနေတယ်ဆိုတာ။ နေ့ရောညပါ စဉ်းစားလွန်းလို့ ဘစီမှာ ဆံပင်တောင်ဖြူလာပါပေါ့။ နို့ပေတဲ့ အကြောင်းရှာတော့ နေပြည်တော်မှာ တွေ့တာပဲဗျ။ အားလုံးပဲ သိကြတယ်ဟုတ်။ ကျုပ်တို့ရဲ့ ဒီကနေ့ အစိုးရအဖွဲ့ဝင်လူကြီးအများစု ဗိုလ်မှူး၊ ဗိုလ်ချုပ်ဘ၀က မစုတေကြခင် မဝေးလှတဲ့အချိန်ကလေး မှာပဲ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ကို တည်ခဲ့ကြတယ်မဟုတ်လားဗျာ။ တချို့များပြောတာတော့ စစ်ရေး မဟာဗျူဟာ ဘာညာကိစ္စတွေကြောင့် ပြောင်းတယ်ဆိုပဲ။ ဟုတ်မှာပဲ။ ပြီးတော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမယ့် လူထုဆန္ဒပြပွဲတွေကို ရှောင်လွှဲချင်တာ။ အဝေးကနေ ထိန်းချုပ်ကိုင်တွယ်ချင်တာလည်းပါမှာပဲ။
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ အခုလို တစ်တိုင်းပြည်လုံးမှာ ခေါင်းစဉ်ပေါင်းများစွာနဲ့ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲနေကြတဲ့ကာလမှာ နေပြည်တော်မှာတော့ အေးဆေးပဲ မဟုတ်လားဗျ။ အော်ချင်သလောက်အော်၊ ပြချင်သလောက်ပြ နေသာသပ နေပြည်တော်ကဆိုတာလိုပဲ ကျုပ်တို့အစိုးရအဖွဲ့ကတော့ နားအေးပါးအေး နဲ့ အဝေးမှာ သူတို့လုပ်ချင်တာတွေ ဆက်လို့သာ လုပ်မြဲမဟုတ်လားခင်ဗျာ။ အရေးကြီးတာက ပြည်သူ့ကိစ္စ အတွက် နေပြည်တော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ပဲဗျ။
ဒါကြောင့် ထိုင်းနိုင်ငံလယ်သမားတွေ ဘန်ကောက်ကို ချီတက်လာတော့ ကျုပ်သိပ်သဘောကျတယ်လို့ ပြောခဲ့တာပေါ့။ မကျဘဲနေမလား။ အာဏာရဲ့ဗဟိုချက်က ဘန်ကောက်မဟုတ်လားဗျ။ အဲဒီကို ချီတက်ကြ မယ်ဆိုရင် တိုင်းပြည်ကလည်း အာရုံစိုက်ရမယ်။ အစိုးရကလည်း မျက်နှာလွှဲလို့မရတော့ဘူး။ သိပ်ကို မဟာဗျူဟာ ပိုင်နိုင်ကြတဲ့ ထိုင်းလယ်သမားတွေပဲဗျာ။
မြန်မာပြည်မှာ အာဏာတည်ရာဗဟိုချက်က နေပြည်တော်ပဲ မဟုတ်လားဗျ။ အဲဒီနေပြည်တော်ဆီကိုသာ ကျုပ်တို့ မြန်မာလယ်သမားတွေများ ချီတက်သွားရင် ဘာတွေဆက်ဖြစ်မလဲ။
နေပြည်တော်သွား အမြန်လမ်းမကြီးပေါ်မှာ တစ်တိုင်းပြည်လုံးက ချီတက်လာမယ့် လယ်သမား အလုပ် သမား ထုကြီးနဲ့ ဖွေးဖွေးလှုပ်နေမှာပဲ။ အဲ..အဲ..လုံထိန်းနဲ့ စစ်ကားများလည်း မည်းနေမှာပဲခင်ဗျ။ စိတ်ကူး ယဉ် ကြည့်တာပါ။ တစ်မျိုးမမြင်ပါနဲ့။
ထိုင်းလယ်သမားတွေက အာဏာဗဟိုချက်ကို ချီတက်လာတာဟာ ကျုပ်တို့အတွက် တယ်လည်းထူးတယ် မဆိုသာပြန်ဘူးဗျ။ ဘာကြောင့်လဲ။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးတုန်းက အလုပ်သမားတွေ ရန်ကုန်ကို ချီတက်ခဲ့ကြတာပဲဟာ။ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးအာဏာရဲ့ ဗဟိုချက်ဟာ ရန်ကုန်ပဲ မဟုတ်လား။ ဒါကြောင့် ပြည်သူ့ရေးရာလှုပ်ရှားမှုတွေဟာ အာဏာရဲ့ဗဟိုချက်ဆီပဲ ဦးတည်ရမယ်ဆိုတာ ထိုင်းလယ်သမားတွေကတော့ အကောင်းဆုံးသဘောပေါက်သွားကြတယ်ဗျ။ ဒါကြောင့် ဘစီက အားကျတယ်၊ အားရတယ်လို့ပြောခဲ့တာ။
ဟုတ်တယ်လေ။ ကိုယ့်နေရာလေးမှာ အသားကုန်အော်နေ အစိုးရဂရုမစိုက်မိရင်၊ ကိုယ့်အသံသူတို့ မကြားရင်၊ ကိုယ့်အလှုပ်အရှားကို သူတို့မမြင်ရင် ကိုယ့်လှုပ်ရှားမှုဟာ ဘယ်မှာသွားအောင်မြင်ပါ့မလဲဗျ။ ပြီးခဲ့တဲ့တစ်နှစ်လောက်ကလည်း ကမ္ဘာ့သတင်းထဲဖတ်ခဲ့ရတယ်။ ဘာတဲ့ဗျာ။ Occupy Wall Street (ဝေါလမ်းမကို သိမ်းပိုက်ကြ)ဆိုတဲ့ လှုပ်ရှားမှုတွေ အနောက်ကမ္ဘာမှာ ပေါ်ခဲ့သေးမဟုတ်လား။
ဘစီကတော့ အဲသလိုလှုပ်ရှားတာမျိုး သိပ်သဘောကျတာ။ နို့ပေတဲ့ Occupy Naypaydaw “နေပြည်တော်ကို သိမ်းပိုက်ကြ”လို့တော့ မပြောရဲဘူးခင်ဗျ။ ဟိုတစ်လောက ဒီအခြေအနေတွေ ကျုပ်တို့အာဏာပိုင်တွေက မြင်လို့ထင်ပါရဲ့။ အီးယူရဲ့အကူအညီနဲ့ မြန်မာ့ရဲသားကြီးများကို အဓိကရုဏ်း နှိမ်နင်းနည်းတွေ ဘာတွေ ပေးနေတာ တွေ့လိုက်ရတယ်။ ဘစီတို့ ကြောက်ပါတယ်။ အနီးသာကပ်သွားရင် အရိုက်ခံရမှအခက်။
ဆိုတော့ ဘစီတို့က အဝေးကနေ လှမ်းပြီးကလိတာမျိုးပဲ လုပ်တတ်တယ်။ ဒါကြောင့် ကျုပ်တို့အဖြစ်ကို နေပြည်တော်ကသိအောင် ဘယ့်နှာလုပ်ရမယ်ဆိုတာ စဉ်းစားတော့ ဟိုတရုတ်ကြီးတို့ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မော်စီတုံးရဲ့စကားတစ်ခွန်းကို ခေါင်းထဲပေါ်လာတယ်။ ဒါနဲ့ စာအုပ်တွေထဲ ပြန်ရှာဖတ်တော့ သူ့စကားလုံးကလည်း တင်စားပြောတာဆိုပေတဲ့ ရုတ်တရက်ကြည့်ရင် ကြောက်စရာကြီးခင်ဗျ။ ဥက္ကဋ္ဌ မော်က Boombard the Headquarters ဆိုပဲ။ “ဌာနချုပ်ကို ဗုံးခွင်းကြ” တဲ့။ အောင်မလေးဗျာ။ နေပြည်တော် ကို ဗုံးခွင်းကြလို့သာ ပြောလို့ကတော့ ဘစီမှာ ကွိခနဲနေမှာပဲ။ ကြောက်စရာ။
ဒါတွေအားလုံးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တင်စားသုံးနှုန်းတဲ့ စကားလုံးတွေပါ။ ကိုယ်မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) အစိုးရတစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အခါ အဲသလိုတွေ တင်စားပြောဆိုကြတာပဲဖြစ်သဗျ။ ဌာနချုပ်ကို ဗုံးခွင်းကြဆိုတာ မော်စီတုံးက သူ့ပါတီအတွင်း တချို့လုပ်ရပ် တွေကို အားမလိုအားမရဖြစ်တာကို တင်စားပြောခဲ့တာပါ။ ဒါကြောင့် ဘစီက ထိုင်းလယ်သမားတွေ ဘန်ကောက်ဆီချီတက်သွားတာနဲ့ ဆက်စပ်ပြီး စဉ်းစားတဲ့အခါ ကျုပ်တို့မြန်မာလယ်သမားတွေလည်း နေပြည်တော်ဆီ ချီတက်သွားတဲ့အခါ ဘာတွေများဖြစ်မလဲ တွေးကြည့်တာ။ ဆိုလိုတာက နေပြည်တော်က သိအောင်လုပ်ရမယ်ဗျ။
တကယ်တော့လည်း ကျုပ်တို့ဆီမှာ လောလောဆယ်အချိန်ထိ နေပြည်တော်ကို သိမ်းပိုက်စရာမလိုပါဘူး။ ပြီးတော့ ဗုံးနဲ့ခွင်းရအောင်လည်း ကျုပ်တို့မှာ ဗုံးမှမရှိတာ။ ကျုပ်တို့မှာ ပြည်သူ့အတွက် အလုပ်အကျွေး ပြုမယ်ဆိုပြီးသကာလ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်း များက ကျုပ်တို့ရဲ့အခွင့်အရေးကို ဆောင်ကြဉ်းပေးမယ်လုပ်ကာ နေပြည်တော်အရပ်မှာ ရှိနေနှင့်ပြီပဲဟာ။ သူတို့တစ်ခုခုလုပ်မယ်ထင်တာပဲ။ အခုထိတော့ ကျုပ်တို့လယ်သမားတွေကလည်း နေပြည်တော်က အဆုံးအဖြတ်ကိုပဲ မျှော်နေစောင့်နေကြတာပါ။
အဲ..ဗျာ။ သူတို့ထင်သလိုဖြစ်မလာရင်တော့ မြန်မာလယ်သမားတွေက ခေသူတွေမဟုတ်ဘူးခင်ဗျ။ သူတို့ကလည်း ဘစီလိုပဲ ထိုင်းလယ်သမားတွေ ဘန်ကောက်ကိုချီတာ အားကျနေကြတာကလား။ အဝေးက အော်လို့မှ အာဏာပိုင်တွေက မကြားယောင်ပြုနေရင် နေပြည်တော်ဆီ ချီတက်ချင်တက်လာမှာပါ။ ထိုင်း လယ်သမားတွေလိုတော့ ခေတ်မီထွန်စက်တွေ မရှိဘူးပေါ့ဗျာ။ နို့ပေမဲ့ နွားလှည်းနဲ့ နေပြည်တော် သွားရင်တော့ရမှာပဲ။ ဒါလည်း နွားတွေအတွက် သနားစရာ။ သူတို့မှာ စားကျက်မြေကျယ်တောင်မရှိတော့ အစာမှကောင်းကောင်းမစားရရှာတာ။ နေပြည်တော်အထိ သူတို့ကို လှည်းဆွဲခိုင်းဦးဖို့ဆိုရင် မဖြစ်နိုင်ပါဘူး။
အရေးကြီးတာက ကျုပ်တို့လယ်သမားတွေဒုက္ခ နေပြည်တော်က တကယ်သိဖို့ပဲလိုတာ။ နေပြည်တော်က သိအောင်တော့ လုပ်ရမှာပဲ။ မော်စီတုံးကိုတော့ ဗုံးနဲ့ခွင်းမယ် မပြောချင်ပေါင်ဗျာ။ အဲဒီစကားလုံးကြီးက ကြားရတာနားဝမှာ ကြမ်းပါတယ်ဗျာ။ သို့သော်ငြား ဆင့်ပွားပြီးပြောလို့ရတာ တစ်ခုတော့ရှိရဲ့ဗျ။ အဲဒါ ကတော့ ဌာနချုပ်..အဲ .. နေပြည်တော်ကို လောက်လေးခွနဲ့ ပစ်ကြတာပေါ့ဗျာ။ ဟုတ်ဘူးလား။
တကယ်လို့များ လေးခွနဲ့ပစ်ရင် နေပြည်တော်အထိတော့ ကျုပ်တို့လောက်စာလုံးက မရောက်လောက် ပါဘူး။ နို့ပေတဲ့ ကျုပ်တို့ဒုက္ခ ဘယ်လိုရှိတယ်ဆိုတာ သူတို့ကိုအသိပေးတဲ့သဘော တင်စားပြောခဲ့တာ။ ဒီကြားထဲ လောက်စာလုံးတစ်လုံးတလေလောက် လွှတ်တော်ခေါင်မိုးပေါ်ကျသွားတော့လည်း အိပ်ငိုက်နေတဲ့အမတ်မင်းများကို နှိုးပြီးသားဖြစ်တာပေါ့ဗျာ။ ၀န်ကြီးတွေလည်း အလန့်တကြားရှိသွားမှာပေါ့။ ကျုပ်တို့ပြည်သူတွေဒုက္ခ နေပြည်တော်က အရေးတယူမပြုသမျှ ဘယ်တော့မှ သက်သာရာရမယ် မထင်ပေါင်။ ဒါကြောင့်ပြောတာ။ နေပြည်တော်ကို လေးခွနဲ့ပစ်ကြ။
(ယခုဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်။)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။