/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 5, 2013

.

မတ်လအတွင်းက မီးလောင်ပျက်စီးသွားသော မိတ္ထီလာမြို့ ချမ်းအေးသာယာနယ်မြေ နေအိမ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဒီဇင်ဘာလအတွင်း စတင်မည်



မတ် ၂၃ ရက်က မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းများ ဒီဇင်ဘာလ တွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။


"မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က မီးဘေးသင့် ပြည်သူတွေကော၊ နေအိမ်အဆောက်အအုံ မရှိတဲ့ ကျူး ကျော်နေထိုင်သူတွေကိုလည်း နေအိမ်အဆောက်အအုံ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ချမ်းအေးသာယာကို ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ စီစဉ်ဆောင်ရွက်တဲ့ နေရာမှာ အဆင့် နှစ်ဆင့်နဲ့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်က မီးလောင်ခံရပြီးတော့ နေအိမ်ပိုင်ဆိုင် မှူ အရှုပ်အရှင်းမရှိဘဲ မြေပိုင်ဆိုင်မှု ခိုင်ခိုင်မာမာရှိ တဲ့လူတွေကို မြေကွက်အနေနဲ့ အသစ်ပြန်လည် နေရာ ချထားပေးပါမယ်။ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုမရှိတဲ့ လူတွေနဲ့ ကျူးကျော် နေထိုင်ခဲ့သူတွေကိုတော့ နှစ်ထပ် အဆင့်မြင့် တိုက်ခန်းတွေအဖြစ် ပြန်လည် နေရာချထားပေးပါမယ်။

ဒုတိယအဆင့်အနေနဲ့ အမွေရထားတဲ့ သူတွေ အရပ်ကတိ စာချုပ်တွေနဲ့ မြေ၀ယ်ယူရောင်းချထားသူတွေ ပြန်လည်နေရာ ချထားဖို့အတွက်ကို ပိုင်ဆိုင်မှု စိစစ်ပြီးမှ ပြန်လည်နေရာချထားရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ချမ်းအေး သာယာနယ်မြေမှာ အရင်ကမရှိခဲ့တဲ့ လမ်း၊ ဈေး၊ ရေမြောင်း တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတွေ ထည့်သွင်းဆောက်လုပ်သွားမှာ ဖြစ်တဲ့အတွက် ပေ ၄၀xပေ ၃၀ မြေကွက်တွေကို အသစ်ပြန်လည်ချထားပေးမှာ ဖြစ်ပါတယ်။ ဒီမြေကွက်တွေပေါ်မှာ လုံးချင်းအိမ်ရာ တွေ၊ တိုက်ခန်းတွေ ဆောက်လုပ်ပြီးမှ မြေကွက် ကို ပြန်လည်နေရာချထားပေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ချမ်းအေးသာယာ ပြန်လည်နေရာချထားရေး အတွက် ဆောက်လုပ်ရေးလုပ်ငန်း တွေကို လက်ရှိဒီဇင်ဘာလ ထဲမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် စီစဉ် ဆောင်ရွက် လျှက်ရှိပါတယ်။ အလားတူပဲ သီရိမင်္ဂလာရပ်ကွက်ကိုလည်း ပိုင်ဆိုင်မှုတွေ စစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုး ဦးတင်မောင်စိုး က ဆိုသည်။

"ကျွန်မတို့ အနေအထားကတော့ ကိုယ့်အိုးကိုယ့်အိမ် ပြန်ရရင်ကို ၀မ်းသာနေရမှာပဲ။ အရင်က ပေ ၄၀x၅၀ အကွက်တွေမှာ မွေးမြူရေး လုပ်ကြတာဆိုတော့ မြေကွက်ကျယ်ကျယ်လေး လိုချင်တယ်။ ကယ်ဆယ်ရေး စခန်းမှာနေတာ ရှစ်လရှိပြီဆိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အပြင်ထွက်ချင်ပြီ။ အခုလို ဒီဇင်ဘာမှာ ပြန် ဆောက်ပေးမယ် ကြားရတာဝမ်းသာတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်သွားဖို့ မျှော်လင့်တယ်။ ပိုင်ဆိုင်မှုမရှိတဲ့ ကျူးကျော်တွေကိုကော ပြန်လည်နေရာချထားရေးမှာ ထည့်သွင်း စဉ်းစား ပေးလို့ ကျေးဇူးတင်တယ်" ဟု ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။