/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 5, 2013

.

မြောင်းမြခရိုင်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးနှင့် လမ်းနယ်နိမိတ်များအတွင်း ကျူးကျော် ဆောက်လုပ်ထားသည်များကို ဖယ်ရှားပေးရန် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက အကြောင်းကြား



မြောင်းမြခရိုင်အတွင်းရှိ ဆောက်လုပ်ရေး ၀န်ကြီး ဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် ပြည်ထောင်စုလမ်းမကြီးဖြစ်သော လပွတ္တာ-မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော်လမ်း နှင့် တိုင်းဒေသကြီး လမ်းများ ဖြစ်သော ပုသိမ်-ကံကုန်း-မြင်းကဆိပ်လမ်း၊ မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်းများ၏ လမ်းနယ်နိမိတ်များ ပေါ်တွင် ကျူးကျော်နေသည်ဟုဆိုသော အဆောက်အအုံ ဈေးဆိုင်များကို ဖယ်ရှားပေးရန် မဖယ်ရှားပါက တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ အကြောင်းကြားစာများ ထုတ်ပြန် လျှက်က်ရှိကြောင်း သတင်းရရှိသည်။


လမ်းနယ်နိမိတ်များကို မြို့ရွာနယ်နိမိတ်အတွင်းတွင် လမ်းမကြီးအလယ်ဗဟိုမှ တစ်ဖက်လျှင် ပေ ၅၀၊ စုစု ပေါင်းလမ်းနယ် အကျယ် ပေတစ်ရာ သတ်မှတ်ထားကြောင်း၊ မြို့ရွာဧရိယာ နယ်နိမိတ်ပြင်ပတွင် လမ်း မ ကြီး အလယ်ဗဟိုမှ တစ်ဖက်လျှင် ၇၅ ပေ၊ စုစုပေါင်းလမ်းနယ် အကျယ် ပေ ၁၅၀ သတ်မှတ်ထားကြောင်း၊ အဆိုပါ လမ်းမများပေါ်တွင် ကျူးကျော်နေသည်ဟုဆိုသော နေအိမ်ဆိုင်ခန်းများကို ဖျက်သိမ်း ဖယ်ရှားပေး ရန်၊ မဖယ်ရှားပေးပါက မြန်မာနိုင်ငံ လမ်းမကြီးများဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဟု လမ်းမကြီး များ တစ်လျှောက်ရှိ ကျေးရွာနေအိမ်များကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အကြောင်းကြားစာများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရွာက မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်း မဖြစ်ခင်ထဲကလို့ ပြောလို့ရတယ်။ ရွာတည်ထားတာ ရွာကလည်း ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်ရွာပါ၊ အခု ငပုတောရေနက်ဆိပ်ကမ်း စီမံကိန်းရှိမှ လမ်း နယ်နိမိတ် ချဲ့မယ်ဆိုပြီး ရွာထဲကအိမ်တွေ ဆိုင်တွေကို လာဖျက်ခိုင်းတယ်။ စာထုတ်ပြီး ဖျက်ခိုင်းတာ နှစ်ခါ ရှိပါပြီ၊ ဖျက်ရတဲ့အတွက် နေရာအစားထိုးနဲ့ နစ်နာကြေးပေးမယ်လို့ ကမ်းလှမ်းတာမျိုး လုံးဝမရှိပါဘူး။ လမ်း နယ်နိမိတ်ဆိုပြီး ဖျက်ခိုင်းတာပါ။ သူတို့နောက်ဆုံးထား ဖယ်ပေးရမယ်လို့ သတ်မှတ်ထားတဲ့ရက်တော့ ကျော်သွားပါပြီ။ အခုထိတော့ အတင်းလာဖျက်တာ မရှိသေးပါဘူး။ ကျွန်တော်တို့ကလည်း ဘိုးဘွားတွေ လက်ထက်ထဲက နေလာတဲ့ နေရာလေးကို မဖယ်ပေးနိုင်ပါဘူး"ဟု မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်း လမ်း နယ်သား ချဲ့ထွင်မှုကြောင့် ဖယ်ရှားပေးရမည့် ရှစ်အိမ်တန်းကျေးရွာမှ နေအိမ်ဖယ်ရှားပေးရမည့် ဒေသခံ တစ်ဦးက ပြောကြားသည်။ "နှစ်ကြိမ်တိုင်တိုင် အကြောင်း ကြားပြီးပါပြီ၊ မဖယ်ရှားပေးရင် မြန်မာနိုင်ငံလမ်း မကြီးများ ဥပဒေအတိုင်း အရေးယူမှာကိုလည်း သတိပေး အကြောင်းကြားထားပါတယ်}}ဟုမြောင်းမြမြို့ နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ AE ဦးမောင်မောင်လွင်က ပြောကြားသည်။

ဓါတ်ပုံ- ပြည်ထောင်စုလမ်းမကြီး စီမံကိန်းကြောင့် ဖျက်သိမ်းပေးရမည့် လမ်းနယ်နိမိတ် တစ်နေရာကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။