/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 3, 2014

.

တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့၌တွေ့ဆုံ

တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နေသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တာဝန်ရှိသူများနှင့် အစိုးရ အဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်မြို့ရှိ လွှတ်တော် ရုံးခွဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကော်မရှင်၊ ပြည်ထောင်စု တရားလွှတ် တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ UNDP နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“Rule of Law အတွက် စင်တာတွေဖွင့်ဖို့၊ သင်တန်းပို့ချဖို့ အဲဒါတွေ ဆွေးနွေးခဲ့ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဆန်း က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ခေတ္တ တွေ့ဆုံခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စနှင့် လေးပွင့်ဆိုင် တွေ့ဆုံရေး ကိစ္စများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံသည်၊ မထောက်ခံ သည်ကို ရှင်းရှင်းလင်းလင်း ပြောကြားစေလိုကြောင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့် ပတ်သက် ၍ သဘောထားအမြင်ကို သတင်းထောက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အရေးကြီးသည်မှာ လူထုပါဝင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေးပွဲပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အန်တီမျှော်လင့်ချက်အတွက် တောင်းဆိုတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လိုအပ်တယ်ထင်လို့ တောင်းဆိုတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ဆိုရင်အန်တီတို့က တတ်နိုင်သမျှ ပြည်သူလူထုနဲ့ တွေ့တာပဲ။ အဖွဲ့အစည်းတွေကတော့ ကိုယ့် ဘာသာ လုပ်လို့ရတယ်။ ဒါပေမယ့် အများပြည်သူကတော့ ဒီလိုပြည်သူအတွက် တွေ့ဆုံပွဲတွေ လုပ်ပေးမှ ပါဝင်နိုင်မှာပါ။ အရေးကြီးတာက ပြည်သူလူထုက ပါဝင်ရမယ်။ အဖွဲ့အစည်းတွေနဲ့တင် မပြီးသေးဘူး။ အဖွဲ့ အစည်းတွေက ကိုယ့်အစည်းအဝေး ကိုယ်လုပ်ပြီး ကိုယ့်ဘာသာကိုယ် ကြေညာချက်တွေ ထုတ်လို့ရတယ်။ အဖွဲ့အစည်းတွေအားလုံး ညီတာတော့ ကောင်းတာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီ တစ်ခုနဲ့တစ်ခုက အမြင် လည်း တူတာမဟုတ်ဘူး။ နိုင်ငံရေးမှာက အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခုကလည်း အမြင်ချင်း တူတာမ ဟုတ်ဘူး။ လွှတ်တော်ကော်မတီက တင်လာတာကိုပဲ စောင့်ကြည့်ရမှာပဲ” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉(စ)ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ အား ပြင်ဆင်ရန် အကြံပြုချက် ၃၃၆၉ ချက် ရှိခဲ့ ကြောင်း လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီက ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။